အချင်းချင်းပစ်ခတ်မှုများအား အလုပ်အဖွဲ့ ဖွဲ့စည်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ကရင်လက်နက်ကိုင်အဖွဲ့များ ဆုံးဖြတ်

0
119

ဇွန်လ ၁၇ ရက်၊ ၂၀၂၁ခုနှစ်

ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖြေရှင်းရန် ညီညွတ်ရေး ကော်မတီ၏ အလုပ်အဖွဲ့ကို ဖွဲ့စည်း၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့က ပြုလုပ် ပြီးစီးခဲ့သည့် ကရင် လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးမှုအပြီး ဆုံးဖြတ်ခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ကရင်လက်နက်ကိုင်များညီညွတ်ရေး ကော်မတီမှ ဦးဆောင်၍ ဇွန်လ ၁၅ရက်နေမှ ၁၆ ရက်နေ့အထိ ကရင်အမျိုး သားအစည်းအရုံး-KNU ဖားအံခရိုင်၊ လေးဝါးဌာနချုပ်တွင် ကရင့်လက်နက်ကိုင် ၄ ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင် များ တွေ့ဆုံ၍ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ညီညွတ်ရေး ကော်မတီ၏ အတွင်းရေးမှူး ပဒို စောအောင်မော်အေး က ယခုလိုပြောသည်။

၎င်းက “ကျနော်တို့ အချင်းချင်းကြားမှာ ပိုပြီး နားလည်ယုံကြည်မှုရှိလာအောင် စည်းလုံးညီညွတ်ရေး ကော်မတီရဲ့ အလုပ်အဖွဲ့ကို ဒီအစည်းအဝေးမှာ ဖွဲ့စည်းလိုက်တယ်။ ပြီးရင် ကျနော်တို့ ၃လ တစ်ကြိမ်လား ၆ လတစ် ကြိမ်လား ပုံမှန်တွေ့ကြမယ်။ အဲ့လိုတွေ့ကြခြင်းဖြင့် ကျနော်တို့အကြားက ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေလျှော့နိုင်မယ်။ နားလည်မှု ပိုရကြမယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ကော်မတီ၏ အလုပ်အဖွဲ့ကို ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA-PC နှင့် နယ်ခြားစောင့်တပ်(BGF)မှ ကိုယ်စားလှယ် ၅ဦးမှ ၇ ဦးအထိ ပါဝင်သွားမည်ဖြစ်သလို KNU ဘက်မှလည်း တပ်မဟာအလိုက် ၃ဦးဆီ ပါဝင်သွားမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးပွဲသို့ BGF မှ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ DKBA မှ ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စောစတီးလ်ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့များ၊ KNU/KNLA-PC ဘက်မှ ဗိုလ်မှူးကြီး စောကျော်ညွန့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် KNLA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအပြင် KNU၏ ဥက္ကဌ၊ ဒု ဥက္ကဌအပြင် အတွင်းရေးမှူးများပါ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

၂ ရက်တာ ပြုလုပ်ကျင်းပခဲ့သည့် ၎င်းအစည်းအဝေးပွဲတွင် လတ်တလော ဖြစ်ပေါ်ခဲ့သည့် ကရင်လက်နက်ကိုင် အချင်းချင်းအကြား ပစ်ခတ်မှုအပြင် အထူးသဖြင့် KNU နှင့် BGF အကြားဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု များကို ဆွေးနွေးခဲ့ကြသလို ဝေါ်လေဒေသ သတ်ဖြတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယခု အစည်းအဝေးပွဲနှင့်ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်-KPSN၏ ပြောခွင့်ရ နော်ဝါးခူရှီးက “ဒီညီညွတ်ရေးကော်မတီ အနေနဲ့က စစ်ကောင်စီကနေ နယ်မြေတိုးချဲ့လာမှုတွေ တိုင်းရင်းသား လူထုကို နှိပ် စက်သတ်ဖြတ်နေတာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာတွေကို ပြောဆိုဆွေးနွေးတာမျိုး မကြားရ တော့ သူတို့ရဲ့ ညီညွတ်ရေးက လက်နက်ကိုင်အချင်းချင်းကြားညီညွတ်ရေးအတွက်ပဲလား ရန်သူကို အပြုတ် တိုက်ဖို့လား ဒါက ရှင်းလင်းမနေဘူး။ အဲ့တော့ ကျမတို့ မျှော်လင့်တာက အခု လက်နက်ကိုင်ထား တယ်ဆိုတာက ကိုယ့်ပြည်သူကိုကာကွယ်ဖို့ ကိုယ်နယ်မြေကာကွယ်ဖို့ နဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ အတွက်ဖြစ်စေချင်တာပေါ့” ဟု ကေအိုင်စီ သို့ပြောသည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) ၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီ နှင့် KNLA တပ်ဖွဲ့ဝင်အကြား တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ သလို စစ်ကောင်စီဘက် အင်အားဖြည့်တင်းပေးသည့် BGF တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ BGF တပ်ဖွဲ့ဝင်အများအပြားကျဆုံးမှုဖြစ်ပေါ်ခဲ့သည်။

အလားတူ ယခုဇွန်လဆန်းပိုင်းတွင်လည်း KNU တပ်မဟာ (၆) ထိန်းချုပ် နယ်မြေအတွင်း ခွဲထွက်(DKBA) တပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့် အဖွဲ့နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ၎င်းတိုက်ပွဲ၌ BGFဘက်မှ ကျဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းပစ်ခတ်မှု မဖြစ်ရန်နှင့် မူးယစ်ဆေးဝါးကိစ္စများ တိုက်ဖျက်သွား ရန် ရည်ရွယ်၍ ကရင်လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့မှ အဖွဲ့ဝင်(၁၇)ဦးဖြင့် ကရင်လက်နက်ကိုင်များ ညီညွှတ်ရေး ကော်မတီကို ၂၀၁၃ခုနှစ်၊ မေလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here