မံစီမြို့နယ်အတွင်း KIA နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲပြင်းထန်နေ

0
179

ပုံ- မံစီမြို့၊ ဘုရားကျောင်းဝင်းတစ်နေရာ

၁၄ မေ ၂၀၂၁

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ ၃ နယ်မြေ၊ မံစီမြို့နယ်အတွင်း KIA နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

မေလ ၁၄ရက်နေ့ ယနေ့နံနက် ၈နာရီဝန်းကျင်မှစကာ မဒန်ယန်ကျေးရွာအနီးတွင် စစ်‌ ကောင်စီတပ်မှ လေယာဉ်နဲ့လာရောက်ပစ်ခတ်‌ကာတိုက်ပွဲပြင်းထန် နေ ကြောင်း ဒေသခံများကပြောသည်။

“မနက်ကနေ လာပစ်နေတာ လက်နက်ကြီးနဲ့ လေးကြိမ်လောက်ရှိပြီ၊ကျမတို့တောင် ခုရက်ပိုင်း အိမ်မှာတောင်မနေရဲတော့ဘူး။”ဆိုပြီး ဒေသခံများက ပြောသည်။

ယခုရက်ပိုင်း စစ်ကောင်စီတပ်များသည် မံစီမြို့နယ်တွင်း စစ်အင်အား အများအပြား ထပ်ဖြည့်ထားကြောင်းလည်း သိရှိရသည်။

“စစ်တပ်ဘက်ကတော့ အင်အားထပ်ဖြည့်တာ‌လားတော့ မသိဘူး ခုမံစီမြို့တွင်းက ဘုရားကျောင်းမှာလည်း လာနားနေကြတယ်။”ဆိုပြီး ဒေသခံများကပြောသည်။

မေလ ၁၁ ရက်နေ့မှစ၍ မံစီမြို့နယ် KIA တပ်ရင်း ၁၅ နယ်မြေ ကဒေါ့ နှင့် မန်ဒါတောင် စသောနေရာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မေလ ၁၃ရက်နေ့ ည ၇နာရီခွဲအချိန်တွင်လည်းအာဏာသိမ်းစစ်တပ်ဘက်က လေယာဉ်ဖြင့် ၂ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကဒေါ့၊ မန်ဒါ ဒီတစ်လျှောက်မှာတိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကတော့ စခန်းတစ်ခုကိုတော့ သိမ်းလိုက်ပြီလို့တော့ ကြားတယ်။ ကောင်းကောင်းအတည်မပြုရသေးဘူး။ ဒီမနက် ၇နာရီလောက်ကနေပြန်ပစ်ကြတယ်။ အခု ၈နာရီအထိလက်နက်ကြီးသံတွေကြားနေရ သေးတယ်။ မနေ့ညကတော့ စစ်သားတွေက လေယာဉ်နဲ့ ၂ခါလာတိုက်တယ်။ ဒီမနက်တော့ လေယာဉ်သံမကြားရသေးဘူး”ဟု ပြောဆိုသည်။

ကဒေါ့ မန်ဒါတွင်တည်ရှိသည့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းရရှိကြောင်း ဒေသခံတစ်ချို့ပြောဆိုနေသော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောသည်။

“စခန်းသိမ်းတယ်ဆိုတာက သတင်းမရသေးဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတာက သေချာတယ်။ ဒီကနေ့ ဆို ၅ရက် ရှိပြီ။ ကျနော်တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဟုတ်တယ်” ဟု ပြောဆိုသည်။

KIO ဗဟိုဌာနချုပ်အနီး အလော့ဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ထောင်ဂဏန်းက အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလောဘက်သို့ စစ်အင်အား တိုးချဲ့လာစဉ် မေလ ၁၁ ရက်နေ့က စတင်ပြီး မံစီမြို့နယ် KIA တပ်မဟာ ၃ ဒေသသို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here