“စစ်အာဏာရှင်ကို ကျနော်တို့မှ မဟုတ်ဘူး၊ ကမ္ဘာတစ်ဝှမ်းလုံးကလည်း လက်မခံတဲ့အတွက် ဒီအာဏာရှင်ကို လူထုကရော တခြားလက်နက်ကိုင်အဖွဲ့တွေ အားလုံးစုပေါင်းပြီး အမြစ်ပြတ်ခြေမှုန်းဖို့လိုတယ်” ဗိုလ်ချုပ်ကျော်သက် (DKBA ခွဲထွက်အဖွဲ့)

0
248

DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်ချုပ်ကျော်သက်နှင့် အမေးအဖြေ

၂ ဇွန် ၂၀၂၁

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တို့ ပူးပေါင်းအဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ခွဲထွက်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိလာခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေ၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ အခြေအနေတွေကို DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်ချုပ်ကျော်သက်အား ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – လတ်တလောစစ်ကောင်စီ နဲ့ သူတို့ကြား တိုက်ပွဲဖြစ်ပွားရတဲ့ အကြောင်းအရင်းက ဘာလဲ။ ဒီတိုက်ပွဲမှာ DKBA ဘက်ကနေ တခြား ဘယ်သူတွေ ပါသေးလဲ။

ဖြေ – မနက် ၁၂ နာရီ ၄၇ မိနစ်ကတည်းက စပြီး တောက်လျှောက်ပစ်နေကြတာ။ စစ်ကောင်စီကို သတ်မှတ်နေရာကို မလာဖို့ ကျနော်တို့ ပြောတယ်။ မလာနဲ့လို့ ပြောတာကို လာတဲ့အတွက် ပစ်ရတာပဲ။ အခုက ကျနော်တို့က One command နဲ့ ကျန်တဲ့ တခြားလက်နက်ကိုင်တွေနဲ့ပါပေါင်းပြီး ပစ်နေကြတာဖြစ်တယ်။ G z လေးတွေလည်း ပါ တယ်။

မေး – တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတွေရဲ့ စစ်ပြေးရှောင်နေရတဲ့ အခြေအနေလေး ပြောပြပေးပါ။

ဖြေ – အရပ်သားတွေတော့ တိမ်းရှောင်ခိုင်းရတာပေါ့။ မရှောင်ခိုင်းဘူးဆိုရင် သူပစ် ကိုယ်ပစ်က ပြည်သူကို ထိခိုက်နိုင် တယ်လေး။ အခုအချိန်ထိတော့ ဘယ်လောက် တိမ်းရှောင်နေရပြီးလဲဆိုတာ အရေအတွက် အတိအကျ မသိ နိုင်သေးဘူး။ အခုက ထိုင်းဘက်ခြမ်းကို ပြေးနေရတာပေါ့။

မေး – ရှေ့ဆက် ဒီတိုက်ပွဲတွေက အခြေအနေ ဘယ်လိုရှိလာနိုင်သလဲ။

ဖြေ – အခုက စစ်ကောင်စီတစ်ဖွဲ့တည်း မကဘူး၊ BGF လည်းပါတယ်။ အခုက မလာနဲ့လို ပြောတာကို လာတဲ့အတွက် ပစ်ကြတာပဲ။ မလာရင်တော့ ပစ်စရာအကြောင်းကို မရှိတာ။ နောက်ပြီး ဟိုတစ်နေ့က ဖမ်းလိုက်တဲ့ ရဲတွေကိုလည်း ဒီနေ့ ပြန်လွှတ်ခိုင်းလိုက်ပြီး။ ရဲတွေကိုတော့ သွားရှုပ်တာမျိုး မလုပ်ဘူး။

နောက်ပြီး ကိုယ့်ကရင်အမျိုးသားအချင်းချင်းမှာလဲ ပြန်လည် စည်းရုံးပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှု ရှိရှိ လက်တွဲ လုပ်ဆောင်ကြမယ်ဆိုရင် ဒီ အာဏာလုယူထားတဲ့ စစ်ကောင်စီတပ်တွေ အနေနဲ့ မလွဲမသွေ ကျဆုံးမှာပဲ။ စစ်ကောင်စီအနေနဲ့ ဆက်ပြီး အာဏာ ရယူထားအုံးမယ် နယ်မြေတိုးချဲ့နေအုံးမယ်ဆိုရင် တိုက်ပွဲက ဒီထက်မက ပိုပြင်းထန်လာဖို့ပဲ ရှိမယ်။

မေး – လတ်တလော စစ်ကောင်စီရဲ့လုပ်ရပ်တွေ အပေါ်ဘယ်လိုရှုမြင်လဲ။

ဖြေ – အများပြည်သူတွေ စစ်ကောင်စီကို လက်မခံသလို ကျနော်တို့အနေနဲ့လည်း စစ်ကောင်စီကို လက်မခံဘူး။ အဲ့လို ပြည်သူတွေနဲ့ ရပ်တည်တဲ့အတွက် အခုလို တိုက်ပွဲဖြစ်ရတာပါပဲ။ နောက်ပြီး စစ်အာဏာရှင်ကို ကျနော်တို့မှ မဟုတ်ဘူး၊ ကမ္ဘာတစ်ဝှမ်းလုံးကလည်း လက်မခံတဲ့အတွက် ဒီအာဏာရှင်ကို လူထုကရော တခြား လက်နက်ကိုင်အဖွဲ့တွေ အားလုံးစုပေါင်းပြီး အမြစ်ပြတ်ခြေမှုန်းဖို့လိုတယ်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here