NMSP လက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းများအတွင် ကျောင်းသူ/ကျောင်းသားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး စီမံထားကြော်ငး MNEC ပြောဆို

0
485

ပုံအဟောင်း ဖြစ်သည်။

၁၇ ဇွန် ၂၀၂၁

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းများတွင် ကျောင်းသူ/သားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီ MNEC က ဆိုသည်။

MNEC အဖွဲ့ဝင် ဆရာမင်းအောင်ဇေက “ကျနော်တို့ကျောင်းရဲ့ လုံခြုံရေးကိုတော့ ကျနော်တို့ကျောင်းကော်မတီဝင်တွေရယ် ကျောင်းသားမိဘတွေနဲ့ ပူးပေါင်းကူညီပြီးတော့ ကြီးကြပ်နေတယ်၊ ပြီးတော့ ကျနော်တို့စာသင်ကျောင်းတွေဟာ အစိုးရရဲ့လက်အောက်မှာ ရှိနေတာမဟုတ်တော့ သိပ်ပြီးမစိုးရိမ်ရဘူးလို့ ယူဆရတာပေါ့နော်” ဟု ပြောသည်။

ကိုဗစ်- ၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြီးခဲ့သည့်ဇွန်လ ၁၄ ရက်နေ့က မွန်အမျိုးသားပညာရေး စာသင်ကျောင်းများအားလုံး စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယမန်နှစ်ထက် ကျောင်းသားဦးရေ တိုးများလာသည်ဆိုသော်လည်း ယခုနှစ်ကျောင်းသားဦးရေစာရင်းကို လတ်တလောတွင် မပြုစုနိုင်သေးဟု ဆိုသည်။

ဇွန်လ (၁) နေ့ကတည်းက အစိုးရစာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာတွင် သေနတ်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်ခဲ့သည့်အတွက် ကျောင်းသားမိဘများ စိုးရိမ်နေကြရကြောင်း တွေ့ရှိရသည်။

မွန်အမျိုးသားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက “ဘယ်လိုပဲပြောပြော စိုးရိမ်စိတ်က နည်းနည်းတော့ ဖြစ်တာပေါ့နော်၊ စာသင်ကျောင်းတွေမှာ လုံခြုံရေးတွေ စီစဉ်ထားတယ်ဆိုပေမယ့် ခလေးတွေ ကျောင်းသွားတက်နေရတာကို ရင်တထိတ်ထိတ်နဲ့ပါပဲ”ဟု ဆိုသည်။

မွန်အမျိုးသားကျောင်းသည် မွန်၊ ကရင်ပြည်နယ်နှင့် တနသာၤရီတိုင်းဒေသကြီးရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေနှင့် ဆက်စပ်နယ်မြေများအတွင်း သီးသန့်စာသင်ကျောင်းများ (သို့မဟုတ်) အစိုးရကျောင်းများတွင် တွဲဖက်ဖွင့်လှစ်သင်ကြားနေပြီး အထက်တန်းကျောင်း (၃) ကျောင်းအပါအဝင် သီးသန့်စာသင်ကျောင်းပေါင်း (၁၃၄) ကျောင်းတွင် ဆရာ၊ဆရာမ (၈၀၀) ကျော် သင်ကြားလျက်ပေးလျက်ကြောင်း သိရသည်။

အလားတူ အစိုးရစာသင်ကျောင်းများသို့ ကျောင်းသားကျောင်းသူများ ကျောင်းမတက်ကြရန် စစ်ကောင်စီကိုဆန့်ကျင်နေသည့်အင်အားစုတချို့က တိုက်တွန်းထားသလို ဗုံးများဖောက်ခွဲမည်ဆိုသည့် ခြိမ်းခြောက်ပြောဆိုမှုများကို လူမှုဆိုရှယ်မီဒီယာများတွင် တွေ့ရှိနေရသည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here