29 March 2024 /

See today's Peace Related News

“အခုကာလက ကျနော်တို့ကရင်အတွက် အချိန်အခါကောင်းပဲ။ စစ်ကောင်စီကို ယုံဖို့ မလိုသလို စစ်ကောင်စီပြောတာကို နားထောင်စရာလည်း မလိုဘူး။ NCA နဲ့ ဆက်အလုပ်လုပ်တာက အချိန် ဖြုန်းတာပဲ” ဗိုလ်မှူးချုပ်စောနယ်ဒါးမြ(စစ်ဦးစီးချုပ်၊ KNDO)

KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် အမေးအဖြေ

၈ ဇွန် ၂၀၂၁

ခွဲထွက်(DKBA)အပါအဝင် အခြားသော လက်နက်ကိုင်များနှင့် ပူးပေါင်း၍ ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော်(KNDO)ပါဝင်၍ ကရင်ပြည်နယ် ၊မြဝတီမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် ၎င်းတို့ တပ်ဖွဲ့အကြား တိုက်ပွဲအခြေအနေအပေါ် KNDO ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဆက်သွယ်မေးမြန်ထားပါတယ်။

မေး- ဖလူးဘက်မှာဖြစ်ပေါ်ခဲ့တဲ့ စစ်ကောင်စီ တပ်နှင့် ခွဲထွက်(DKBA)အပြင် KNDO ပါ ပါဝင်တဲ့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေလေးကို ရှင်းပြပေးပါအုံး။

ဖြေ – ကျနော်တို့ လှုပ်ရှားမှုက အရင် စစ်ဦးစီးချုပ်ကနေ ထုတ်ပြန်ထားတဲ့ စာတစ်ခုရှိတယ်။ ၂၀၂၀ အကုန်မှာ ကျနော်တို့ နယ်မြေမှာတပ်စွဲထားတဲ့ စစ်တပ်တွေအကုန်လုံး ပြန်ဆုတ်ပေးဖို့ ထုတ်ပြန်ထား တာ ရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့က တာဝန်ရှိတဲ့အတွက် ကျနော်တို့ KNDO ကော ဗိုလ်ချုပ်ကျော်သက်ကော စုပေါင်းပြီးတော့ ဒီအချိန်ကာလက ကိုယ့်နယ်မြေမှာရှိတဲ့ ရန်သူတွေအားလုံးကို စတင် ရှင်းလင်းဖို့ အချိန်ကောင်းပဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ပေါင်းပြီးတော့ စလုပ်လိုက်တာပဲ။ ဗိုလ်ချုပ်ကျော်သက်ကတော့ ဖလူးဘက်မှာ လုပ်တာပေါ့။ ကျနော်တို့ကြတော့ ဝေါလေဘက်မှာ လုပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အဲ့မှာ ရဲစခန်းကော လမ်းလုပ်တဲ့ ကားနေရာတွေကော အကုန်ရှင်းလိုက်တယ်။ ဘာဖြစ်လဲဆိုတော့ ဒီလမ်းဖောက် လုပ်ထားတာကလည်း ရန်သူကနေ သူတို့ အင်အားကို သယ်ယူပို့ဆောင်ဖို့ပဲ ဖြစ်တယ်။ အဲ့အတွက် ကျနော်တို့ KNDO တပ်စခန်း တစ်ခုကို သူတို့ ပြန်တက်ပြီး တိုက်တယ်။ အခုက ပစ်ခတ်မှု ဖြစ်နေတုန်းပဲ။ မနေ့က ၁၂၀ မမ လက်နက်ကြီးကို ၂ နာရီ ၃ နာရီကြာလောက်အောင် ပစ်တယ်။ ဒါပေမဲ့ ကျနော်တို့ လူတွေ ထိခိုက်တာမျိုးတော့ မရှိဘူး။

မေး- ဇွန်လ ၁ရက်နေ့ကစပြီး ဖြစ်တဲ့ ကိစ္စမှာ နှစ်ဖက် ထိခိုက် ကျဆုံးမှု အခြေအနေလေးကော ပြောပြပေးပါ့ လား။

ဖြေ – နှစ်ဖက် ထိခိုက်မှုကတော့ ဟိုဘက်ကလည်း ထိခိုက်ကျဆုံးတာရှိတယ်။ ကျနော်တို့ဘက်ကတော့ ကြီးကြီး မားမား ထိခိုက်တာမျိုးတော့ မရှိဘူး။ ဒါကိုတော့ တိတိကျကျ မပြောချင်တော့ဘူး။

မေး- ဆက်လက်ပြီး တိုက်ပွဲအနေအထားတွေက ဘယ်လိုရှိလာနိုင်သလဲ။

ဖြေ – လတ်တလော ကာလအရ ပိုပြီးတော့ တိုက်ပွဲတွေက ပြင်းထန်လာဖို့ရှိတယ်။ အဲ့ဒါကြောင့် အမျိုးသားရေးအတွက် လက်နက်ကိုင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အားလုံး ဒီကာလမှာ ကိုယ့်ကိုကို ကရင်မှန်းတော့ သိဖို့ အချိန်ကျပြီ။ ကိုယ့်အမျိုးသားရေးအလုပ်ကို လုပ်ရမှာဖြစ်သလို ကိုယ့်နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီ တပ်အားလုံးကို မောင်းထုတ်ဖို့ အချိန်ကျပြီဖြစ်တယ်။ ဒီကာလမှာလည်း ပြည်သူလူထုက စစ်ကောင်စီကို မကြိုက်ကြတဲ့အတွက် အတူတကွ သတ္တိရှိရှိ စုစည်းညီညွတ် လုပ်ဆောင်ဖို့ လိုပြီ။ လက်နက်ကိုင်တဲ့ ကရင်အဖွဲ့အစည်းတွေကိုလည်း ပြောချင်တာက စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်တာတွေကို ရပ်တန့်ဖို့ လိုပြီ။ ကိုယ့်နယ်မြေ ကိုယ့်လွတ်လပ်မှုအတွက် လုပ်ဖို့ အချိန်ကြပြီ။

မေး- ဒေသခံ ပြည်သူလူထုတွေရဲ့ ထွက်ပြေး တိမ်းရှောင်နေရတဲ့အခြေအနေအပေါ်မှာကော ဘယ်လို ပြင်ဆင် လုပ်ဆောင်ပေးလဲ။

ဖြေ – တိုက်ပွဲဖြစ်တဲ့ကာလမှာတော့ ပြည်သူတွေအနေနဲ့ တိမ်းရှောင်နေရတာမျိုးရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့က စစ်ကောင်စီ တပ်ကိုပဲ အဓိက ပစ်မှတ်ထားတာဖြစ်တဲ့အတွက် နှစ်ဖက်ထိတွေ့မှုရှိလာတော့ တိမ်းရှောင်ရ တာမျိုးရှိတာပေါ့။ ဒါမျိုးကို နှစ်ပေါင်းများစွာ ကြုံတွေ့ဖူးလာခဲ့ပြီးဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပြင်ဆင်မှု လေးတွေ လုပ်ထားကြတာရှိတာပေါ့။ ဒါမျိုးကတော့ ရှိမှာပဲ။ ဒေသခံ ကျေးရွာအတွက် လုံခြုံရေးက အဲ့လောက် ထိစိုးရိမ်စရာမရှိပါဘူး။ ဒီကနေ့ အချိန်ထိလည်း ထိခိုက်တာမျိုးမကြားရသေးဘူး။

မေး- လက်ရှိ အဲ့မှာဖြစ်နေတဲ့ တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေလေးတွေကို သိပါရစေ။

ဖြေ – မနေ့က ညပိုင်း ကျနော်တို့သွားပစ်တော့ သူတို့က ကြောက်တာလား စိုးရိမ်တာလားမသိဘူး လက်နက်ကြီး ၂နာရီ ၃နာရီလောက်ပစ်တယ်။ နှစ်ကြိမ်လောက်ပစ်တယ်။ ကနယ်လေးဘက်က ကျနော်တို့ တပ်ထိုင်တဲ့ နေရာလောက် မှာပစ်တာ။ အလုံး ၂၀ ၊ ၃၀ လောက်ရှိမယ်။ အခုဒီနေ့က သူတို့ဘက်က တက်လာတယ်ကြားလို့ ကျနော်တို့ ကတော့ အဆင်သင့်စောင့်နေတယ်။ တိုက်ပွဲဖြစ် မဖြစ်တော့ စောင့်ကြည့်ရအုံးမယ်။

မေး- နောက်ဆုံး ဘာဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ – အခုကာလက ကျနော်တို့ ကရင်အတွက် အချိန်အခါကောင်းပဲ။ စစ်ကောင်စီကို ယုံဖို့ မလိုသလို စစ်ကောင်စီပြောတာကို နားထောင်စရာလည်း မလိုဘူး။ NCA နဲ့ဆက်အလုပ်လုပ်တာက အချိန်ဖြုန်းတာပဲ။ NCA က ပျက်တာကြာပြီ။ ဒါကြောင့် ကိုယ့်ရဲ့ မိခင် ကေအဲန်ယူ၏ မူဝါဒ လမ်းစဉ်အတိုင်း မားမားမတ်မတ်ရပ်တည်ပြီး စည်းစည်း လုံးလုံး နဲ့ အတူတကွ လုပ်ဆောင်ဖို့ လိုပြီး။ ကိုယ့်လွတ်မြောက်ရေး ကိုယ့်အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိတယ်။

KIC – ပေးပို့သည်။