ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် NUG ပူးပေါင်း

0
261

ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၁ခုနှစ်

လတ်တလော ကိုဗစ်ရောဂါကို ထိန်းချုပ်ကာကွယ်ရန် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့(NUG)၏ ကျန်းမာရေး ဝန်ကြီးဌာန နှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ အစည်းများပူးပေါင်း၍ ကိုဗစ်-၁၉ကာကွယ်ထိန်း ချုပ်ကုသ ရေးအဖွဲ့ Covid-19 Task Force(CTF)ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် CTF မှ ထုတ်ပြန် ကြေညာခဲ့သည်။

ယခုလ ၁၇ ရက်နေ့က အဆိုပါ CTF အဖွဲ့ကို တိုင်းရင်းသား ကျန်းမာရေး ကော်မတီ ခေါင်းဆောင်များနှင့် NUG အစိုးရအဖွဲ့၏ ကျန်းမာရေး ဝန်ကြီးများပါဝင်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လတ်တလော ကူးစက်မှု မြှင့်မားနေသည့် ကိုဗစ်ကပ်ရောဂါကို အတူတကွ ပူးပေါင်းကာကွယ်ထိန်းချုပ်ရန် ဖွဲ့စည်းခြင်းဖြစ်သည်ဟု အဖွဲ့၏ ပြောခွင့်ရ ပဒို မန်းမန်း က ယခုလိုပြောသည်။

“ပြီးခဲ့တဲ့ ဇွန်လ နဲ့ အခု ဇူလိုင်လက စပြီး ကျနော်တို့ မြို့ကြီးပြကြီးတွေ အပြင် တိုင်းရင်းသား ဒေသတွေက အစ နယ်စပ် ဒေသတွေ အထိ ဒီ ကိုဗစ် ရောဂါက ကူးစက်မှုတွေ တွေ့လာရတဲ့အတွက် ကိုယ့်ရဲ့ အဝန်းအဝိုင်းနဲ့ဘဲ လုပ်ဆောင်သွားဖို့က မဖြစ်သင့်တော့တဲ့အတွက် ဒါကို ကျယ်ပြန့်စွာ လုပ်ဆောင်လာဖို့လိုတယ်။ ကျနော်တို့ ကာကွယ် ထိန်း ချုပ်မှုကို အသေအချာ မလုပ်နိုင်ဘူးဆိုရင် လာမဲ့ အနာဂါတ်မှာသေဆုံးထိခိုက်မှုတွေက ဒီထက် များ လာနိုင်တဲ့အတွက် ပူးပေါင်း လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်သွားနိုင်ရန် ယခုလို NUG အစိုးရ ဝန်ကြီးများနှင့် ပူးပေါင်းလုပ်ဆောင်ရခြင်းဖြစ်ပြီး NUG အစိုးရ၏ ဦးဆောင်မှုဖြင့် သွားမည်မဟုတ်ဘဲ ကော်မတီ၏ ဦးဆောင်မှုဖြင့်သာ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည် ဖြစ်သည် ဟုလည်း ပဒို မန်းမန်းက ဆက်ပြောသည်။

ယခု ဖွဲ့စည်းလိုက်သော CTF ကို တိုင်းရင်းသား ကျန်းမာရေး ကော်မတီ ဥက္ကဌ ဒေါက်တာ စင်သီယာ​မောင်မှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့၏ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး အပြင် ကျန်ရှိသော ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တတ်သိပညာရှင်များမှ အဖွဲ့ဝင်များ အနေဖြင့် ပါဝင်သွားမည်ဟု အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့အနေဖြင့် ကိုဗစ် အသိပညာပေးမှုများ၊ ရောဂါထိန်းချုပ်ရေး လမ်းညွန်ချက်များ၊ ကိုဗစ် ကာကွယ်ဆေးအပါအဝင် ရောဂါ ထိန်းချုပ် ကာကွယ်ရေးတွင် လိုအပ်သော အထောက်အပံများ ရရှိနိုင်ရေး အတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းလုပ်ငန်းများ အပြင် ကိုဗစ် ကာလ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သွားမည်ဟုလည်းပြောဆိုထားသည်။

ထို့အပြင် အဆိုပါ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကိုဗစ် ကာကွယ်ဆေးအပါ အဝင် လိုအပ်သော နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီများကို ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(INGO)၊ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းများနှင့် အာဆီယံနိုင်ငံ များအနေဖြင့် အမြန်ဆုံးထောက်ပံပေးရန် တောင်းဆိုထားသလို ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင်ရန် ပြည်သူများအနေဖြင့် လမ်းညွန်ချက်များကို တိကျစွာလိုက်နာကြရန်လည်း CTFက တိုက်တွန်း ထုတ်ပြန် ထားသည်။

လက်ရှိဖွဲ့စည်းလိုက်သည့် CTF တွင် NUG ကျန်းမာရေး ဝန်ကြီးများနှင့် တာဝန်ရှိသူများအပြင် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများတွင် ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျန်းမာရေး အင်အားစုများလည်းပါဝင်အားဖြည့်ထားသည့် အဖွဲ့အစည်းဖြစ်သည်။

လက်တလော မြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း ကူးစက်မှုဒဏ် အမြင့်ဆုံး ခံနေရပြီး ရောဂါ ကုသမှု ခံယူနိုင် ရန် ဆေးရုံဆေးခန်းများ အလုံအလောက်မရှိခြင်း၊ အောက်ဆီဂျင်ကို အကန့်အသတ်ဖြင့် လုယူ ဝယ်ယူနေရခြင်း နှင့် စစ်ကောင်စီ၏ ကိုဗစ် ထိန်းချုပ် ကုသကာကွယ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမျိုးမရှိသောကြောင့် ကိုဗစ် ကပ်ရောဂါဖြင့် သေဆုံးသူ ၆၀၀၀ နီးပါးရှိနေပြီး ၂သိန်း ၄သောင်း ကျော် ကူးစက်ခံနေရကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဌာနမှ ထုတ်ပြန်ထားသည်။

KIC – ပေးပို့သည်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here