“နိုင်ငံရေးပေါ်မှာ အခြေမခံဘဲနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေခံပေါ်ကနေ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အခြေခံတွေ ဖြစ်လာအောင် ကျနော်တို့ ကြိုးပမ်းသွားဖို့အတွက်ပေါ့” ရဲဘော်မျိုးဝင်း (ဒုဥက္ကဌ ၊ ABSDF)

0
124

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဒုဥက္ကဌနှင့် အမေးအဖြေ

၂၆ ဇူလိုင် ၂၀၂၁

အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် ပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ရဲဘော်မျိုးဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ(CSMC)ကို ဖွဲ့စည်းဖြစ်တဲ့အကြောင်း အရင်ဆုံး ပြောပြပေးပါဦးဆရာ။

ဖြေ။ ကိုဗစ် – ၁၉ ပြဿနာက အရေးပေါ်အခြေအနေဖြစ်တယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တယ်။ အမျိုးသားရေးပြဿနာဖြစ်တယ်။ အဲတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြီး ဖြစ်တယ်။ အဲပြဿနာကို ဖြေရှင်းဖို့ဆိုရင် တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ဘဲနဲ့ အားလုံးပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ အခြေခံမူကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံဖြစ်ပေါ်လာဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်မယ့် ကော်မတီဖွဲ့စည်းတာပေါ့နော်။

မေး။ ရှေ့လုပ်ငန်းစဉ် (၈) ရပ်ဆိုတာ ဘာတွေ ဘာလဲဆရာ။

ဖြေ။ ဒီဟာကိုတော့ အသေးစိတ်ပြောဖို့ နည်းနည်းတော့ ခက်တယ်။ ဆိုလိုတာက ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် ကိုဗစ် -၁၉ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆိုရင်တော့ ပြည်တွင်း၊ ပြည်ပမှာ ရှိနေတဲ့ အင်အားစုအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မယ်။ ပြီးတော့ နိုင်ငံတကာအကူအညီတွေလည်း လိုအပ်တာပေါ့။ အခြေအနေတွေကို တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်ပြီးတော့မှ ဒါတွေကို ထိန်းချုပ်ကာကွယ်ဖို့၊ ကုသဖို့ လိုအပ်တဲ့အတွက် ကျနော်တို့ EAOတွေ ဒေသမှာလည်းပဲ လက်ရှိ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အကူအညီတွေလိုအပ်တာပေါ့။ ဒါတွေကိုလည်း အကူအညီတွေ ရရှိအောင် ကြိုးပမ်းသွားမယ်။ အခြေခံအားဖြင့်တော့ နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အခုထုတ်တဲ့ ကြေညာချက်မှာလည်း ပါပါတယ်။ နိုင်ငံရေးပေါ်မှာ အခြေမခံဘဲနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေခံပေါ်ကနေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခြေခံတွေ ဖြစ်လာအောင် ကျနော်တို့ ကြိုးပမ်းသွားဖို့အတွက်ပေါ့။ ဒီကော်မတီကို ကြိုးပမ်းညှိနှိုင်း ဆောင်ရွက်သွားဖို့အတွက်ပေါ့။

မေး။ EAO တွေ ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး နစကနဲ့ ချိတ်ဆက်လုပ်ဆောင်တာရှိလားဆရာ။

ဖြေ။ ပြည်တွင်းအင်အားစုအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတာ အခြေခံမှာပါ။ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ပူးတွဲဆောင်ရွက်တာတို့ လိုအပ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကတော့ တစ်ဆင့်ချင်း ညှိနှိုင်းဆောင်ရွက်သွားရမယ့်ကိစ္စ ဖြစ်တယ်ပေါ့နော်။

မေး။ လောလောဆယ်ချိတ်ဆက်ပြီး လုပ်ဆောင်တာ မရှိသေးဘူး ဆိုတဲ့သဘောပေါ့နော်ဆရာ။

ဖြေ။ အခုမှ ကျနော်တို့ ကော်မတီဖွဲ့တာကို ကော်မတီဖွဲ့ပြီးပြီဆိုရင် ပြည်တွင်းအင်အားစုအားလုံးရော၊ နိုင်ငံတကာအင်အားစု အားလုံးနဲ့ရော တွေ့ဆုံနိုင်ရေး ကျနော်တို့ တဆင့်ချင်း ကြိုးပမ်းသွားရမှာပေါ့။ ဘာလို့လည်းဆိုတော့ အင်အားစုအားလုံးနဲ့ ပူးတွဲဆောင်ရွက်သွားဖို့ ကျနော်တို့ ဖိတ်ခေါ်ထားတာတွေ၊ ကမ်းလှမ်းထားတာတွေ၊ တောင်းဆိုထားတာတွေ ရှိတာကို ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆိုရင်တော့ အားလုံးပူးပေါင်းမှ ရမယ်ဆိုတာကို ကျနော်တို့ အခြေခံထားတာလေ။ အဲလိုဆိုတော့ အင်အားစုအားလုံးနဲ့ ကျနော်တို့ လိုအပ်သလို ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှုတွေကို တဆင့်ပြီးတဆင့် ရှိလာလိမ့်မယ်လို့ ဒီလိုပဲ မျော်လင့်ပါတယ်။

မေး။ အခု CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာချုပ်က တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တဲ့အပေါ် ဆရာတို့ ဘယ်လိုမြင်လဲ။

ဖြေ။ ကျနော်တို့ ကြိုးပမ်းတဲ့အထဲမှာလည်း အဲကိစ္စလည်း ပါတာပေါ့နော်။ ဆိုလိုတာက ဒီတိုင်းပြည်မှာ ရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို ကိုဗစ် – ၁၉ ကုသရေးထဲမှာ ပါဝင်လာဖို့ ကျနော်တို့ ကြိုးပမ်းရမှာ ဖြစ်တယ်၊ ကျနော်တို့ ရင်းမြစ်အားလုံး။ ကျနော်တို့ရင်းမြစ် မလုံလောက်ဘူးဆိုရင် နိုင်ငံတကာကို အကူအညီတောင်းရမှာပေါ့။ ကျနော်တို့ ရင်းမြစ်ထဲမှာတောင် အရေးကြီးဆုံးက ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ပညာရှင်တွေပေါ့နော်။ ဒီပညာရှင်ဆိုတာလည်းပဲ နေ့ချင်းညချင်းလုပ်ယူရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေကို ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ထိုက်သင့်တဲ့ ဖြေလျှော့မှုတွေ၊ စာနာမှုတွေ လုပ်ပေးရပါမယ်။ ကျနော်တို့ လုပ်ငန်းတွေထဲမှာ လည်း ကိုယ့်ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ ရှိနေတဲ့ အကန့်အသတ်တွေ ကျော်လွှားနိုင်ရေးကို လည်း သက်ဆိုင်ရာ အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ သဘောထား လုပ်ငန်းစဉ်တစ်ခုတည်းမှာ ပါရပါတယ်။ ဒါလည်း ကျနော်ဆက်ကြိုးစားမှာပါ။

မေး။ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါဦးဆရာ။

ဖြေ။ ကျနော်တို့ လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုဗစ် – ၁၉ ပြဿနာတတိယလိုင်းပေါ့နော်။ အားလုံးလည်း သိပြီးဖြစ်မှာပေါ့။ တော်တော်လေးကို တိုင်းပြည်အတွက် လူသားလုံခြုံမှု၊ တစ်ဦးချင်းရဲ့ ဘဝကို ထိခိုက် နေပြီ ဖြစ်တာကိုး။ ဒါပေမယ့် တစ်ဆက်တည်းမှာပဲ ဒီတိုင်းပြည်မှာ ရှိနေတဲ့ နိုင်ငံရေးပဋိပက္ခကလည်း ဖြစ်ပွားနေတာကို။ နိုင်ငံရေး ပဋိပက္ခကြောင်း သက်ရောက်လာတဲ့ စီးပွားရေးပြဿနာ။ အဲတာတွေလည်း ရှိတာကိုး။ နိုင်ငံရေးပြဿနာကို အခြေခံပြီးတော့မှ ရှိနေကြတဲ့ အင်အားစုကြားထဲမှာ ကိုဗစ် – ၁၉ ပြဿနာကို ဖြေရှင်းဖို့ ဦးစားပေးပြီးတော့မှ ဆောင်ရွက်ဖို့အတွက်ကို ဦးတည်ကြိုးပမ်းဖို့အတွက် အဲဒီအခြေခံပေါ်ကနေ အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေခံတစ်ခုရအောင် ကျနော်တို့ ကြိုးပမ်း စေချင်ပါတယ်။ ဆိုလိုတာက ကျန်းမာရေးစောင့်ရှောင်မှုမရတဲ့အတွက် ဆုံးရှုံးမှုက နေ့စဉ်နဲ့အမျှ ရှိလာနေပြီပေါ့နော်။ လူသားချင်းစာနာထောက်ထားအခြေခံပေါ်ကနေပြီးတော့ နိုင်ငံရေးပြဿနာတွေကို ခဏလေးထားပြီးတော့မှ ဦးစားပေးပြီးတော့မှ အခုလက်ရှိ ကျန်းမာရေး ရင်ဆိုင်နေရတဲ့ အတွင်းကို အင်အားစုအားလုံးလက်တွဲပြီးတော့ တညီတညွတ်နဲ့ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းလိုပါတယ်။

MNA – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here