RCSS ဖမ်းဆီးသွားသည်ဆိုသော နမ္မတူမြို့နယ်အတွင်းက ဒေသခံရွာသား ၅ ဦး တစ်လကြာလာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးဟု ဆို

0
180

‌၁၂ မေ ၂၀၂၁

ရှမ်းပြည်နယ်၊ မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းက ရွာသား ၅ ဦးကို RCSS/SSA ဖမ်းဆီးသွားသည်မှာ တစ်လ ကျော်လာပြီဖြစ်သော်လည်း မိသားစုနှင့် အဆက်သွယ်မရသေးသလို ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး သည့်အတွက် စိုးရိမ်နေကြသည်ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်းရှိ မန်ဆာကျေးရွာနှင့် ရေအိုးကျေးရွာမှ ရွာသား ၅ ဦးကို RCSS/SSA တပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်စိတ်ပူနေကြရသည်ဟု မိသားစုဝင်များက ပြောသည်။

မိသားစုဝင်တစ်ဦး က “ကျနော်တို့ ရွာသား ၅ ဦးကို ဘာကြောင့်ဖမ်းဆီးထားတာလဲ၊ ဘယ်မှာ ထိန်းသိမ်းထား တာလဲ။ သေလား ရှင်လားဆိုတာလည်း အကြောင်းပြန်တာ မရှိဘူး။ သူတို့နဲ့သွားတွေ့တယ် ဖမ်းထားလား ဆို လည်း မဖမ်းထားဘူး ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလို လွှဲချတဲ့ဟာမျိုးတွေရှိတယ်။ ဒါပေမယ် တကယ်လာဖမ်းတဲ့ အချိန်မှာက RCSS ရဲ့ ဝတ်စုံနဲ့ ရှမ်းဘာသာစကားနဲ့ ပြောပြီးလာဖမ်းသွားတဲ့ဟာမျိုးတွေ ရှိခဲ့တယ်။ အခုက သေ လားရှင်လား မသိသေးဘူး။ စိုးရိမ်နေရတယ်။ ရွာလည်း ပြန်လို့ မရသေးဘူး။ ကျနော်တို့လည်း စစ်ရှောင်နေရ တုန်းပဲလေနော်” ဟု ပြောသည်။

နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာမှ ရွာသားနှစ်ဦးကို မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီးနောက်၊ ရေအိုးကျေးရွာ က ရွာသား သားအဖသုံးယောက်ကိုလည်း ဧပြီလ ၆ ရက်နေ့က RCSS/SSA ဝတ်စုံများဝတ်ထားသည့် ရှမ်းဘာ သာစကားပြော လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု အဆိုပါ ဖမ်းဆီးခံရမှုနှင့် ပတ် သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် တအာင်းလူငယ်တစ်ဦး က ပြောသည်။

“ပထမဖမ်းတဲ့နေရဆိုရင် ၂၈ ရက် ၃ လ ၂၀၂၁ ပေါ့၊ အဲ့ဒါက မန်ဆာရွာသားနှစ်ယောက်ပေါ့၊ အဲ့ဒါ စပြီးဖမ်းသွား တယ်။ နောက်တစ်သုတ်က သုံးယောက်ပေါ့၊ သားအဖသုံးယောက်ပေါ့၊ ရေအိုးကျေးရွာက ၆ ရက်၊ ၄ လ၊ ၂၀၂၁ မှာ ဖမ်းသွားတယ်။ အခုချိန်ထိ ပြန်မလာသေးဘူး။ RCSS ဘက်ကိုသွားပြီးမှ သတင်းပေးတယ် သွားပြီးတော့ မေး ကြည့်လည်း သူတို့က မဖမ်းထားဘူးလို့ပြောတယ်။ ဒါပေမယ့် တကယ်လာဖမ်းတဲ့အချိန်မှာ သူတို့ ဝတ်စုံနဲ့ သူတို့ ယူနီဖောင်းနဲ့ လာဖမ်းတယ်။ သူတို့ရဲ့ ရှမ်းဘာသာစကားနဲ့ လာဖမ်းတယ် ကျနော်တို့လည်း အဲ့လိုမျိုးတွေ ကြားနေရတဲ့အချိန်ကျတော့ သူတို့မှာက တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ မြင်တယ်။”

အသက် ၃၀ အရွယ် ဦးချစ်မောင်လေးနှင့် အသက် ၅၀ အရွယ် ဦးအိုက်ညွှန့် မန်ဆာရွာသားနှစ်ဦးတို့မှာ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အသက် ၅၀ အရွယ် ဦးကြာယုံနှင့် ၎င်း၏သားများ ဖြစ်ကြသည့် အသက် ၁၉ နှစ်အရွယ် မိုင်းနေဦး၊ အသက် ၁၇ နှစ်အရွယ် မိုင်းနေစွာတို့မှာ ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။

RCSS/SSA က ဖမ်းဆီးသွားခဲ့သည်မှာ တစ်လကျော်လာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မိသားစုဝင်များနှင့် လုံးဝအဆက် အသွယ်မရသေးဘူးဟု မိသားစုဝင်များက ပြောသည်။

နမ္မတူမြို့နယ်ထဲက မန်ဆာနှင့် ရေအိုးကျေးရွာများအပါအဝင် ပန်လုံ၊ မန်ကျန်းနှင့် အနီးနားကျေးရွာများက ဒေသ ခံနှစ်ထောင်ကျော်သည့် ၎င်းတို့ဒေသအတွင်း ဖြစ်ပွားနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအန်း TNLA၊ ရှမ်း SSPP ပူးပေါင်းတပ်တို့အကြားက တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့် ခွာပြီး စစ်ဘေးလွှတ်ရာ သီပေါမြို့နှင့် နမ္မတူမြို့များ သို့ စစ်ဘေးရှောင်နေကြရသည်မှာ တစ်လကျော်ရှိသွားပြီ ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here