ထန်တလန်မြို့နယ် ခွာဟရိန်းတောင်ကြောတွင် အာဏာသိမ်းစစ်တပ်နှင့် ထန်တလန် CDF တိုက်ပွဲဆက်တိုက်ဖြစ်၊ စစ်ဘေးရှောင် ၆၀၀နီးပါးရှိနေ

၁၁ ဇွန် ၂၀၂၁

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ခွာဟရိန်းတောင်ကြောတွင် ဇွန် ၁၀ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ဇွန် ၁၁ရက်နေ့တွင်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကျေးရွာ(၃)ရွာမှ ပြည်သူ ၆၀၀ နီးပါးမှာ တောထဲသို့ထွက်ပြေးနေရကြောင်း သိရသည်။

“မနေ့က တိုက်ပွဲဖြစ်တဲ့ ခွါဟရိန်းတောင်ကြောဘက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော် ထပ်မံ ဖြည့်တင်းတဲ့အတွက်ကြောင့် ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်တယ်၊ အခုချိန်မှာတော့ အသေးစိတ် အချက် အလက်တွေမသိရသေးဘူး၊ မနေ့က တိုက်ပွဲစဖြစ်တဲ့ချိန်ကနေစပြီး အဲဒီအနီးနားက ကျေးရွာသုံးရွာက ပြည်သူတွေအနေနဲ့ ဗုံးသံတွေ သေနတ်သံတွေနဲ့ဆိုတော့ တောထဲကို ထွက်ပြေးကြပြီ၊ အားလုံးက ၄၀၀ ကနေ ၆၀၀ ကြားလောက်ရှိမယ်၊ သေချာစာရင်းမကောက်နိုင်သေးဘူး”ဟု CDF-Thantlang မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခွါဟရိန်းတောင်ကြောရှိ တိုက်ပွဲဖြစ်ပွားသည့် အနီးအနားမှရွာသူရွာသား အားလုံးနီးပါးမှာ တိုက်ပွဲစတင် ဖြစ်ပွားသည့်အချိန်မှစပြီး စစ်ရှောင်နေကြခြင်းဖြစ်ပြီး မိုးများလည်း ဆက်တိုက်ရွာသွန်းနေကာ အစား အသောက်နဲ့ဆေးဝါးများလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထန်တလန်မြို့နယ်သို့ စစ်အင်အားများတိုးချဲ့လာမှုကြောင့် ယမန်နေ့မှ စတင်ကာ CDF-Thantlang နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၇ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

KMG – ပေးပို့သည်။

Share me now!

Myanmar Peace Monitor