29 March 2024 /

See today's Peace Related News

“စစ်ကတော့ လွိုင်ကော်ဖက်ကို ကူးလာမှာပဲ၊ ဒီမော့ဆိုမြို့မှာဖြစ်ပျက်နေတဲ့ဟာက လွိုင်ကော်ကလူ တွေ မဆိုင်သလိုနေလို့မရဘူး၊ မသိသလိုနေလို့ မရဘူး။ ဒီမော့ဆိုကိုထိရင် လွိုင်ကော်ကို ထိတာနဲ့ အတူ တူပဲ ညီအစ်ကိုမောင်နှမစိတ်ဓာတ်တွေထားပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကူညီဖို့လိုတယ်” KNDF

ကရင်နီအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်(KNDF)နှင့် ဆက်သွယ်မေးမြန်းချက်

၇ ဇွန် ၂၀၂၁

ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ တွန်းလှန်တိုက်ခိုက်နေတဲ့ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)အားလုံးကို ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် (KNDF) အမည်နဲ့ တစ်စုတစ်စည်းတည်း ပြန်လည်စုစည်းပြီး မေလ ၃၁ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ နန်းမယ်ခုံ၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်အားလုံးကို စုပေါင်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူကတော့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

MPM ။ ။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ။

KNDF ။ ။ ကရင်နီပြည်နယ်မှာပြန့်ကြဲနေတဲ့ လူငယ်အင်အားစုအကုန်လုံးစုပြီး တစ်ဖွဲ့တည်းဖြစ်အောင်လုပ်လိုက်တယ်။ အဓိကကတော့ စစ်ကောင်စီကို ပြန်ပြီးတိုက်ထုတ်တဲ့နေရာမှာ ကျနော်တို့ ကွဲပြားပြီး တိုက်ကြမယ်ဆိုရင် နိုင်ခြေနည်းလိမ့်မယ်။ ဆိုတော့ အဲ့လိုမျိုး တစ်ကွဲတစ်ပြားစီတိုက်မယ့်အစား ကျနော်တို့စုစုစည်းစည်း တွန်းလှန်ပြီးတိုက်ထုတ်နိုင်ဖို့အတွက် အဲ့ဒီရည်ရွယ်ချက်နဲ့ဖွဲ့စည်းတာဖြစ်တယ်။

MPM ။ ။ KNDF ရဲ့ ဦးတည်ချက်က ဘာလဲ။

KNDF ။ ။ ကျတော်တို့ရဲ့ဦးတည်ချက်ကတော့ ပြည်နယ်ထဲမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံးရှိနေဖို့ရယ် အလုပ်အတူတကွ ဒီထက်ပိုပြီးမှ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်နိုင်ဖို့ပေါ့လေ။ သွေးခွဲတာတွေမလိုလားဘူး။ ဆိုတော့ ကျတော်တို့အတတ်နိုင်ဆုံး တစ်ညီတစ်ညွတ်တည်းနဲ့ စည်းလုံးစွာနဲ့ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဒါက ကျတော်တို့ ဦးတည်ချက်ဖြစ်တယ်။ အထူးသဖြင့် ကေအဲန်ပီပီရဲ့ရပ်တည်ချက်နဲ့ အနီးစပ်ဆုံး ပိုဖြစ်လိမ့်မယ်ပေါ့။

MPM ။ ။ KNDF က တစ်ပြည်နယ်လုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို ကိုယ်စားပြုနိုင်လား။

KNDF ။ ။ ဒီချိန်မှာတော့ ကိုယ်စားပြုမှုက အကုန်လုံးရှိနိုင်လား အကုန်လုံး လွှမ်းခြုံလားဆိုရင်တော့ တချို့နေရာမှာတော့ ကျန်နေပါသေးတယ်။ ဥပမာ- အနည်းဆုံးတော့ ရာခိုင်းနှုန်းအရကြည့်မယ်ဆိုရင် KNDF က ဒီပြည်နယ်မှာတော့ ၇၀ သို့မဟုတ် ၈၀လောက်တော့ရှိနေပြီပေါ့လေ။

MPM ။ ။ အားလုံးကို ကိုယ်စားမပြုဘူးဆိုတော့ ကျန်သေးတဲ့ အဖွဲ့တွေရှိသေးတာလား။

ဖြေ။ ။ အကုန်လုံးကတော့ စစ်ကောင်စီကို ပြန်ပြီးတိုက်ထုတ်ဖို့အတွက် ဆန့်ကျင်ဖို့အတွက်ပဲလေ ရည်ရွယ်ချက်ကတော့ တူတယ်။ သို့သော် ခုနပြောသလိုမျိုး သူ့ရဲ့ သွားလာပုံသဏ္ဍာန်တွေ သူရဲ့ ဖွဲ့စည်းပုံတွေက ကွာလိမ့်မယ်ပေါ့လေ။

MPM ။ ။ တိုက်ပွဲမှာ KNDF အတွက် အဓိက အခက်အခဲက ဘာလဲ။

KNDF ။ ။ အခက်အခဲဆုံးကတော့ လက်နက်ခဲယမ်းပေါ့လေ။ လက်နက်ခဲယမ်း လုံလောက်မှုမရှိတာတော့ အဓိက အကြီးဆုံး ပြဿနာဖြစ်နေတယ်။

MPM ။ ။ မေလ ၂၁ရက်နေ့ကစပြီး လက်ရှိအချိန်ထိ ဒီမော့ဆိုမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

KNDF ။ ။ ကျနော်တို့ဖက်ကတော့ အလေးပိုစီးနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့လေ။ အထူးသဖြင့် ပြောက်ကျားစစ်ဆင်ရေးတွေ ခုနပြောသလိုမျိုး KNDF ဖွဲ့စည်းနိုင်လိုက်တဲ့အတွက်ကြောင့်မို့ ဒီကြားထဲမှာ ပူးပေါင်းပြီးချိတ်ဆက်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ ပိုပြီးတော့ အားကောင်းလာတယ်။ သတင်းအချက်အလက်စီးဆင်းမှုတွေက ပိုပြီးတော့မှ တိကျမှန်ကန်တယ်ပေါ့။ အဲဒီအကျိုးရလဒ်ကြောင့်ပဲ ကျတော်တို့ ရန်သူကို အသာစီးပြီး တိုက်နိုင်တယ်လို့ပဲ မြင်ပါတယ်။

MPM ။ ။ မေလ ၃၁ရက်နေ့ ဒီမော့ဆိုတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဖက်က နိုင်ငံတကာဥပဒေအရ ပြည်တွင်းစစ်ပွဲမှာ သုံးခွင့်မရှိတဲ့ ရဟတ်ယာဉ်သုံးပြီးပစ်ခတ်တာတွေ ဗုံးကြဲတာတွေ ပြုလုပ်တဲ့အပေါ်မှာ ဘာမှတ်ချက်ပြုချင်လဲ။

KNDF ။ ။ ဒါကတော့ နိုင်ငံတကာဥပဒေမှာလည်း ပြည်တွင်းစစ်ဖြစ်ပွားတဲ့အချိန်မှာ လေယာဉ်နဲ့သုံးခွင့်မရှိဘူးဆိုတာတော့ နိုင်ငံတကာမှာလည်း ပြဌာန်းထားသော်လည်းပဲ ဗမာစစ်တပ် ဒီစစ်ကောင်စီကတော့ သူတို့တော့ ဒီအရာကို ကျူးလွန်နေဆဲပေါ့လေ။ အဲဒီအပေါ်မှာလည်း နိုင်ငံတကာမှာတာဝန်ရှိတဲ့ နိုင်ငံအသီးသီးကတော့ ဒီအပေါ်မှာ ရှံ့ချဖို့လိုတယ်။ အထူးသဖြင့် အရေးယူဖို့က ပိုပြီးလုပ်ဆောင်ဖို့လိုအပ်တယ်ပေါ့။ ဒါပေမယ့် ဒီနေ့ဒီချိန်ထိတော့ စစ်ကောင်စီကကျူးလွန်နေဆဲ ကျူးလွန်နေပေမယ့်လည်း နိုင်ငံတကာက တာဝန်ရှိတဲ့ နိုင်ငံတွေတော့ ယနေ့အထိ တရားစွဲဆိုတာတို့ တားမြစ်ပိတ်ပင်တာတို့ လက်တွေ့မှာတော့ အကောင်အထည်ဖော်ဆောင်မှု တစ်ခုမှမရှိသေးဘူးပေါ့။ အမှန်က သူတို့လေယာဉ်နဲ့သုံးတယ်ဆိုတာ သူတို့ရဲ့အရှိတရားကို ဖော်ပြတာလို့ပဲမြင်တယ်။

MPM ။ ။ တိုက်ပွဲမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး ရဟတ်ယာဉ်သုံးတဲ့ စစ်ကောင်စီကို တစ်စုံတစ်ရာအရေးယူဖို့အတွက် နိုင်ငံတကာဖြစ်ဖြစ် သက်ဆိုင်ရာတာဝန်ရှိသူဖြစ်ဖြစ် ကရင်နီပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

KNDF ။ ။ အဲဒီအပေါ်မှာတော့ ကျတော်တို့မြင်တာ တစ်ခုပဲရှိတယ်။ ကျတော်တို့ကရင်နီအရေးက ကျတော်တို့ကရင်နီပဲလုပ်ဆောင်ရမယ်ဆိုတဲ့ဟာပေါ့လေ။နိုင်ငံတကာကကို မျှော်လင့်တဲ့ကိစ္စရပ်တွေ၊ နိုင်ငံတကာကို အားကိုးလိုတဲ့ကိစ္စတွေတော့ အဲဒါတော့ မရှိသေးဘူးပေါ့လေ။ ပြီးတော့ မျှော်လည်း မမျှော်လင့်ဘူး။ ကရင်နီအရေးကို ကရင်နီပြည်သူပဲ လုပ်ဆောင်ရမယ်ဆိုတဲ့ဟာ အဲလိုပဲမြင်တယ်။

MPM ။ ။ CRPH သော်လည်းကောင်း၊ NUG သော်လည်းကောင်း ဘယ်လိုချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိလဲ။ ဘာတွေ မျှော်လင့်ထားလဲ။

KNDF ။ ။ CRPH ထက် ကျတော်တို့မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီနဲ့ပေါ့ အဲဒါနဲ့ ကျနော်တို့ ချိတ်ဆက်မှုတွေ ရှိတယ်။ CRPH နဲ့ NUGက တကယ်လက်တွေ့မှာ အလုပ်လုပ်နိုင်ဖို့ လမ်းတော်တော်ဝေးတယ်လို့ မြင်တယ်။ သူတို့နဲ့ချိတ်ဆက်မှုကတော့ တစ်စုံတစ်ရာရှိခဲ့တယ်ဆိုပေမယ့်လည်း အလားအလာကတော့ သိပ်ကောင်းမွန်တဲ့ အနေအထားမှာတော့ ရှိမနေဘူးပေါ့။ အကယ်၍ သူတို့ဖက်က ဘတ်ဂျက်တွေ လက်နက်တွေ အလုံအလောက်ရှိခဲ့မယ် သူတို့ဖက်က လိုလိုလားလားနဲ့ ပံ့ပိုးမယ်ဆိုလို့ရှိရင်တော့ ကျတော်တို့လက်ခံဖို့ သူတို့ဆီက အကူအညီယူဖို့တော့ မျှော်လင့်တယ်။ သို့သော် ခုနပြောသလိုမျိုး သူတို့ဖက်ကလည်း ဘာမှရှိမနေဘူးဆိုရင် သူတို့ဆီမှာ ကျတော်တို့မျှော်လင့်ဖို့ တစ်စုံတစ်ရာ ဘာမှ မရှိဘူးပေါ့လေ။ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်ပြောပေမယ့်လည်း NUG က ယနေ့ထိ မြင်ရသလောက်ဆိုရင် စနစ်တကျဖွဲ့စည်းပြီးတော့ တကယ့်နည်းလမ်းကျကျ လက်တွေ့မြေပြင်မှာ အလုပ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်မနေသေးဘူးလို့ အဲလိုပဲမြင်တယ်။ အဲဒီအတွက်ကြောင့်မလို့ သူတို့ဆီကနေ ကျတော်တို့ သိပ်မမျှော်လင့်ပါဘူး။

MPM ။ ။ အဲ့ဒီအပေါ်မှာကော တစ်စုံတစ်ရာ အားရကျေနပ်မှုရှိလား။ ဘယ်လိုဖြစ်စေချင်လဲ။

KNDF ။ ။ အားရကျေနပ်မှုရှိလားလို့မေးရင်တော့ မရှိဘူးလို့ပဲ ဖြေရမှာပဲ။ ဘာကြောင့်မရှိလဲဆိုရင် လက်ရှိ သူတို့လုပ်နေတဲ့ လက်တွေ့အလုပ်ကိုပဲ ကြည့်နေတယ်ဆိုလို့ရှိရင်တော့ သိသာပါတယ်။ ရှေ့လျှောက်မှာတော့ ဘယ်လိုမျိုး မျှော်လင့်လဲဆိုရင်တော့ ခုနပြောသလိုမျိုးပဲ အထူးသဖြင့် မျှော်လင့်တာတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ခုနပြောသလိုမျိုး လမ်းတွေဖွင့်ထားမယ် ပြီးတော့မှ ကျတော်တို့နဲ့ လက်ရှိမြေပြင်အနေအထားကို အနီးစပ်ဆုံးသူတို့သိနိုင်တယ်။ လက်တွေ့သိပြီးတော့မှပဲ သူတို့နဲ့ချိတ်ဆက်ပြီးတော့ အလုပ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ကျတော်တို့ရဲ့ မြေပြင်အနေအထားကို သူတို့ ကောင်းကောင်းမွန်မွန်မသိနိုင်သေးသရွေ့တော့ ကျတော်တို့တော့ သူတို့နဲ့ တူတူအလုပ်လုပ်ဖို့ဆိုတာ သိပ်ပြီးတော့မှ ခဲယဉ်းနေတဲ့အနေအထားမှာပဲ ရှိနေသေးတယ်ပေါ့။

MPM ။ ။ ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်နေတာလည်း ၂ပတ်ကျော်ပြီပေါ့နော ဒီပြည်နယ်ကို စစ်ကောင်စီက ဖိနေတဲ့အချိန် အခြားတိုင်းနဲ့ပြည်နယ်က ဘယ်လိုတွေလုပ်ဆောင်သင့်လဲ။

KNDF ။ ။ ကျတော်တို့ကယားမှာ အသေဖြစ်နေတဲ့အချိန်မှာ ကျန်တဲ့တိုင်းဒေသတွေမှာ ထကြဖို့ အကောင်းဆုံးအချိန်ပေါ့လေ ဆိုတော့ သူတို့တွေက ထကြွပြီး လုပ်ဆောင်မှုတွေဘာတွေ တစ်ခုမှ လုပ်မနေဘူးပေါ့။ အမှန် သူတို့ တစ်ညီတစ်ညွတ်ထဲ တိုင်းနဲ့ပြည်နယ် ၁၄ ခုက ဒီလိုပုံစံပဲ ကယားမှာ ဖြစ်ပျက်နေတဲ့ ပုံစံပဲ တိုက်မယ်ဆိုလို့ရှိရင်တော့ အောင်ပွဲတော့နှစ်နဲ့ချီပြီးကြာလိမ့်မှာမဟုတ်ဘူး လနဲ့ချီရင်တောင်မှ နိုင်ရင်နိုင်လိမ့်မယ်။ အကယ်၍ အဲ့လိုပုံစံနဲ့မလုပ်ဘဲနဲ့ ကယားမှာဖိနေတဲ့အချိန် ကျန်တဲ့ဒေသတွေက အေးဆေးပဲနေကြမယ်။ ဥပမာ- ကချင်ကိုဖိနေတဲ့အချိန် ကျန်တဲ့ဒေသတွေလည်း ဒီအတိုင်းပဲနေကြမယ်ဆိုရင်တော့ ဒီစစ်ကောင်စီကို ကျတော်တို့ဘယ်လိုမှ တိုက်ယူနိုင်လိမ့်မှာမဟုတ်ဘူးပေါ့။ အဓိကအချက်ကတော့ ကျတော်တို့ စည်းစည်းလုံးလုံးနဲ့ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း လုပ်နိုင်ရင်တော့ အကောင်းဆုံးလို့ မျှော်လင့်တယ်ပေါ့။

MPM ။ ။ အခြား ဘာတွေဖြည့်စွက်ပြောဆိုချင်တာ ရှိသေးလဲ။

KNDF ။ ။ အဓိကကတော့ ပထမအချက်က မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ရယူဖို့လိုတယ် ပေါ့လေ။ ဆိုတော့ သတင်းအမှားတွေ သတင်းအတုတွေကို မှားပြီးမယုံမှားဖို့ အရမ်းအရေးကြီးတယ်။ နောက်တစ်ခုက အချိတ်အဆက်တွေက ကောင်းကောင်းမွန်မွန် ဒီထက်ပိုလုပ်သင့်တယ်ပေါ့လေ တစ်ရွာနဲ့တစ်ရွာပေါ့။ ဒီလိုမျိုး ကုန်စည်စီးဆင်းမှုတွေ ပြတ်လတ်နေတဲ့အချိန် တချို့ရွာတွေက ဆန်စပါးရှိတယ် တချို့ရွာတွေက ဆန်စပါးမရှိဘဲနဲ့ ပိုက်ဆံရှိတယ်ဆိုရင် အဲလိုမျိုး တစ်ရွာနဲ့တစ်ရွာ ကူညီကြဖို့ ဖေးမကြဖို့ တအားနဲ့အရေးကြီးတယ်။ ဒီအချိန်မှာ စည်းစည်းလုံးလုံးနဲ့ သွားနိုင်ဖို့အရေးကြီးတယ်။ နောက်တစ်ချက်က လွိုင်ကော်တို့လိုမျိုးဆိုရင် ယနေ့အချိန်ထိတော့ ကုန်ပစ္စည်းတွေအလွယ်တကူဝယ်ယူနိုင်သေးတယ်ပေါ့ ဆိုတော့ သူတို့အနေနဲ့ခါကျတော့ ပစ္စည်းတွေဘာတွေ အလွယ်တကူဝယ်ယူနိုင်သေးတယ်ပေါ့။ သူတို့အနေနဲ့ ကုန်ပစ္စည်းတွေကို စုနိုင်သလောက် ကုန်ကြမ်းတွေပေါ့။ စားသောက်ကုန်တွေဘာတွေ စုနိုင်သလောက် ထပ်မံ စုဖို့လိုတယ်။ နောက်တစ်ချက်ကတော့ ဒီထက်ပိုပြီးတော့မှ ပြင်ဆင်မှုတွေ ထပ်မံလုပ်ရမယ်လို့ မျှော်လင့်တယ်။ ဆန်တွေ ဘာတွေ ကြာရှည်ခံပြီးထားနိုင်အောင် သေချာလေးလုပ်ရမယ်။ စစ်ကတော့ လွိုင်ကော်ဖက်ကို ကူးလာမှာပဲ ဒီမော့ဆိုမှာပြီးရင် ဒီမော့ဆိုမြို့မှာဖြစ်ပျက်နေတဲ့ဟာက လွိုင်ကော်ကသူတွေ မဆိုင်သလိုနေလို့မရဘူး၊ မသိသလိုနေလို့ မရဘူး။ ဒီမော့ဆိုကိုထိရင် လွိုင်ကော်ကို ထိတာနဲ့တူတူပဲ ညီအစ်ကိုမောင်နှမစိတ်ဓာတ်တွေထားပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကူညီဖို့လိုတယ်။

MPM ။ ။ ကျေးဇူးတင်ပါတယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။