ဒီမော့ဆိုမြို့နယ်အတွင်းရှိ အကြီးစားဝက်မွေးမြူရေးစက်ရုံကြီး ပျက်ဆီး၊ ဝက်များလည်း သေဆုံးနေ

၁၁ ဇွန် ၂၀၂၁

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါကလိုးခူကျေးရွာအနီးရှိ နယ်သာလန်အခြေစိုက် De Heus Myanmar Co.,ltd ကုမ္ပဏီရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးစား ဝက်မွေးမြူရေးစီမံကိန်းစက်ရုံဟာ အစာကျွေးကြည့်ရှုသူ မရှိတော့တဲ့အတွက် မွေးမြူထားတဲ့ဝက်တွေ အစာရေစာငတ်ကာ သေဆုံးလျက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညကသွားတာပေါ့။ စက်ရုံတံခါးဝလည်း အကုန်ပွင့်နေတယ် အထဲရောက်တော့လည်း စက်ရုံဝန်ထမ်းတွေက တစ်ယောက်မှ မရှိတော့ဘူး။ ပြီးတော့ အထဲမှာ စက်ရုံလည်း အကုန်ပျက်နေတယ်။ မှန်တံခါးဆိုရင်လည်း အကုန်ကွဲနေတယ်။ ဝက်ခြံဆိုရင်လည်း ဝက်တွေက အပြင်မှာ အကုန်လုံးထွက်ကုန်ပြီ သေတဲ့အကောင်လည်း တစ်ဝက်လောက်က အကုန်လုံးသေနေပြီ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှ ကရင်နီ(ကယား)ပြည်နယ်ကို ရောက်ရှိလာတဲ့ အဆိုပါ ဝက်မျိုးပွားစီမံကိန်းမှာ အရှေ့တောင် အာရှတွင် အကြီးဆုံးစီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံအတွင်းအပြင်ဟာ ပျက်စီးနေသလို မွေးမြူထား တဲ့ ဝက်အကောင်ကြီးနဲ့ ဝက်သားပေါက်အကောင်ရေ တစ်ထောင်ကျော်ရှိပြီး အစာရေစာငတ်ပြတ်တာ ကြာမြှင့် ပြီဖြစ်တဲ့အတွက် ထက်ဝက်ခန့် သေဆုံးလျက်ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၁၉ခုနှစ်က အဆိုပါ အကြီးစားဝက်မွေးမြူရေစီမံကိန်း စတင်လုပ်ဆောင်ကတည်းက စက်ရုံမှ အနံ့ဆိုး ထွက်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“အနံ့တွေက တအားနဲ့ထွက်တယ် အစကတည်းက အနံ့ကထွက်နေပြီလေ ဝက်သေတွေ ထွက်ပေါ်လာခါကျတော့ အနံ့ဆို နံ့ဟောင်နေတာပဲ စက်ရုံနားမရောက်ခင်တောင်မှ အနံ့ကကြိုရနေပြီ”လို့ အဆိုပါဒေသခံက လက်ရှိအခြေအနေကို ဆက်ပြောပါတယ်။

လတ်တလော ဒီမော့ဆိုမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စက်ရုံတာဝန်ရှိသူနဲ့ စက်ရုံဝန်ထမ်းတွေက ထွက်ပြေးတိမ်းရှောင်တာဖြစ်ကြောင်း ဒေသခံတွေက ယူဆကြပါတယ်။

အဆိုပါ စီမံကိန်းဟာ ၂၀၁၈ခုနှစ်အတွင်း ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြီးနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုပေးတဲ့ ပြင်သစ်ဝက်စီမံကိန်းမှာ နှစ် ၅၀ နှစ်ရှည်စီမံကိန်းဖြစ်ပြီး ၁၀နှစ်လျှင် တစ်ကြိမ်၊ (၂)ကြိမ်ထပ်မံပြီး သက်တမ်းတိုးနိုင်တယ်လို့ သိရပါတယ်။

အမေရိကန်ရိကန်ဒေါ်လာသန်းပေါင်း ၃သောင်းကျော်( ၃.၁၈၁၉ဘီလီယံ) ခန့် ကုန်ကျခံ သုံးစွဲထားတဲ့ စီမံကိန်း ကြီးတစ်ရပ်ဖြစ်ပြီး De Heus Myanmar Col.,ltd က နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် ၂၀၁၉ခုနှစ် ဩဂုတ်လမှာ ကယား ပြည်နယ်ကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ရေးသည်။

Share me now!

Myanmar Peace Monitor