KNU ဒူပလာယာခရိုင် ဥက္ကဌ သဘောထားထုတ်ပြန်ချက်များ ခရိုင်တစ်ခုလုံး၏ သဘောထား မဟုတ်ကြောင်း ခရိုင်တာဝန်ရှိသူတစ်ဦး ရှင်းလင်း

0
278

KNU ဒူပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း

၁၄‌ မေ ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ စောမူတူးစေဖိုး၏ သဘောထား ထုတ်ပြန်ချက်ကို ထောက်ခံသည့် ခရိုင် ဥက္ကဌ ပဒိုစောရွှေမောင် ၏ အမြင်သဘောထား ထုတ်ပြန်ချက် ၂စောင် ယနေ့ ရက်စွဲဖြင့် KNU ဒူးပလာယာ ခရိုင်အမည်ဖြင့် ထုတ်ပြန်ကြေညာထားသည်ကို လူမှုကွန်ယက်တွင် တွေ့ရသည်။

အမြင်သဘောထားထုတ်ပြန်ချက် (၁) နှင့် (၂) ဟူ၍ အချက် (၉)ချက်ဖြင့် မေလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် KNU ဥက္ကဌ၏ သဘောထားအပေါ် ထောက်ခံထားပြီး တွေ့ဆုံညှိနှိုင်း ဖြေရှင်းရန်ကိုပါ မေတ္တာရပ်ခံထားကာ ၎င်းအမြင်သဘောထားမှာ ခရိုင် ဥက္ကဌတစ်ဦးတည်း၏ အမြင်သဘောထားသာဖြစ်ကြောင်း အမည်မ ဖော်လိုသူ ခရိုင်တာဝန် ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “အဲ့စာကို ကျနော်တို့ လိုင်းပေါ်မှာပဲ တွေ့တာ၊ လူကိုယ်တိုင်နဲ့ မတွေ့ရသေးဘူး။ သူကိုယ်တိုင်(ခရိုင်ဥက္ကဌ) ရှင်းပြ​ပေးမယ်လို့တော့ ပြောတယ်။ KNU ဥက္ကဌရဲ့ ကိုယ်ပိုင် သဘောထား ထုတ်ပြန်တဲ့ပုံစံအတိုင်းပဲ သူ့ရဲ့ တစ်ဦးတည်း အမြင်ကို ထုတ်ပြန်တဲ့ ပုံစံပါ။ ဒီစာနဲ့ ပတ်သက်ပြီး ဘာမှလည်း ဆွေးနွေးတာမျိုးမရှိဘူး ” ဟု ပြော သည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက် ၂ စောင်၏ ပထမ တစ်စောင်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများနှင့်အတူ နိုင်ငံတကာ ရှေ့မှောက်၌ ကတိပြုထားသည့်အတိုင်း အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ညှိနှိုင်း ဆွေးနွေး အဖြေရှာသည့် နည်းလမ်းသာ နိုင်ငံသားအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ KNU ဥက္ကဌ ၏ရပ်တည်ချက် သဘောထားသည် ကရင်အမျိုးသားထုနှင့် ပြည်ထောင်စုသားအားလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သက်ဆိုင်သူများ တွေ့ဆုံညှိနှိုင်း အဖြေရှာကြရန် မေတ္တာရပ်ခံထားသည်။

နောက်ထပ် ထုတ်ပြန်ချက်တစ်စောင်၌ ဖဆပလ အစိုးရလက်ထက်တွင် မတရားအသင်း ကြေငြာခံခဲ့ရပြီးနောက် ဦးသိန်းစိန် အစိုးရ လက် ထက်တွင် NCA လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကြောင့် မတရားအသင်း ပယ်ဖျက်ခံခဲ့ရကြောင်း နှင့် လက်ရှိ မြန်မာ့ နိုင်ငံရေး၏ အခင်းအကျင်း၌ အသုံးချခံ အဖွဲ့တစ်ရပ်အနေဖြင့် မရပ်တည်သင့်ကြောင်း၊ မိမိရပ်တည်ချက် မိမိလမ်းစဉ်အတိုင်းရပ်တည်ရမည်ဟု ထည့်သွင်းဖော်ပြထားသည်။

ထိုနောက် မူဝါဒ လမ်းစဉ် မှန်ကန်မှုကြောင့် ယနေ့အထိ ရပ်တည်နိုင်ကြောင်း၊ လုပ်ငန်းလမ်းစဉ် အတိုင်း မှန်ကန် စွာ ဆောင်ရွက်ပါက တစ်မျိုးသားလုံး၏ ရည်မှန်းချက်ကို ပြည့်ဝစေမှာဖြစ်ပြီး လွဲမှားပါက အခွင့် အလမ်း ဂုဏ်သိက္ခာ ကွယ်ပျောက်ကာ မတရားအသင်း ထပ်မံ သတ်မှတ်ခံရနိုင်ကြောင်းလည်း ဆက်လက်ဖော်ပြထား သည်။

ယခုထုတ်ပြန်လိုက်သည့် စာသည် ယခင် မေလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည့် KNU ဥက္ကဌ စောမူတူးစေဖိုး၏ သဘောထားထုတ်ပြန်ချက် ပုံစံအတိုင်း KNU ၏ ထုတ်ပြန်ချက် ထုတ်ပြန်သည့် လုပ်ထုံး လုပ်နည်းအတိုင်း ထုတ်ပြန်ထားခြင်းမရှိဘဲ ခရိုင်တာဝန်ရှိသူများ၏ သဘောထားကို ရယူထားခြင်း မရှိကြောင်းလည်း သိရသည်။

အလားတူ လတ်တလော နိုင်ငံရေး ပြဿနာကို NCA မူဘောင်အတိုင်း လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန် KNU ဥက္ကဌမှ မေလ ၁၀ ရက်နေ့က ၎င်း၏ သဘောထားကို ထုတ်ပြန်လိုက်သည့်အပေါ် ကရင်အသိုင်းအဝိုင်း နှင့် နိုင်ငံရေးလောကတွင် ဝေဖန်မှုများရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ နှင့် တွေ့ဆုံ ညှိနှိုင်းမှု များပြုလုပ်သွားမည်ကိုလည်း စိုးရိမ်မှုများထွက်ပေါ်လာခဲ့သည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here