အဓမ္မပြုကျင့် အသတ်ခံရသည့် မိုးမောက်ဒေသခံအမျိုးသမီးအတွက် လျော်ကြေးထက် ကျူးလွန်သူစစ်သား ၃ဦးအား အရေးယူနိုင်ရေးသည်သာ အဓိကကျကြောင်း KWAT ပြောဆို

၂၂ ဇူလိုင် ၂၀၂၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက အသတ်ခံခဲ့ရသည့် အမျိုးသမီးကိစ္စ လျော်ကြေးငွေပေးခြင်းထက် ကျူး လွန်သူ စစ်သား ၃ ဦးအား ထိရောက်စွာ အရေးယူနိုင်သည့် ယန္တယားပေါ်ပေါက်လာစေရန် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးက အဓိကျသည်ဟု ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT က ပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့က အသတ်ခံခဲ့ရသည့် နွမ်လန်းကျေးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသမီး သေဆုံး သူ ဒေါ်မခေါ်ရွယ် အတွက် တပ်မ ၈၈ နှင့် ခမရ ၆၁၆ က တာဝန်ရှိသူများက ကျပ်ငွေ ၂၁ သိန်း လာရောက်ပေးခဲ့ ကိစ္စနှင့် ပတ်သက်၍ ထောက်ပြလိုက်ခြင်းဖြစ်သည်။

KWAT ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီ က “ဆိုတော့ စစ်တပ်ကတော့ အရေးယူမှုတွေ အရင်တုန်းက လုပ်ခဲ့တယ် ဆိုပေမယ့် စစ်တပ်ရဲ့ တရားခုံရုံးတွေမှာပဲ အပြင်လူတွေ ကြားနာခွင့်မရှိဘူး၊ လာပြီးတော့ နားထောင်ခွင့်မရှိတဲ့ အခြေအနေတစ်ခုမှ လုပ်ချင်သလိုလုပ်တဲ့ အရာတွေလည်း ကျမတို့ အများကြီးကြုံခဲ့ရပြီလေ။ အဲ့လိုမျိုးဆို တော့ ဒီလိုမျိုး ကျမတို့ အမျိုးသမီးတွေကို စော်ကားမော်ကားလုပ်ပြီးတော့ မတရားပြုကျင့်ပြီးတော့ ညှင်းပန်း နှိပ်စက် ပြီးတော့ အသတ်ခံရတယ် ဆိုတဲ့ Case ကတော့ ဒီဟာနဲ့ဆိုလို့ရှိရင်တော့ အများကြီးရှိနေပြီ။ မြန်မာနိုင်ငံမှာ ဒီလိုမျိုးအဖြစ်ဆိုးကြီးတွေ ဘယ်တော့မှ မဖြစ်အောင် စစ် တပ်ဆိုတဲ့ အာဏာရှင်ပြုတ်ကျရေး က အရေး ကြီးတယ်ဆို တာ ကျမတို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယခင်ကရော၊ ယခုလက်ရှိအချိန်ထိ တိုင်းရင်းသားပြည်နယ်များနှင့် စစ်ရေး ပဋိပက္ခဧရိယာအတွင်း နေထိုင်ကြသည့် အမျိုးသမီးများအပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို စစ်လက်နက် သဖွယ် အသုံးပြုနေသည် ဟု မွန်းနေလီက ဆိုသည်။

“ဒီလိုမျိုးအဖြစ်အပျက်တွေက တဖက်ကနေ ပြောမယ်ဆိုရင် စစ်အာဏာရှင်ကတော့ ဒီစစ်လက်နက်သဖွယ် အသုံးပြုတဲ့ ပုံစံဖြစ်နေတယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ မုဒိမ်းကျင့်သတ်ဖြတ်တာ ပေါ့ နော်။ အဲ့ဒါကြောင့်မို့ ဒီလိုမျိုးစစ်လက်နက်သဖွယ်သုံးနေတဲ့ကိစ္စတွေကို ရပ်တန်းက ရပ်ဖို့ လိုအပ်တယ်။ ပြီးလို့ ရှိရင် အရေးကြီးတာကတော့ ဒီလိုမျိုးကျူးလွန်မှု ဖြစ်ပျက်တဲ့ဟာကို ကျူးလွန်ခွင့်ပေးတဲ့ infinity ပေါ့နော် ဒီကိစ္စ တွေကိုလည်း ရပ်တန့်ပေးဖို့ အများကြီးလိုအပ်တယ်။”

မိုးမောက်မြို့၊ နွမ်လန်းကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက “အခု ဟိုးတနေ့က တပ်မ ၈၈ ကနေပြီးမှ သူတို့ အိမ်ထောင်အတွက် ကျနော်တို့ကချင်ဘာသာရေးလိုပြောရင်တော့ ဆုတောင်းတာပေါ့၊ အဲ့အချိန်မှာသုံးဖို့ဆိုပြီး တော့ အိမ်ရှင်တွေကို သိန်းနှစ်ဆယ် လာပေးတယ်လို့တော့ ပြောတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တပ်ကလည်း ထောက်ပံ့ကြေးပေးတာက သက်သက်၊ ဒီအမှုကို ရုပ်သိမ်းဖို့ ကြေအေးဖို့တော့ မဟုတ်ပါဘူး။ အခုအမှုကိုတော့ အခုရဲစခန်းမှူးပြောတာတော့ ရအောင်ကို ဖော်မယ်လို့ ပြောတာ” ဟု ပြောသည်။

လူသတ်မှုကျူးလွန်ပြီး ယခုကဲ့သို့ ငွေကြေးဖြင့် လျော်ကြေးပေးခြင်းသည် မှန်ကန်သည့် တရားစီရင်မှု မဟုတ် ဘူးဟု မွန်းနေလီက ပြောသည်။

“တဖက်မှာလည်း တရားမျှတမှုဆိုတာကတော့ ကျမတို့ ပြောနေတဲ့တရားမျှတမှုပေါ့နော် ပိုက်ဆံလျော်ကြေး ပေး တဲ့ဟာကို ဆိုလိုတာမဟုတ်ဘူးပေါ့နော်။ တရားမျှတမှုဆိုတာ လူမှုအသိုင်းအဝိုင်းမှာ တစ်ယောက်ကို လုပ် ချင်သလိုလုပ် သတ်ချင်သလိုသတ် တန်ဖိုးမရှိလုပ်ခဲ့ပြီးမှ ငွေကြေးနဲ့လာပြီးတော့ တောင်းပန်တယ်တို့ ဘာတို့ ဒါက တော့ ဟန်ဆောင်မှု တစ်ခုပဲဆိုတာ ပေါ်လွင်တာပေါ့နော်။”

အမှုနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့က လိုက်ပါဆောင်ရွက်ပေးနေပြီး ပြစ်မှုကျူးလွန်ခဲ့ သည့် စစ်သား ၃ ဦးအား စစ်ဆေးမေးမြန်းခွင့် သွားတောင်ရာ စစ်တပ်က တွေ့ခွင့်မပေးဘူးဟု နွမ်လန်း ရွာသား က ဆက်ပြောသည်။

“သူတို့ မှုခင်းဖြစ်ပြီး နောက်မနက်မှာပေါ့ ရဲစခန်းမှူးနဲ့ ဥက္ကဋ္ဌနဲ့ တပ်ထဲသွားပြီး ဖုန်းသွားတောင်းတာရယ်၊ စစ် သား ၃ ယောက်ကိုသွားစစ်ဆေးတာ သူတို့မထုတ်ဘူးလို့ပြောတာပဲ၊ သူတို့နာမည်နဲ့ သူတို့ကိုယ်ပိုင်နံပါတ် အဲ့ဒါပဲ ပြောပြတယ်လို့ပြောတယ်။”

ဇူလိုင်လ ၁၄ ရက်နေ့က သေဆုံးသူ ဒေါ်မခေါ်ရွယ်သည် ၎င်း၏ လယ်သို့ စပါးမျိုးကြဲရန် သွားရာ ထိုနေ့က အိမ်သို့ ပြန်မလာပဲ ပျောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းအားနောက်တစ်ရက်တွင် မိသားစုဝင်များနှင့် ဒေသခံရွာ သားများက လိုက်လံရှာဖွေရာတွင် အဝတ် အစားဖရိုဖရဲ၊ အောက်ပိုင်း ဗလာ၊ ပါးစပ်အတွင်းအဝတ်များ ပိတ်စို့ ကာ အသတ်ခံထားရသည့် ရုပ်အလောင်းကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

မိသားစုဝင်များ၊ ဒေသခံရွာသားများနှင့် အမျိုးသမီးအရေး လှုပ်ရှားသူများက ယခုကဲ့သို့ အသတ်ခံရသည့်အမှု နှင့်ပတ်သက်၍ စစ်ခုံရုံးတွင် စစ်ဆေးခြင်းမျိုးမဟုတ်ပဲ ပွင့်လင်းမြင်သာစွာ စစ်ဆေးအရေးယူပေးရန်ပေး တောင်း ဆိုနေကြသည်။

NMG – ပေးပို့သည်။

Share me now!

Myanmar Peace Monitor