29 March 2024 /

See today's Peace Related News

အာဏာသိမ်းစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် လွယ်ကန်ရွာမှ ဒေသခံ ၁၅၀ကျော် စစ်ဘေးရှောင်နေကြရ

၁၇ ဇွန် ၂၀၂၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာအုပ်စုထဲက လွယ်ကန်ရွာမှ ရွာသား ၁၅၀ ကျော် သည် ဇွန်လ ၁၅ရက်နှင့် ၁၆ရက်နေ့များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင် နေကြရသည်။

ကွတ်ခိုင်မြို့နယ်၊ ကုန်းဆာနှင့် လွယ်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့များအကြား ဇွန်လ ၁၆ရက် နံနက် ၈ နာရီအချိန်ခန့်မှ ၁၀ နာရီခွဲအချိန်ထိ ပစ်ခတ်မှုများရှိနေပြီး ကျေးရွာထဲသို့လည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လာသည့်အတွက် စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်လာရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပန်ကူကျေးရွာက အမည်မဖော်လိုသူ ရွာသားတစ်ဦး က “စစ်ပွဲတွေဖြစ်နေလို့။ သူတို့က ကြားခံဖြစ်နေတာပေါ့။ ရွာဟိုဘက်နဲ့ ဒီဘက်ဖြစ်နေတော့ သူတို့က စစ်ဖြစ်နေ တုန်းတော့ ကျင်း(တွင်း)တွေထဲမှာ ပုန်းနေကြတာပေ့ါ။ ဒီနေ့ကျတော့ ကျင်း(တွင်း)ထဲမှာ မအောင့်နိုင်တော့ ဒီနေ့တော့ အကုန်စစ်ရှောင်လာကြတာပါ။ ဒီနေ့တော့ နှစ် ဖက်က တိုက်ပွဲတော့ မဖြစ်တော့ဘူး။ မဖြစ်ပေမယ့် တစ်ဖက်ကပဲ လက်နက်ကြီးတွေနဲ့ လှမ်းချနေလို့၊ အဲ့ဒါကို ထိတ်လန့်လို့ ပန်ကူကို ထွက်ပြေးလာကြတာပါ။ ၁၅၀ ဟုတ်တယ်” ဟု ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က တစ်ရက်လုံး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့အကြား လွယ်ကန် ကျေး ရွာအနီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး၊ ဇွန်လ ၁၆ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ် ကောင်စီတပ်ဘက်က လွယ်ကန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ရွာသား များက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့(ယနေ့) နေ့လည် ၁၁ နာရီခန့်က စတင်ပြီး လွယ်ကန်ကျေးရွာသားများ စစ်ဘေးတိမ်းရှောင် လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ယခုခါ ၎င်းတို့ကို ပန်ကူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် နေရာချထားပေးသည်ဟု သိရသည်။

ပန်ကူကျေးရွာက စစ်ရှောင်များအား ကူညီပေးနေသူ အမျိူးသမီးတစ်ဦးက “အခုလောလောဆယ်က စစ်ရှောင် တွေကို တစ်အိမ်နည်းနည်းနည်းစီ အဲ့လိုမျိုး သွားပို့တယ်။ နောက်ပြီး တအာင်းယဉ်ကျေးမှုအဖွဲ့တွေလည်း လာတယ်။ ဆရာမမိုင်းမိုင်တို့အဖွဲ့လည်းလာတယ်။ ဘုန်းကြီးကျောင်းမှာဟုတ်တယ်” ဟု ပြောသည်။

လတ်တလောတွင် စစ်ရှောင်များအတွက် ပန်ကူကျေးရွာသားများက တစ်အိမ်နည်းနည်းစီဖြင့် စားရေးသောက် ရေးအတွက် ချက်ပြုတ်ပေးနေရပြီး ဒေသအတွင်းက လူငယ်များနှင့် တအာင်း စာပေယဉ်ကျေးမှုအဖွဲ့ က စားနပ် ရိက္ခာအချို့ လာရောက်ပေးလှူခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အခုလောလောဆယ် သူတို့က ကလေးတွေလည်းအများကြီးဆိုတော့၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ စားဝတ်နေရေးနည်းနည်းပါးပါး လိုအပ်တယ်။ အခုထိ ရွာထဲမှာက စစ်သားတွေရှိနေတုန်းပဲ။ သူတို့ပြောတာ ကတော့ မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်နဲ့။ ဖြစ်တာကတော့ မနေ့က တစ်နေကုန်ဖြစ်ပြီး၊ ဒီနေ့တော့ တပ်မ တော်ဘက်က ဟိုဘက်တောင် ဒီဘက်တောင် အဲ့လိုလျှောက်ပစ်နေတာ” ဟု စစ်ရှောင်များအား ကူညီပေးနေသူ အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ စစ်ရှောင် ၁၅၀ ကျော်အတွက် ကွတ်ခိုင်မြို့က လူငယ်များက အခြေခံစားသောက်ကုန်အချို့၊ အဝတ် အထည်များ နှင့် ကလေးငယ်များအတွက် အစာအဟာရများ သွားရောက်လှူဒါန်းခဲ့ကြသည်ဟု ကွတ်ခိုင်လူငယ် တစ်ဦးက ပြောသည်။

လွယ်ကန်ကျေးရွာအနီးတွင် ဇွန်လ ၁၅ ရက်နေ့(ယမန်နေ့) ကလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များဖြစ်ကြသည့် KIA(ကချင်)၊ TNLA(တအန်း)၊ AA(ရခိုင်)နှင့် MNDAA(ကိုးကန့်) တို့အကြား ပစ် ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

NMG – ပေးပို့သည်။