ရှမ်းမြောက်ဒေသ သီပေါနှင့် ကျောက်မဲတွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်နေ

0
222

၂၃ ဇူလိုင် ၂၀၂၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ ကြား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စုထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ် ပေါ်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သီပေါမြို့က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “တိုက်ပွဲ ဖြစ် တာ နှစ်ဖက်ပစ်ခတ်တာတော့မဟုတ်ဘူး။ ဒီလိုဖြစ်တာရှင့် တစ်ဖွဲ့က တစ်ဖွဲ့ လိုက်ပစ်တာမျိုးဖြစ်တယ်ရှင့်။ ရွာက လူတွေက အဲ့လိုပြောတယ်။ သူတို့က ရွာရဲ့ အနောက်ဖက်ကို ပစ်တယ်တဲ့။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ တစ်ဖွဲ့ကလည်း တစ်ဖွဲ့ကိုလိုက် အဲ့လိုမျိုးပဲ ပစ်ကြတာမျိုး။ အပြန်အလှန် ပစ်တာမျိုးတော့ မဟုတ်ဘူး” ဟု ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် နောင်အန်ကျေးရွာအုပ်စု၊ ဆင်ပိုင်းကျေးရွာက ဒေသခံရွာသားများ နောင် အန်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲမှာ အခုက ဘယ်သူမှ မနေရဲဘူး။ လန့်ပြီးမှ အကုန်ပြေးကြတယ်။ ဘုန်းကြီးကျောင်းမှာ လာနေထား တယ်။ နောင်အန်ရွာရဲ့ ဘုန်းကြီး အဲ့မှာသွားနေကြတာ။ ပြန်လို့ရရင်တော့ ပြန်မလို့လုပ်ထားတယ်။ မနက် ၆ နာရီလောက် ကနေ ၈ နာရီလောက်အထိဖြစ်တယ်။ ရွာနောင်အန်ကျေးရွာအုပ်စု၊ ဆင်ပိုင်းရွာပေါ့။ သူတို့အချင်း ချင်း ပစ်ကြတာ” ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အစပ်ရှိ နမ့်တွေနှင့်မာမို့ကျေးရွာဘက်တွင်လည်း RCSS နှင့် SSPP၊ TNLA တပ်တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ဖုန်းဆက်တော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာဟုတ်တယ်လို့ပြောတယ်။ ဒီအဲ့နားက နမ့်တွေ၊ မာမို့ ရွာတွေနား လက်နက်ကြီးတွေကျတယ်တဲ့ဗျ။ ၁၀ လုံးတော့ ကျော်မယ်လို့ ပြောတယ်နော်။ ရွာထဲကျတာမျိုး တော့မဟုတ်ဘူး၊ အခုရွာသားတွေကတော့ သူတို့လုပ်ထားတဲ့ ကတုတ်ကျင်းတွေထဲ ဝင်ပြီးနေနေရတယ်တဲ့။ တခြားတော့ မလိုသေးဘူးပြောတယ်။ အခြေအနေစောင့်ကြည့်မယ်လို့လည်း ပြောတယ်” ဟု ကျောက်မဲမြို့က စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများသည် ၎င်းတို့ဒေသတွင် နေ့စဉ်ဖြစ်ပွားနေခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ ပစ်ခတ်မှုများ အကြိမ်ရေ ၁၀ ကျော်ခဲ့သည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ နေရာအနီးတဝိုက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ SSPP/SSA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား စစ်ရေးတင်းမာနေ သည်မှာ ပြီးခဲ့သည့် ဇွန်လကတည်းက ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here