29 March 2024 /

See today's Peace Related News

“အခုလက်ရှိ စစ်ကောင်စီက လူသားတွေရဲ့ လူ့အခွင့်အရေးအရ အသက်ရှင်ပိုင်ခွင့်ကို အလေးမထား ဘူး။ အလေးမထားတဲ့အပြင် စစ်ဆင်ရေးတွေ ထပ်ပြီးမှ တိုးချဲ့တဲ့အတွက် စစ်ဘေးရှောင်ဘဝတွေ ရောက်နေတယ်။ ကိုဗစ်ကလည်း တစ်ဖက်မှာ ဖြစ်တယ်။ တော်တော်လေး ဒုက္ခရောက်တယ်” ဦးအောင်ဆန်းမြင့် (အတွင်းရေးမှူး – ၂၊ KNPP)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး -၂ နှင့် အမေးအဖြေ

၂၆ ဇူလိုင် ၂၀၂၁

အမျိုးသားညီညွတ်ရေး အစိုးရ ( NUG) က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ကော်မရှင်ကို ပြီးခဲ့တဲ့ ဇူလှိုင်လ ၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကရင်နီပြည်နယ် ကိုယ်စားပြုအနေနဲ့ အဖွဲ့ဝင်အဖြစ် ခူးပလူးရယ်၊ ဦးဆောင်းဆန်းမြင့်တို့က ပါဝင်ပါတယ်။ ဦးအောင်ဆန်းမြင့်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး -၂ လည်းဖြစ်သလို Karenni Covid-19 Pandemic Prevention Committee (KnCPPC) ရဲ့ Management Team Leader တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးအောင်ဆန်းမြင့် ကို ကရင်နီပြည်နယ်နဲ့ နယ်စပ်ဒေသမှာ ကိုဗစ် ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ် ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။

မေး။ ။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင်မှာ ကရင်နီကိုယ်စားပြုအနေနဲ့ ဘယ်လို ပါဝင်ဖြစ်တာလဲ။

ဖြေ ။ ။ မြန်မာပြည်မှာက တတိယလှိုင်းပေါ့နော။ ကိုဗစ်ဖြစ်တဲ့အချိန်မှာ အားလုံးသိကြတဲ့အတိုင်းပဲ လူတွေလည်း သေနေကြတယ် အခက်အခဲတွေလည်းဖြစ်နေကြတယ်။ ဒါ့အပြင် ကျတော်တို့ ကရင်နီနဲ့ချင်းမှာက ပိုဆိုးတယ် ဘာကြောင့်လဲ တိုက်ပွဲတွေဖြစ်တာကတစ်ဖက် ကိုဗစ်ကူးစက်တာက တစ်ဖက်ပေါ့နော။ ကျတော်တို့က နှစ်ဖက်ဒုက္ခရောက်တယ်။ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့မှ ကျတော်တို့စဉ်းစားတဲ့အခါမှာ NUG အစိုးရကလည်း ဒီပြည်နယ်အတွက်ကို လုပ်ဖို့အတွက်ဆိုပြီး ကျတော်တို့နဲ့ ညှိနှိုင်းတယ် အဲ့မှာပါသွားတာပေါ့နော ကျတော်တို့ကလည်း ဖြစ်သင့်တယ်လို့ ထင်တယ်။ အခုလက်ရှိ စစ်ကောင်စီက လူသားတွေရဲ့ လူ့အခွင့်အရေးအရ အသက်ရှင်ပိုင်ခွင့်ကို အလေးမထားဘူး။ အလေးမထားတဲ့အပြင် စစ်ဆင်ရေးတွေ ထပ်ပြီးမှ တိုးချဲ့တဲ့အတွက် စစ်ဘေးရှောင်ဘဝတွေ ရောက်နေတယ်။ ကိုဗစ်ကလည်း တစ်ဖက်မှာ ဖြစ်တယ်။ တော်တော်လေး ဒုက္ခရောက်တယ်။ ကျတော်တို့ ကရင်နီပြည်တွင်းထဲ ကျန်းမာရေး အဖွဲ့ကလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရဘူး။ နယ်စပ်မှာလည်း ဒုက္ခသည်တွေ ပြေးလာတယ်ပေါ့။ အခုအတောအတွင်းမှာလည်း တခြားတိုင်းရင်းသားဒေသ နယ်စပ်တွေမှာလည်း ကိုဗစ်ရောဂါကူးစက်တာ ဖြစ်လာတဲ့အတွက် အမြန်ဆုံးကာကွယ်ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ထင်တာနဲ့ ကျတော်တို့ အဖွဲ့ထဲမှာပါလာကြတယ်ပေါ့နော။ ကျန်းမာရေးရှုထောင့်အနေနဲ့ ပါဝင်ရခြင်းဖြစ်ပါတယ်။

မေး။ ။ လူထုရဲ့ ကျန်းမာရေးသော်လည်းကောင်း၊ ကိုဗစ်ကာကွယ်စောင့်ရှောက်မှု သော်လည်းကောင်း ဆရာတို့အနေနဲ့ ဘယ်လိုစီမံဆောင်ရွက်ထားတာ ရှိပါသလဲ။

ဖြေ ။ ။ လောလောဆယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မရှင်အနေနဲ့ ကိုဗစ်ကာကွယ်လုပ်ငန်းအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ ရရှိဖို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ ရှိတယ်။ နောက်ပြီးတော့မှ ကိုဗစ်ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ မြန်မြန်ဆန်ဆန်နဲ့ ထိုးနိုင်သွားဖို့အရေးကိုလည်း WHO တို့ Unicef တို့ နဲ့ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်နေတာတွေရှိတယ်။ ဆိုတော့ ပြည်တွင်းက သော်လည်းကောင်း Cross Border သော်လည်းကောင်း၊ ကြားခံ တတိယအဖွဲ့အစည်း (Third Party )ကနေ ထိုးနှံပေးဖို့ပေါ့။ ဆိုတော့ NUGအစိုးရက ကျန်းမာရေးဝန်ထမ်းတွေလည်း မပါဘူး။ စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေလည်းမပါဘူး။ Third Party ဆို တာ WHO တို့ UNICEF တို့ ကနေပြီး တတိယလူအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထိန်းချုပ်ရေးတွေ လုပ်ဖို့ရှိတယ်။ ဒါကြောင့်မို့လို့ ကျတော်တို့ ပြည်နယ်မှာတော့ လက်ရှိပေါ့ ဘယ်သူတွေက ကိုဗစ်ကာကွယ်ဆေးကို ထိုးနိုင်မလဲဆိုတာ ပြည်တွင်းပြည်ပ ပေါ့။ နယ်စပ်အပါ အဝင် CDM ,IDPs တွေ အကုန်ပေါ့။ အဲ့ဒါတွေအတွက် စာရင်းဇယားတွေပြုစုနေတာရှိပြီပေါ့နော။ အခုလောလောဆယ် နယ်စပ်မှာ Karenni Covid-19 Pandemic Prevention Committee ဆိုပြီး KnCPPC ဆိုပြီးတော့မှ ဖွဲ့စည်းပြီးလုပ်နေတာ ၂ နှစ်တော့ရှိနေပြီ ခုချိန်ထိလည်းဆက်လုပ်နေပါတယ်။ ဒါကို ကျတော်တို့ ဆေးခန်းတွေတိုးချဲ့ပြီးတော့မှ အရင်တုန်းကတော့ Fever Clinic တွေလုပ်ထားပြီးတော့မှ အခုကျတော့ Fever Clinic ကနေပြီးတော့မှ Primary Clinic ပုံစံမျိုး တိုးချဲ့ပြီးလုပ်သွားဖို့ အစီအစဉ်ရှိတယ်။ အဲဒါတွေက ကိုဗစ်ကာကွယ်ဆေးထိုးပြီး စာရင်းဇယားတွေ ကောက်ယူနေတာတွေရှိတယ်။ နောက်ပြီးတော့ နယ်စပ်မှာ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်တာရှိတယ်ပေါ့နော။ ပြည်တွင်းမှာကျတော့ Mobile Teamတွေ ရှိတယ်။ အဓိကကတော့ CHDNအဖွဲ့ကနေ Mobile Team အနေနဲ့ ဆေးဝါးလက်လှမ်းမှီတဲ့ နေရာမှာ လိုက်ပြီး ကုသပေးနေတာရှိတယ်။ အခုက ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် NUGကျန်းမာရေးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ကိုဗစ်ကာကွယ်ကုသရေးအဖွဲ့ကို ဖွဲ့စည်းပြီးပြီ ဖြစ်တယ်။ ဆက်ပြီး ထိထိရောက်ရောက်နဲ့ လုပ်သွားနိုင်ဖို့ဆိုပြီးတော့မှ စီစဉ်နေတာတွေရှိပါတယ်။

မေး။ ။ လက်ရှိဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး ဘာအခက်အခဲတွေရှိလဲ။ ဘာလိုအပ်ချက်တွေရှိလဲ။

ဖြေ။ ။ စစ်ဘေးရှောင်တွေက ပြေးလွှားပုန်းနေရတဲ့အတွက် နေရာတိုင်းမှာ ဆေးဝါးကုသမှုကို မလုပ်နိုင်ဘူးလေ။ ပြည်တွင်းမှာဆိုရင်တော့ နယ်လှည့်ကျန်းမာရေးပေါ့နော။ နယ်စပ်မှာကျတော့ အစောပိုင်းကတော့ စခန်းတွေမှာ ဒီလိုမျိုးဖြစ်လာမယ်မထင်ဘူးပေါ့လေ။ အခုနောက်ပိုင်း တိုက်ပွဲတွေက ဆက်တိုက်ဖြစ်လာခါကျတော့ IPDs စခန်းတွေပေါ်လာခါကျတော့ အလျင်အမြန်လုပ်ရတယ်။ စာရေး၊ နေရေး ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးတဲ့နေရာမှာ လက်လှမ်းမမှီတာတွေလည်း ရှိတာပေါ့နော။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။

မေး။ ။ လက်ရှိအခြေအနေမှာ မြို့နယ်၊ ရပ်ကျေးတွေမှာ ကိုဗစ်ကာကွယ်ထိန်းချုပ်တဲ့ အနေနဲ့ Lockdown ချထားတာရှိတယ်ဆိုတော့ စာရင်းကောက်ယူတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိနေနိုင်လဲ။

ဖြေ။ ။ တော်တော်လေးခက်ခဲတယ်။ ပြည်တွင်းမှာ စားနပ်ရိက္ခာပို့ဆောင်ဖို့ ဆေးဝါးပို့ဆောင်ဖို့ပေါ့နော။ Lockdown ချတာကတစ်မျိုး၊ လုံခြုံရေးအရဆောင်ရွက်ရတာက တစ်မျိုးဆိုတော့ ဒီဟာကလည်း အခက်အခဲတော်တော်လေး ဖြစ်နေတယ်ပေါ့နော။ ပြည်တွင်းမှာလည်းဖြစ်တယ်။ နယ်စပ်မှာလည်းဖြစ်တယ်ပေါ့နော။ အဲ့ဒါကြောင့်မို့လို့ ဒီကစ္စတွေကို အမြန်ဆုံး NUG နဲ့ပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ပဲဖြစ်ဖြစ် ဒါတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့မှပဲ ကော်မရှင်ထဲမှာ ပါလာတယ်ပေါ့နော။

မေး။ ။ ကိုဗစ်ထိန်းချုပ်ကာကွယ်မှု ဆောင်ရွက်နေကြတဲ့ အသင်းအဖွဲ့၊ ကော်မတီတွေ နဲ့ ချိတ်ဆက်ဆောင်ရွက်တာ ရှိနေပြီလား။

ဖြေ။ ။ ဒေတာတွေကောက်တဲ့အခါမှာ ဒါတွေကတော့ ချိတ်ဆက်ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်။ ကျတော်နားလည်တာကတော့ လက်ရှိပကတိ အခြေအနေအရ သူတို့ကိုယ်၌ကလည်း လုံခြုံရေးအရ ရှောင်နေရာတွေ ရှိတယ်လေနော။ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနိုင်ခြင်းမရှိဘူးလို့ ကျတော်အဲလိုထင်တယ်။ နောက်ပြီးတော့မှ KSCC မှာ ပါဝင်တဲ့သူတွေပဲဖြစ်ဖြစ အခြားအစုအဖွဲ့ပဲ ဖြစ်ဖြစ် သူတို့လည်း အခက်အခဲရှိတယ်။ ဒါကိုတော့ ကျတော်တို့ အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ ဒေတာတွေကို ကောက်ခံသွားဖို့တော့ ရှိပါတယ်။

မေး။ ။ ကရင်နီနယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင်လူဦးရေက ပိုပြီးများလာတာဖြစ်တဲ့အတွက် သူတို့အတွက် တစ်စုံတစ်ရာစီစဉ်ဆောင်ရွက်ထားတာရှိလား။

ဖြေ။ ။ ကျတော်တို့ကတော့ IDPs Campအနေနဲ့ပဲ လုပ်ရတာရှိတယ်။ အခုနောက်ပိုင်းမှာ သူတို့အတွက်စားနပ်ရိက္ခာ၊ ဆေးဝါး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကလည်း အရင်ကလိုသိပ်မလွယ်တော့ဘူးပေါ့။ ဒီရောဂါတိုးလာတဲ့အတွက် အခက်အခဲတွေရှိတယ်။ အဲ့ကြောင့် ဒါတွေကတော့ လက်ရှိပြဿာနာတွေပေါ့နော။ အတတ်နိုင်ဆုံးကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေကို ရောဂါကာကွယ်တဲ့အနေနဲ့ကော သူတို့ကို ကျတော်တို့ လူသားချင်စာနာထောက်ထားတဲ့အထောက်အပံ့တွေ ပြည့်ပြည့်စုံစုံရအောင် ကြိုးပမ်းတယ်။ ကြိုးပမ်းတဲ့နေရာမှာ ရှိပြီးသားလူကို နည်းနည်းပြည့်စုံအောင် လုပ်ပေးဖို့အတွက် လမ်းတွေကို ယာယီပိတ်ပေမယ့်လည်း လူကတော့ ဆက်လာသေးတာပဲပေါ့နော။ ဒီလိုအခက်အခဲတွေတော့ ရှိပါတယ်။ ကျတော်တို့ကတော့ အဲ့ဒါတွေလုပ်ပေးနေပါတယ်။

မေး။ ။ နယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင်လာကြတဲ့ လူဦးရေဘယ်လောက်ရှိနေပြီလဲ။

ဖြေ။ ။ ခန့်မှန်းခြေပြောရရင်တော့ ထိန်းချုပ်နယ်မြေဆိုတာကတော့ IDP ကတော့ နယ်စပ်မှာလည်းရှိတယ် အနောက်ဖက်ကမ်း သံလွင်မဖြတ်သေးတဲ့နေရာမှာလည်းရှိတယ်လေ။ အားလုံးဆိုရင်တော့ အရင်တုန်းက ဆိုးဆိုးဝါးဝါးဖြစ်တဲ့အချိန်မှာ သိန်းကျော်သွားတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း အဲ့ထက်တော့မလျော့ဘူး။ ဘာလို့ဆိုရင် အရင်တုန်းက လွိုင်ကော်ဂွင်ကလည်း နည်းနည်းတည်ငြိမ်သေးတယ်လေ။ အခုနောက်ပိုင်း လွိုင်ကော်ကရွာတွေ တော်တော်ပြန်ပြေးရတယ်။ ဆိုတော့ စစ်ကောင်စီက လူထုတွေကို စစ်ဘေးရှောင်စခန်းတွေကို သွားပြီး အိမ်ပြန်နေဖို့ပြောပေမယ့်လည်း တချို့တလေလောက်ပဲရှိတယ်။ များတဲ့သူတွေကတော့ သူတို့ တောထဲမှာပဲ နေတဲ့နေရာမှာပဲပြန်နေတာရှိတယ်။ တခြားကျေးရွာတွေမှာပြန်ပြီး ခိုလှုံနေတာတွေရှိတယ်။ အဲ့လိုတိမ်းရှောင်နေတာတွေရှိတယ်။ အဲ့ဒါကတော့ နကိုယ်အတိုင်းပဲ သို့သော် ဒီဖက်ကိုကူးလာတဲ့သူတွေနဲ့ ကျတော်တို့နယ်မြေထဲကို ရောက်နေတဲ့သူတွေကတော့ ၃ထောင်လောက်တော့ရှိမယ်ထင်တယ်။ ခန့်မှန်းခြေပေါ့ ဒီမှာရှိတဲ့ နယ်စပ်တစ်ခုထဲမဟုတ်ဘူး။ အခုတာဝန်ယူပြီး လုပ်နေတဲ့ဟာတွေပေါ့နော။

မေး။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောပြချင်တာရှိသေးလား။

ဖြေ။ ။ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ တော်တော်လေးလိုတယ်။ ဘာကြောင့်လဲ ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုရဲ့ ဘဝလုံခြုံမှုပေါ့။ လုပ်ပေးရမယ့်အစား ပြည်သူလူထုကို ပိုပြီးတော့မှ အသက်အန္တာရာယ်ကို ခြိမ်းခြောက်တဲ့လုပ်ရပ်ကို ပိုပြီးတော့ လုပ်နိုင်တယ်။ အခုက ကိုဗစ်ရောဂါပြန့်ပွားနေတာကို ရောဂါကိုထိန်းချုပ်ရမယ့်အစား စစ်ဆင်ရေးကိုလုပ်နေတယ်ဆိုတော့ ဖြစ်တာကလည်း ကျတော်တို့ တိုင်းရင်းသားနယ်မြေတွေမှာပဲ ဖြစ်တာဆိုတော့ တိုင်းရင်းသားလူမျိုးစု တွေရဲ့ မျိုးနွယ်စုဆိုင်ရာ လူသားပျက်သုန်းရေးကို ပိုပြီးတော့ လုပ်ဆောင်လာတယ်လို့ ကျနော်က အဲ့လိုပဲသတ်မှတ်တယ်။ ဆိုတော့ လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာမှုမရှိဘူး။ ဒါတွေကို အတတ်နိုင်ဆုံး နိုင်ငံတကာက သိအောင် ကျတော်တို့ လုပ်ဖို့လိုတယ်။ လုပ်ဖို့အစီအစဉ်ကိုလည်း ကြားထဲမှာညှိနှိုင်းဆောင်ရွက်နေတာရှိပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – မေးမြန်းသည်။