29 March 2024 /

See today's Peace Related News

“ပြည်သူအပေါ်အပြစ်လုပ်ရင် လုပ်တဲ့အတိုင်း အရေးယူဆောင်ရွက်ရမှာဖြစ်သလို စစ်သားကလည်း အပြစ်လုပ်ရင် တပ်စည်းကမ်းအတိုင်း အရေးယူခံရမှာပဲ။ အခုက ဘယ်လိုအရေးယူမလဲဆိုတဲ့ အဆင့်မဟုတ်သေးဘူး၊ စုံစမ်းစစ်ဆေးတဲ့ အဆင့်ပဲရှိသေးတယ်” ပဒိုစောကွယ်ထူးဝင်း (ဒုဥက္ကဌ၊ KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဌနှင့် ဆက်သွယ်မေးမြန်းချက်

၁၃ ဇူလိုင် ၂၀၂၁

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကာကွယ်ရေးဌာနက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် အခြားတပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်စောဘာဝါးတို့နှစ်ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ဇူလိုင်လ ၈ ရက်နေ့က အသိပေးအကြောင်းကြားစာကိစ္စနှင့်ပတ်သက်၍ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – KNDO ဦးစီးချုပ်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေလေးကို ကနဦး ရှင်းပြပေး ပါအုံး။

ဖြေ – လူ့အခွင့်အရေးအရ လိုက်နာလုပ်ဆောင်ရတာပဲ။ ဒီလိုဖြစ်ပေါ်တဲ့ ကိစ္စရပ်အပေါ်မှာ တာဝန်ရှိသူတွေ အနေနဲ့က အထက်ကို တင်ပြရမယ့် တာဝန်ရှိတာပဲ။ ဒါပေမယ့် ဒီကိစ္စကို လူတွေ ဆိုရှယ်မီဒီယာပေါ်တင်မှ ကျနော်တို့ မြင်တွေ့သိရတာ။ အဲ့ဒီအခါကျမှ အခြေအနေကို ပြန်လိုက်မေးနေရတာ။ ဒီလို လိုက်မမေးခင်က တည်းက သက်ဆိုင်တဲ့သူတွေက မီဒီယာပေါ် ရုပ်ပုံတွေ၊ ရုပ်သံတွေတင်တာမျိုး တွေ့ရတယ်။ ဒါက တင်သင့်တဲ့ အရာတွေ မဟုတ်ဘူး။ အဲ့တော့အဖွဲ့အစည်းမှာ ရှိတဲ့ စည်းမျဉ်းဥပဒေအတိုင်း တာဝန်ရှိသူတွေကအကြောင်း အရာကို စုံစမ်းစစ်ဆေးပြီး တင်ပြရမယ့်တာဝန်ရှိတယ်။ ဒီလို စုံစမ်းစစ်ဆေးဖို့ဆိုတာကလည်း အဖွဲ့အစည်းရဲ့ ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အတိုင်း လုပ်ဆောင်တာပါပဲ။ ဒီတာဝန်ရှိသူတွေက အမြဲတမ်းကော်မတီပဲ ဖြစ်ဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီပဲဖြစ်ဖြစ် သူတို့ကို ကွန်ကရက်ကနေ ရွေးကောက်တင်မြောက်ပြီးတော့ တာဝန်ပေးအပ်ထားသလို အလားတူစစ်ဦးစီးခေါင်းဆောင်တွေ ကာကွယ်ရေးခေါင်းဆောင်တွေဆိုတာကလည်း အမြဲတမ်းကော်မတီနဲ့ ဗဟိုအလုပ်မှုဆောင်ကော်တီတို့ကနေ ရွေးချယ်တာဝန်ပေးထားတာပဲ။

အခု ဖြစ်တဲ့ ကိစ္စတွေ အပေါ် KNDO စစ်ဦးစီးကို ဗဟိုက ဆင့်ခေါ်တယ် လာတွေ့ဖို့။ ဒါပေမယ့် သူကိုယ်တိုင် မလာ ဘူး။ အဲ့လိုမလာတဲ့အတွက် ကျနော်တို့ အဲ့လိုဆုံးဖြတ်တာပဲ။ ရာထူးကျတော့ ယခင်ဗိုလ်မှူးချုပ်ကတော့ ဆက်ရှိမယ်။ ဒါပေမယ့် ဒီစုံစမ်းစစ်ဆေးတဲ့ ကာလမှာတော့ တာဝန်ကို ယာယီဆိုင်းငံ့ထားမယ်။ စုံစမ်းစစ်ဆေးပြီး ထွက်ပေါ်လာတဲ့ ရလဒ်အခြေအနေအပေါ် မူတည်ပြီး တရားစီရင်ပိုင်ခွင့်ရှိတဲ့သူဆီကို တင်မယ်။ အဲ့ဒီအခါကျမှ ဘယ်လို ဆက်လုပ်မလဲဆိုတာ ရှိမယ်။

တချို့လူတွေက စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုတွေနဲ့ နှိုင်းယှဉ်ပြောဆိုကြတာပေါ့။ ဒါကတော့ ဟုတ်တယ်။ ဒါပေမယ့် ဒါက စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေပဲဖြစ်ပြီး ဒါကို ကမ္ဘာက လူတွေသိအောင် ဖော်ထုတ်ပြောဆိုရမှာပဲ။ အဲ့လိုပဲ ကျနော်တို့ အဖွဲ့အစည်းမှာလည်း ကိုယ့်စည်းမျဉ်းဥပဒေနဲ့ ရှိပြီးသား လိုက်နာလုပ်ဆောင်ရမယ့်အရာတွေ စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ဖမ်းမိတဲ့ သုံံ့ပန်းတွေကို ရန်လိုမှုမရှိရင် သေချာလုံခြုံစွာ ဆက်ဆံရမယ်ဆိုတာမျိုးက ရှိတယ်။ အခုဖြစ်တာက တစ်ဖက်နဲ့တစ်ဖက် တင်ပြပြောဆိုမှုတွေအရတော့ အသေ အချာမသိရသေးဘူး။ စုံစမ်းစစ်ဆေးဖို့လို လာတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကွင်းဆင်းစုံစမ်းဖို့ တာဝန်ပေးထားတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်ကြောင့် မဟုတ်ဘူး။ အဖွဲ့အစည်း လုပ်ထုံး လုပ်နည်းအရပဲ လုပ်တာဖြစ်တယ်။

မေး – ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ ဆုံးဖြတ်ချက် အမိန့်စာ နှင့်ပတ်သက်ပြီး ရှင်းပြပေးပါအုံး။

ဖြေ – ပြောခဲ့သလိုပဲ မြန်မာပြည်ဘက်ကလည်း သတင်းတွေ ဖြန့်လာသလို ကိုယ်တွေဘက်ကလည်း ရန်သူရဲ့ တပ်ဖွဲ့ဝင် တွေကို သတ်တာပါဆိုပြီး သတင်းတွေ ပြန် ထုတ်ပြန်တာမျိုးရှိတော့ စစ်မြေပြင် ဖြစ်နေသည့်တိုင် ကိုယ့်မှာက စည်းမျဉ်း ဥပဒေတွေက ရှိနေတဲ့အတွက် ကိုယ်ဖမ်းမိတဲ့ ရန်သူအပေါ်မှာ လိုက်နာရမဲ့ ကျင့်ဝတ်တွေအတိုင်း လုပ်ဆောင်ရမှာပဲ။ အခုကိစ္စမှာ အကုန်လုံးမှာ သတ်ဖြတ်ပိုင်ခွင့် အာဏာရှိရင် ကျနော်တို့ အဖွဲ့အစည်းဆိုတာက အဖွဲ့အစည်းရဲ့ အလုပ်နဲ့ မတူတော့ဘူး။ ကိုယ့်အဖွဲ့အစည်းမှာက လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဖမ်းမိတဲ့ သူတွေ ကို ဘယ်လို စီရင် ဆုံးဖြတ်ရမလဲဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ ဒီကိစ္စဖြစ်တဲ့ နောက်မှာ ကျနော်တို့က ကာကွယ်ရေးဌာနနဲ့ စစ်ဗဟိုဌာနချုပ်ကို တွေ့ဆုံပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်ဖို့ တာဝန်ပေးလိုက်တယ်။ ကျနော် နားလည်သလောက် ကာကွယ်ရေးဌာန မှူးက ဗိုလ်မှူးချုပ် နယ်ဒါး နဲ့ ဗိုလ် စောဘာဝါးကို ဆင့်ခေါ်လိဗဟိုဌာနချုပ်မှာ လာတွေ့ဖို့။ ဒါပေမဲ့ သူတို့ သွားဖို့ လာဖို့ အခက်အခဲရှိတဲ့အတွက် ထိုင်းဖက်ခြမ်းတစ်နေရာ ရာမှာတွေ့ဖို့ စီစဉ်တယ်။ ဒါပေမဲ့ သူတို့ရဲ့တောင်းဆိုမှုအရ လာတွေ့ဖို့ ပြောလာတဲ့အပေါ်မှာ တွေ့မယ့်သူတွေက လက်ခံတယ်။ ဒါပေမဲ့ တွေ့မယ့်အချိန်ရောက်တော့ သူတို့က အကြောင်းအရာတွေ လာတင်ပြတာမျိုး မလုပ်ဘူး။ အဲ့အတွက် တာဝန်ရှိသူတွေက ဗဟိုအလုပ်မှုဆောင် ကော်မတီကို ဒီကိစ္စကို တင်ပြလာတယ်။ KNDO ဦးစီးချုပ် တာဝန်ကို ဗဟိုအလုပ်မှုဆောင်ကော်မတီကပဲ တာဝန်ပေးအပ်ထားတာ ဖြစ်တယ်။ အဲ့ဒါကြောင့် အခုဖြစ်တာက လူတစ်ယောက်တည်း နှစ်ယောက်တည်း မဟုတ်ဘူး။ အသက်ပေါင်းများစွာကို နည်းလမ်းတကျ စီရင်ဆုံးဖြတ်တာမျိုးမဟုတ်တဲ့အတွက် ဒါကို စုံစမ်းစစ်ဆေးနိုင်ဖို့ ဗဟိုအလုပ်မှုဆောင်ကော်မတီက သူ့တာဝန်ကို ယာယီရပ်ဆိုင်းပြီး အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးမယ်။ ဒီစုံစမ်းစစ်ဆေးရေးကိုလည်း မိခင်အဖွဲ့အစည်းကနေ အဖွဲ့အစည်းရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဖွဲ့စည်းလိုက်တာပဲ။

မေး – ဒီလို တာဝန်ကနေ ယာယီ ရပ်ဆိုင်းခံလိုက်ရတဲ့အပေါ်မှာ လက်မခံဘူးဆိုပြီးတော့ ဗိုလ်မှူးချုပ် နယ်ဒါမြ ဘက်ကလည်း တရားဝင်ပြောဆိုတာမျိုးတွေ ရှိလာတယ်။ ဒီအပေါ်မှာ ဗဟိုအနေနဲ့က ဘယ်လို ကိုင်တွယ်သွားဖို့ ရှိလဲ။

ဖြေ – ကိုယ့်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ဦးအနေနဲ့ ကိုယ့်ကိုကို သတ်မှတ်ထားရင် အဖွဲ့အစည်းက ဆုံးဖြတ်လိုက်တဲ့ ကိစ္စရပ်အပေါ် လက်မခံဘူးဆိုရင်တော့ ကိုယ့်အဖွဲ့အစည်းကို ပြန်ဆန့်ကျင်တာနဲ့ အတူတူပဲ။ လက်နက်ကိုင်ပဲဖြစ်ဖြစ် အဖွဲ့အစည်းကပဲဖြစ်ဖြစ် အကုန်လုံးမှာက လုပ်ငန်းလမ်းညွန်ချက်တွေက ရှိပြီးသား။ ဒါကို လက်မခံနိုင်ဘူးဆိုရင် အဓိပ္ပာယ်က အဖွဲ့အစည်းကို ပြန်လည်ဆန့်ကျင်တာ ဗဟိုအလုပ်မှုဆောင် ကော်မတီရဲ့ တာဝန်ပေးချက်အရ ကာကွယ်ရေးဌာနရဲ့ လုပ်ဆောင်မှုအပေါ်ကို ဆန့်ကျင်တာပဲ။

ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အဖွဲ့အစည်းပုံစံအတိုင်းပဲ လုပ်ရမှာပဲ။ တချို့က အကြောင်းအရာကို သေချာမသိ ဘဲ ဒါက ရန်သူကို သတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဆိုကြပေမယ့် ဒါက မမှန်ဘူးလေ။ ကိုယ့်မှာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပဒေရှိနေတဲ့အတွက် ဒီကနေ့ အချိန်ထိ ကိုယ့်တွေကို တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အနေနဲ့ အသိအမှတ်ပြုနေကြတာပဲ။ ဒါကြောင့် ကိုယ်ချမှတ်ထားတဲ့အတိုင်း ကိုယ်သွားရမှာပဲ။ လူတစ်ယောက်တည်းမို့လို့ နှစ်ယောက်တည်းမို့လို့ အမြင်ကပ်လို့ လုပ်တာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းရှိတဲ့အတိုင်း လုပ်တာပဲ။ သူလက်မခံတာက သူ့ သဘောထားပါပဲ။ အဖွဲ့အစည်းအနေနဲ့ကြတော့ ဒါကို လက်မခံဘူးဆိုရင်တော့ သူ့ကို အဖွဲ့အစည်းက လူအနေနဲ့ သတ်မှတ်လို့ မရဘူးဆိုတဲ့ ပုံစံမျိုးဖြစ်လာမှာပဲ။

မေး – ဒီအမိန့်စာထုတ်ပြီးတဲ့နောက်ပိုင်း သူ့ကို ဗဟိုကနေ ဘယ်လိုဆက်သွယ်လုပ်ဆောင်တာမျိုးရှိလဲ။

ဖြေ – ကာကွယ်ရေးဌာနကို တာဝန်ပေးထားတဲ့အတွက် ကာကွယ်ရေးဌာနကနေပြီးတော့ လိုက်ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရဘူး။ သူ ဘယ်မှာရှိမှန်းလဲ ကျနော်တို့ အသေအချာမသိဘူး။ တချို့ပြောတာတော့ တစ်နေရာရာမှာ ရှိနေတာပေါ့။ အခုချိန်ထိတော့ အောက်ခြေက တာဝန်ရှိသူတွေကို ဆက်သွယ်လို့ ရသေးတယ်ဆိုတာလောက်ပဲ ရှိသေးတယ်။ အခုက တိုက်ရိုက်ဆက်သွယ်ဖို့ကြတော့ စစ်ဗဟိုဌာနချုပ်တို့ ကာကွယ်ရေးဌာနတို့ကိုပဲ တာဝန်ပေးထားတာပေါ့။ အမှန်က လက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှစ်ဖွဲ့စလုံးက ကာကွယ်ရေးဌာန လက်အောက်မှာပဲရှိတာ။ တာဝန်ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန် ရပ်ဆိုင်းတာပဲဖြစ်ဖြစ်၊ တာဝန်ကနေ ရပ်နားလိုက်တာပဲဖြစ်ဖြစ် ဒါက ကာကွယ်ရေးဌာနရဲ့ ဆုံးဖြတ်မှုအပေါ်မှာပဲ ရှိတယ်။ အခုက ဒီကိစ္စကို ရှင်းဖို့ သူတို့ကို ဆက်သွယ်လို့ မရပေမယ့် KNDO ရဲ့ ဒုစစ်ဦးစီးချုပ်တို့ တခြားတာဝန်ရှိသူတွေကိုတော့ ဆက်သွယ်လို့ရတယ်။

မေး – အဖွဲ့အစည်းအတွင်း အလားတူပြဿနာတွေဖြစ်လာရင် အဖွဲ့အတွင်းမှာ အကွဲအပြဲတွေက ပေါ်ပေါက်လာ တဲ့ သာဓကတွေက ရှိဖူးတယ်။ အဲ့လို အလားတူ နောက်ထပ်ဖြစ်မလာအောင် ဗဟိုအနေနဲ့ ဘယ်လိုစဉ်းစား လုပ်ဆောင် သွားမှာလဲ။

ဖြေ – ဒီလိုဖြစ်လာဖို့လည်း မစဉ်းစားထားဘူး။ ဒီလိုလည်း ကိုယ့်အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေကြားထဲမှာ ဖြစ်မလာသင့်ဘူး။ ဦးဆောင်မှုအပိုင်းမှာ တာဝန်အမြှင့်ဆုံးယူထားတာ ဖြစ်တဲ့အတွက် ဒီကိစ္စရပ်အပေါ်မှာ တာဝန်အရှိဆုံးဖြစ်တယ်။ ဒါကို သူအမိန့်ပေးခဲ့တာလား မပေးခဲ့တာလားဆိုတာကိုတော့ စစ်ဆေးမေးမြန်းတဲ့ အပေါ်မှာပဲ မူတည်မယ်။ ဒါက လုပ်သင့်လို့ လုပ်လိုက်တယ်ဆိုပြီးထားဦး ဒါက လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာက ကျနော်တို့မှာက စစ်ဆေးဖို့ တာဝန်ရှိတယ်။ စုံစမ်းစစ်ဆေးပြီးမှ ပြောလို့ရမှာပေါ့။

ဒီလိုမျိုးအကွဲအပြားဖြစ်လာဖို့တော့ ကျနော်တို့ မလိုလားဘူး။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်အပေါ်မှာပဲ မူတည်လိမ့်မယ်။ ဥပမာ ကိုယ့်အဖွဲ့အစည်းအပေါ်မှာထားတဲ့ သဘောထားအပေါ်မှာပဲ မူတည်မယ်။ ကွဲပြဲတာကိုတော့ ဘယ်သူမှ မလိုလားသလို ကွဲပြဲပြီးဆိုရင်လည်း ပြန်လည်စည်းရုံးဖို့က အင်မတန်ခက်ခဲတယ်။ ကွဲပြဲတယ်ဆိုတာကလည်း နိုင်ငံရေးခံယူချက် မတူလို့ ကွဲတာရှိသလို လူပုဂ္ဂိုလ်အရ ခွဲထွက်တာမျိုး စတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတယ်။ ဒါကို ဖြစ်မလာဖို့ဆိုတာက ကိုယ့်အဖွဲ့အစည်းရဲ့ ချမှတ်တဲ့ စည်းမျဉ်းအတိုင်း ညီညီညွတ်ညွတ်လိုက်နာ လုပ်ဆောင်လို့ပဲရမယ်။

မေး – ဒီကာကွယ်ရေးဌာနက ထုတ်တဲ့ စာကို ပြည်တွင်းပြည်ပက ကရင်တချို့က မှားယွင်းတယ်လို့ မြင်သလို ဒါကလည်း ရန်သူရဲ့ ဖိအားပေးမှုကြောင့်လို့ ပြောဆိုနေတာတွေလည်း ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လို ပြောချင်လဲ။

ဖြေ – ဒီကိစ္စဖြစ်လာလို့ ရန်သူရဲ့ ခိုင်းစေမှုကြောင့် လုပ်တာမဟုတ်ဘူး။ အဖွဲ့အစည်းမှာ ချမှတ်ပြီးသား စည်းမျဉ်း ဥပဒေကြောင့်သာ ဘယ်သူမှ ခိုင်းစရာမလိုဘဲ လုပ်ရမယ့် တာဝန်က ရှိပြီးသား။ ဒါ့အပြင် ဒီကိစ္စက ဘယ်လို ဖြစ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းအရင်းကို တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ဖို့ပဲ ဖြစ်တယ်။ ဥပမာ- လူတစ်ယောက်က အပြစ်လုပ်တယ်ဆိုပါဆို့။ ခိုးတာလည်း ဖြစ်မယ်၊ လူသတ်တာလည်း ဖြစ်မယ်။ ဒါကို တိုင်းပြည်ရဲ့ ဥပဒေအရက တာဝန်ရှိတဲ့ ရဲတွေကနေ အရေးယူဆောင်ရွက်ပြီး တရားရုံးအထိ ပို့ဆောင်ရမယ်။ ဒါကို တရားရုံးကလည်း ဆုံးဖြတ်ပေးရတယ်။ အမှန်က ဒီကိစ္စဖြစ်လာတဲ့အပေါ်မှာ အဖွဲ့အစည်းလက်အောက်ခံ ကနေပြီး ဦးဆောင်ပြီး အရေးယူဆောင်ရွက်ရတဲ့ နည်းလမ်းမဟုတ်ဘူး။ ဒီစာကလည်း ထုတ်ပြန်စာမဟုတ်ဘူး။ အဖွဲ့အစည်းရဲ့တာဝန်ရှိမှုအတိုင်းပဲ ဆုံးဖြတ်လုပ်ဆောင်တဲ့ ကိစ္စဖြစ်တယ်။ တချို့အမြင်မှားတဲ့သူတွေက ဒါကို ရန်သူက ခိုင်းလို့ လုပ်တာလို့ မြင်တယ်။ ဒါက ရန်သူခိုင်းလို့ မဟုတ်ဘူး၊ ကိုယ့်အဖွဲ့အစည်းရဲ့ စည်းမျဉ်း စည်းကမ်းအပေါ်မှာပဲ ရပ်တည်လုပ်ဆောင်တာ ဖြစ်တယ်။ ရန်သူတစ်ယောက်ကို ဖမ်းမိတာပဲဖြစ်ဖြစ်၊ လက်နက် ချတာပဲဖြစ်ဖြစ် ဘယ်လိုပြုမှုဆက်ဆံရမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ အကုန်ရှိပြီးသားဖြစ်တယ်။ အခုဖြစ်တာက လူ့အသက်တစ်ချောင်း နှစ်ချောင်းပဲ မဟုတ်ဘူး။ စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့လည်း သွားနှိုင်းယှဉ်ရမယ့် ကိစ္စ မဟုတ်ဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ရမှာဖြစ်သလို အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကိုလည်း ကိုယ့်ရဲ့လုပ်ဆောင်မှုနဲ့ ဖော်ထုတ်ပြရမှာဖြစ်တယ်။

အဲ့တော့ပြောချင်တာက ဒီအမိန့်စာက ထုတ်ပြန်စာမဟုတ်ဘူး။ ဒီစာကို ဘယ်သူက စပြီး အပြင်ကို ဖွဖြန့်လိုက်လဲ ဆိုတာကလည်း လေ့လာကြည့်ရင် သိမယ်။ နောက်တစ်ခုက ရန်သူရဲ့ ခိုင်းစေမှုကြောင့် မဟုတ်ဘူး။ နောက်တစ်ခု က တာဝန်ရှိတဲ့ သူတွေက ကိုယ်ဘာလုပ်မလဲဆိုတာကို အထက်ကို တင်ပြစရာမလိုပေမယ့် ကိုယ့်ရဲ့ ပျက်ကွက်မှု တွေတော့ တင်ပြရမှာ ဖြစ်တယ်။ ဥပမာ တပ်မဟာတိုင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲက ရှိနေတဲ့အတွက် ထိခိုက် သေဆုံးမှုရှိတာကို ဖော်ပြတာမျိုးရှိပေမယ့် တာဝန်ရှိသူတွေက သတ်ပစ်လောက်တဲ့ ဆုံးဖြတ်ချက်ချတာမျိုးကို တင်ပြတာမျိုးမရှိတဲ့အတွက် အခုက အစကနေ အကြောင်းအရာတွေကို ပြန်စုံစမ်းရတာပဲ ဖြစ်တယ်။

မေး- ဒီလိုဖြစ်စဉ်မျိုးက အရင်ကဖြစ်ပေါ်ခဲ့တဲ့ သာဓကမျိုးရှိလား၊ ရှိခဲ့ရင်ကော ဘယ်လိုဖြေရှင်း ဆုံးဖြတ်ခဲ့ရလဲ။ ဆုံးဖြတ်ချက်ကြောင့် အကျိုးသက်ရောက်မှုတွေကကော ဘာတွေဖြစ်ပေါ်လာလဲ။

ဖြေ – ရှိပါတယ်။ ဒါပေမယ့် ပုံစံမျိုးစုံရှိတာပေါ့။ အဖွဲ့အစည်းအတွင်း စည်းမျဉ်းစည်းကမ်းလိုက်နာမှု နဲ့ပတ်သက်တာ၊ ဒေသအတွင်း တရားဥပဒေစိုးမိုးမှု အပိုင်းနဲ့ စစ်မြေပြင်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ ဖူးတယ်။ ဥပမာ ဘိတ်-ထားဝယ်ခရိုင်ဘက်မှာ မှောင်ခိုသမားတွေနဲ့ လုပ်စားတဲ့သူတွေကို ကိုယ့်လူတွေက ၁၁ ယောက်လောက် ရိုက်သတ်ဖူးတဲ့ ဖြစ်စဉ်ပေါ့။ အဲ့တုန်းက လိုက်ဖမ်းရတာမျိုးပြီးတော့ ဗဟိုတရားရုံးကို ပို့ပြီး တရားရေးဆုံးဖြတ်ရတာမျိုးရှိတာပေါ့။ အဖွဲ့အစည်းမှာ လုပ်တဲ့သူဆိုတာကလည်း ပြည်သူထဲကပဲ ။ အဲ့တော့ ပြည်သူအပေါ်အပြစ်လုပ်ရင် လုပ်တဲ့အတိုင်း အရေးယူဆောင်ရွက်ရမှာဖြစ်သလို စစ်သားကလည်း အပြစ်လုပ်ရင် တပ်စည်းကမ်းအတိုင်း အရေးယူခံရမှာပဲ။ အခုက ဘယ်လိုအရေးယူမလဲဆိုတဲ့ အဆင့်မဟုတ်သေးဘူး၊ စုံစမ်းစစ်ဆေးတဲ့ အဆင့်ပဲရှိသေးတယ်။ တဖက်က ပြောသလို စစ်သားတွေ မဟုတ်ဘူး။ အရပ်သားတွေ ဖြစ်တယ်ဆိုရင် ဒါကိုကျနော်တို့က စုံစမ်းစစ်ဆေးမယ်။ ရန်သူတပ်က ဟုတ် မဟုတ် စစ်ဆေးပြီးမှ စီရင်ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့သူတွေဆီကို တင်ပြရမှာ ဖြစ်တယ်။ အတွေ့အကြုံတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ကွဲပြားနိုင်တာက တာဝန်ရာထူး ဘယ်လောက်ကြီးလဲဆိုတာနဲ့ စည်းမျဉ်းဥပဒေအပေါ် လိုက်နာဆောင်ရွက်မှု ဘယ်လောက်ရှိလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တာပေါ့။

မေး- နောက်ဆုံးမေးချင်တာက စစ်အာဏာသိမ်းမှုကြောင့် စိုးရိမ်မှုတွေ မြှင့်နေသလို ကရင်ထဲမှာလဲ ဒီလိုကိစ္စရပ် က ပေါ်ပေါက်လာတဲ့အတွက် ဝေဖန်ပြောဆိုမှုတွေကလည်း အမျိုးမျိုးရှိနေတဲ့အပေါ်မှာ ကိုယ့်ပြည်သူလူထုကို ဘာများအသိပေးပြောဆိုချင်တာမျိုး ရှိလဲ။

ဖြေ – ပြောချင်တာက ဒီကိစ္စကို စစ်တပ်ရဲ့ ပြည်သူတွေအပေါ် သတ်ဖြတ်ယုတ်မာတဲ့ လုပ်ရပ်တွေနဲ့တော့ သွားနှိုင်းယှဉ်ရမှာ မဟုတ်ဘူးပေါ့။ ဒီကနေ့အချိန်ထိ လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ရပ်တည်နိုင်သေးတာက အဖွဲ့အစည်းရဲ့ချမှတ်ထားတဲ့ လမ်းစဉ်လုပ်ငန်းစဉ်စည်းမျဉ်း ဥပဒေတွေကြောင့်ပဲ။ လူသားတွေ လူမျိုးစုတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ စည်းမျဉ်းဥပဒေတွေကို လိုက်နာလုပ်ဆောင်တာလည်း ရှိတယ်။ ကိုယ့်မှာလည်း ကိုယ်ပိုင်တရားစီရင်မှုနဲ့ ရှိနေတာပဲ။ အဖွဲ့အစည်းအတွင်းဖြစ်စေ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးဖြစ်စေ အဖွဲ့အစည်းကိုဖြစ်စေ ဆန့်ကျင်တဲ့ လုပ်ရပ်မှန်သမျှကို အရေးယူဆောင်ရွက်ဖို့က ရှိနေမှာပဲ။ အများအမြင်က အမြင်ပဲ သဘောထားပဲ ဖြစ်မယ်။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းကြတော့ အဖွဲ့အစည်းအတွင်းက တာဝန်ရှိတဲ့သူတိုင်း လိုက်နာလုပ်ဆောင်ရမှာပဲ ဖြစ်တယ်။ အမျိုးမျိုးတော့ ပြောကြမှာပဲ။ တချို့လိုက်မနာတဲ့ လူတချို့ကျတော့ အရေးမယူဘူးဆိုတာမျိုးတွေ။ တချို့ကိစ္စတွေကျတော့ အပြင်ဘက် ရပ်ကျော်ရွာကျော် ကမ္ဘာသိတဲ့အထိ သူများသိတာမဟုတ်ဘူး။ အဖွဲ့အစည်းက လူတစ်ယောက်က လုပ်လိုက်တဲ့ ကိစ္စကို လူတစ်ယောက်က လုပ်တယ်လို့ပဲ အများက မြင်မှာမဟုတ်ဘဲနဲ့ ဒီအဖွဲ့အစည်းတစ်ခုလုံးရဲ့ လုပ်ရပ်အနေနဲ့ ဒီအဖွဲ့အစည်းက ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာကို ဝေဖန်ဆုံးဖြတ်ကြလိမ့်မယ်။ အဲ့တော့ အခု လုပ်နေတာတွေက စိတ်ခံစားချက်အပေါ်မှာ မူတည်ပြီး လုပ်နေတာမဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း တာဝန်ယူမှု တာဝန်ခံမှုအပေါ်မှာပဲ လုပ်ဆောင်တာဖြစ်တယ်။

KIC – ပေးပို့သည်။