“ပထဝီအနေအထားက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေကို ဖြတ်သန်းလာပြီးမှ မြို့ပေါ်ဝင်တိုက်လို့ရ မယ့် အနေအထားပါ၊ တိုက်ပွဲတွေဖြစ်ပြီးလို့ ဆုတ်ခွာဖို့လမ်းကြောင်းမှာလည်း မွန်ပြည်သစ်ပါတီ ထောက်ခံမှုမရရင် လက်မခံရင် လုံးဝမဖြစ်နိုင်တဲ့အနေအထားပါ” ‌ဒေါက်တာပညာမွန်(ENAC) တိုင်းရင်းသားလူမျိုးရေးရာစင်တာ(ENAC) အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်နှင့် အမေးအဖြေ

0
279

၈ ဇွန် ၂၀၂၁

ဒေါက်တာပညာမွန်သည် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ် ဖြင့် PhD ပါရဂူဘွဲ့ရရှိခဲ့ပြီး လက်ရှိတွင် တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ ENAC အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ မွန်တိုင်းရင်းသား ပညာရှင်တစ်ဦးဖြစ်သည်။

မေး – တစ်နိုင်ငံလုံးအနေအထားကို လွှမ်းခြုံပြီးကြည့်လိုက်မယ်ဆိုရင် ဘယ်ဒေသတွေမှာ စစ်ပွဲတွေ ဖြစ်လာနိုင်မယ့်အလားအလာ ရှိပါသလဲ၊ သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ – စစ်အာဏာသိမ်းတဲ့ကာလကစပြီးတော့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ကြီးမားကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့တယ်၊ ဆန္ဒပြသမားတွေအပေါ် စစ်အာဏာပိုင်တွေဘက်က ပြင်းပြင်းထန်ထန် ဖိနှိပ်သတ်ဖြတ်တွေရှိလာတော့ တော်တော်များများက နယ်စပ်ဘက်ကို ထွက်ပြေးရောက်ရှိသွားတယ်၊ လူငယ်တော်တော်များက ကရင်၊ ကချင်နဲ့ ကရင်နီဒေသကိုရောက်သွားကြတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲမဲအနိုင်ရ NLD အဖွဲ့ဝင်တွေ တိုင်းရင်းသားနယ်မြေ နယ်စပ်ဒေသဘက်ကို တိမ်းရှောင်ရောက်ရှိလာကြပြီးတော့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဖွဲ့ထားပြီးပြီ၊ NUG အောက်မှာ စစ်ရေးအတွက် PDF ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းခဲ့တယ်၊ ဒါကိုကြည့်လိုက်ရင် တစ်နိုင်ငံလုံးအနေအထားမှာ စစ်ပွဲတွေပိုများလာဖို့ အလားအလာတွေပါ။ ဘာဖြစ်လို့လည်းဆိုတော့ PDF တွေကို မြို့တိုင်းလိုလို မြို့နယ်တိုင်းလိုလိုမှာ ဖွဲ့စည်းထားပြီးတယ်၊ ကျနော်တို့ မွန်ပြည်နယ်မှာလည်း PDF ရှိတယ်၊ ထုတ်ပြန်ချက်တွေ သတင်းတွေကို ဖတ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။

ဒီအချက်တွေကြောင့်လည်း မြို့ပြတွေပေါ်မှာ စစ်ပွဲတွေဖြစ်လာနိုင်မယ့်အလားအလားရှိလာနိုင်ပါတယ်၊ ခုဆိုရင် ကယားပြည်နယ်ဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်နေတယ်၊ နောက်ပြီးတော့ ပြည်မဘက်မှာဆိုရင် စစ်ကိုင်းဒေသဘက်တွေပေါ့၊ ကျနော်သိရသလောက် ဗမာဒေသမှာ အရင်ကမဖြစ်ခဲ့ဘူးတဲ့ စစ်ပွဲတွေ အရင်ဦးဆုံးစဖြစ်တဲ့နေရာတွေက အခုမကွေးတို့ စစ်ကိုင်းတို့ဘက်မှာပေါ့။

မေး – မွန်ပြည်နယ်ဘက်မှာရော စစ်ပွဲတွေဖြစ်လာနိုင်ဖို့ အလားအလာ ဘယ်လိုသုံးသပ်မိပါသလဲ။

မေး – ကျနော်တို့ မွန်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်မလာတာ အခြေအနေကောင်းနေတာတစ်ခုလို့ ဆိုရမလား၊ မွန်ပြည်သစ်ပါတီဟာ ပစ်ခတ်တိုက်ခိုက်ရေးကိစ္စရပ်တွေမှာ ကရင်တို့ ကချင်တို့တပ်ဖွဲ့တွေလို ပါဝင်နေ တာမဟုတ်တဲ့အတွက် ကျနော်တို့မွန်ဒေသကိုယ်စားပြု PDF တွေက မွန်ပြည်သစ်ပါတီဧရိယာထဲမှာ မရှိပါဘူး၊ မွန်ပြည်သစ်ကလည်း လက်မခံပါဘူး၊ သူတို့နယ်မြေထဲမှာ သူတို့မသိရှိဘဲနဲ့ စစ်ရေးလှုပ်ရှားခွင့် ဘာမှလုပ်လို့ မရပါဘူး၊ အဲဒါကြောင့် မွန်ဧရိယာထဲမှာ PDF မရှိဘူး၊ ဒီလိုမရှိသော်ငြား ဘာတွေဆက်ဖြစ်ပေါ်နိုင်မလဲဆိုရင် ကျနော်တို့ မွန်ပြည်နယ်ထဲက Gen Zee လို့ခေါ်တဲ့ လူငယ်တွေမှာ စစ်ပညာသင်ယူလိုတဲ့လူငယ်တွေအနေနဲ့ ကရင်လက်နက်ကိုင်တွေဆီ အဆက်အသွယ်ယူရတယ်၊ ကရင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိလာတယ်၊ စစ်ပညာသင်ပြီးရင် မြို့ပေါ်တွေဆီပြန်သွားကြ၊ ဒီလိုနဲ့ သူတို့ထုတ်ပြန်ကြေညာချက်တွေ သတင်းတွေမှာ တွေ့နေရပါတယ်။

ဒါပေမယ့် ကယားပြည်နယ်မှာလို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတဲ့အထိ ဖြစ်မလာနိုင်သေးဘူး၊ မော်လမြိုင်ကနေ တောင်ဘက်ပိုင်း ရေးအထိ မော်လမြိုင်ခရိုင်တစ်ခုလုံးက မြို့ပေါ်တွေမှာတော့ တိုက်ပွဲကြီးတွေ ကယားပြည်နယ်မှာလို စစ်ကိုင်းဘက်မှာလို ဖြစ်လာဖို့မလွယ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်၊ ဘာဖြစ်လို့ စစ်ပွဲတွေဖြစ်လာဖို့ ခက်ခဲနေရသလဲဆိုရင် ပထဝီအနေအထားက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေကို ဖြတ်သန်းလာပြီးမှ မြို့ပေါ်ဝင်တိုက်လို့ရမယ့်အနေအထားပါ၊ တိုက်ပွဲတွေဖြစ်ပြီးလို့ ဆုတ်ခွာဖို့လမ်းကြောင်းမှာ လည်း မွန်ပြည်သစ်ပါတီထောက်ခံမှုမရရင် လက်မခံရင် လုံးဝမဖြစ်နိုင်တဲ့အနေအထားပါ။

ကယားဘက် ကချင်ဘက် စစ်ကိုင်းဘက်မှာ တိုက်ပွဲဖြစ်နေတာက တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခု ကျောထောက်နောက်ခံပေးထားနိုင်လို့ပါ။ သူတို့နယ်မြေထဲဖြတ်သန်းသွားလာခွင့်ရရှိထားမှ ဖြစ်နိုင်မှာပါ။ အဲဒါကြောင့် မွန်ပြည်နယ်တောင်ပိုင်း(မော်လမြိုင်ခရိုင်တစ်ခုလုံး)မှာ တိုက်ပွဲကြီးတွေဖြစ်လာဖို့ဆိုတာ သိပ်ကို မလွယ်တဲ့အနေအထားဖြစ်ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်မြောက်ပိုင်း သထုံခရိုင်ဘက်မှာဆိုရင်တော့ တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်၊ သထုံ၊ ဘီးလင်းတို့ ကျိုက်ထိုတို့ ဘက်မှာဆိုရင် သိပ်ကိုဖြစ်လာနိုင်တဲ့အနေအထားပါ၊ အခုဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထဲမှာဆိုရင် NLD ထောက်ခံတဲ့လူငယ်အများစုပါဝင်နေတယ်၊ NLD မဟုတ်တာလည်း ပါဝင်တယ်။ ဒါပေမယ့် နည်းပါတယ်။ အမာခံတွေက NLD အဖွဲ့ဝင်တွေပါ၊ မွန်ပြည်နယ်အနေအထားနဲ့ တွက်ကြည့်ရင်လည်း မြောက်ပိုင်းဒေသမှာက NLD ထောက်ခံသူတွေများတယ်၊ ဒါကြောင့် PDF အင်အားလည်း များနိုင်ပါတယ်၊ နောက်တစ်ချက်က စစ်ရေးလှုပ်ရှားမှုတွေမှာ ကရင်တပ်ဖွဲ့တွေ ပါဝင်လှုပ်ရှားပြီး ထောက်ပံ့မှုတွေ ပေးနေတယ်၊ ဒါကြောင့် သထုံဘက်က PDF တွေ အင်အားကြီးလာပြီး ကရင်လက်နက်ကိုင်အဖွဲ့ ထောက်ပံ့မှုနဲ့ မြို့ပေါ်တွေမှာ စစ်ဆင်ရေးလုပ်လာနိုင်တဲ့အလားအလာ ရှိလာနိုင်တယ်၊ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် မွန်ပြည်နယ်တောင်ပိုင်းဘက်မှာတော့ ခြိမ်းခြောက်မှုတွေ ဥပမာ ဗုံးထောင်တာ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တာမျိုး ရှိတော့ရှိနိုင်တယ်။ မြို့ပေါ်မှာ တိုက်ပွဲဆင်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here