ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းအတွင်း စိတ်ကြွဆေးပြား တစ်ထောင်ကျော် ဖမ်းမိ

ဇွန်လ ၁၁ ရက်၊ ၂၀၂၁ခုနှစ်

ထိုင်း-မြန်မာ နယ်စပ်ဖြစ်သော ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ရန် မြို့နယ်အတွင်းရှိ မယ်လ ဒုက္ခသည်စခန်း အတွင်း ဇွန်လ ၁၀ ရက်နေ့က စိတ်ကြွ ဆေးပြား တစ်ထောင်ကျော်ကို ထိုင်းအာဏာပိုင်များမှ ဖမ်းဆီး ရမိခဲ့ ကြောင်း စခန်းတာ ဝန်ရှိသူများထံမှ သိရသည်။

ထိုင်းစစ်တပ်၊ ထိုင်းရဲ နှင့် စခန်းလုံခြုံရေး တာဝန်ရှိသူများကနေ၍ စခန်းတွင်းရှိ လူငယ် ၂ဦးထံမှ ပန်းရောင် စိတ်ကြွဆေးပြား အလုံးပေါင်း (၁၉၉၀)လုံး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စခန်း ဥက္ကဌ စောအောနက်က ပြောသည်။

၎င်းက “ ကလေးတွေက zone B က။ လူငယ် နှစ်ယောက်ဆီကနေ ဖမ်းမိတာ။ ကျနော်ထင်တာ သတင်းရလို့ လာဖမ်းတာပဲဖြစ်မယ်။ သူတို့ အချင်းချင်း ပစ္စည်းလဲပြီး ပြန်အထွက်မှာ သူများက ဖမ်းမိတာပဲ။ သူတို့ အိတ်ကို စစ်ရင် မိတာ။ ဟုကေအိုင်စီသို့ပြောသည်။

လတ်တလော ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် နှင့် ဒုက္ခသည်စခန်းတွင် ဝင်ထွက်သွားလာမှုများကို ထိုင်းအာဏာပိုင်များမှ တင်းကြပ်ကန့်သတ်ထားစဉ် ယခုလို စခန်းအတွင်း ဖမ်းမိခြင်းဖြစ်ပြီး အဆိုပါ ဆေးပြားများသည် တောလမ်းတစ်နေရာဘက်မှ ဝင်လာခြင်း ဖြစ်နိုင် သည်ဟု ယူဆကြောင်း စောအောနက်က ဆက်ပြောသည်။

လတ်တလောကာလတွင်လည်း ထိုင်း အာဏာပိုင်များ၏ ညွန်ကြားမှုနှင့်အညီ စခန်းတွင်း ဝင်ထွက် သွားလာမှု များကို တင်းကြပ်ထားကြောင်းလည်းစခန်းအာဏာပိုင်များက ဆိုသည်။

အလားတူ အဆိုပါ မယ်လ ဒုက္ခသည်စခန်းအတွင်း နှစ်စဉ် ဆိုသလို စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိမှု ရှိခဲ့ဖူးပြီး လက်ရှိ ဖမ်းဆီးရမိမှုသည် အသွားအလာ တင်းကြပ် ကန့်သတ်ထားသည့် ကိုဗစ်ကာလအတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်။

KIC – ပေးသည်။

Share me now!

Myanmar Peace Monitor