“ရောဂါတွေလည်း ပျံ့နှံ့နေတယ်။ နိုင်ငံရေးလည်း မကောင်းနေတဲ့အခြေအနေမှာ ရှိနေတာကြောင့် ပြည်သူတွေအားလုံး ဘယ်စစ်ရှောင်စခန်းတွေမဆို အားလုံးက အမှောင်ထုကြီးလို ခံစားရလိမ့်မယ်” ဆရာခါးလီ (KHCC)

0
200

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့(KHCC)မှ ဆရာခါးလီနှင့် အမေးအဖြေ

၂၉ ဇူလိုင် ၂၀၂၁

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကူးစက်မှု စတင်လာချိန် စစ်ရှောင်များ၏ စားနပ်ရိက္ခာနှင့် အခြားကူညီထောက်ပံ့မှုများနှင့် ပတ်သက်ပြီး ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) တာဝန်ရှိသူလည်းဖြစ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဖွံ့ဖြိုးရေးတာဝန်ခံဖြစ်သော ဆရာ ခါးလီကို မေးမြန်းထားပါသည်။
မေး- လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ Covid – 19 တတိယလှိုင်းအခြေအနေနှင့် ပတ်သက်ပြီး သိရှိရထားသလောက် ပြောပြပေးပါ။

ဖြေ- ဒီတစ်ခေါက် ကိုဗစ် တတိယလှိုင်းက တော်တော်ဆိုးလာတာကိုတွေ့ရတယ်။ စစ်ရှောင်တွေမှာမက တောင်ပေါ် ကျေးရွာ ဒေသ နေရာတော်တော်များများလည်း ဖြစ်တယ်။ တစ်ချို့က မြို့ဆေးရုံကြီးတွေနှင့် ချိတ်ဆက်ပြီး ကုသနေသလို ကျေးလက်ကျန်းမာရေးဌာနတွေကနေ ကုသခံယူနေသူတွေလည်းရှိတယ်။ တစ်ချို့တွေကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်တိုင်ဆေးကုယူနေကြသူတွေလည်းရှိတယ်။ အားလုံးသိတဲ့အတိုင်း စစ်ရှောင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် အရမ်းစိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတော့ စခန်းအတွင်းကို ဝင်ပြီး ဆေးကုသဖို့ ဝင်ဖို့ခက်သလို ထွက်ဖို့လည်းခက်။ ပြီးရင် တစ်ခြား ဘယ်ကူညီထောက်ပံ့မှု တွေမှလည်း ဝင်နိုင်ဖို့ စိုးရိမ်၊ ဒီလို တစ်ခုခုပြီး စိုးရိမ်နေရတဲ့ အခြေအနေမှာ ခက်ခဲတဲ့ ဒဏ်ကို အားလုံးကြုံတွေ့ခံစားနေရ ပါတယ်။ တွေ့ရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း လက်တွေ့ သူတို့ကို သွားရောက်စစ်ဆေးပေးတယ်။ လူနာကိုယ်တိုင် သွားရောက်ကုသချင်တဲ့နေရာသို့ ကျနော်တို့အနေနဲ့ ပို့ဆောင်ပေးတာတွေ၊ ဒါမှမဟုတ် သူတို့အနေနဲ့ ဆေးရုံမသွားချင်ဘူးဆိုရင် ကျနော်တို့အနေနဲ့ အိမ်တိုင်ရာရောက် တာဝန်ရှိ ဆရာ၊ ဆရာမတွေနှင့်အတူ သွားရောက်ဆေးကုသပေးတယ်။ ဆေးတွေပေးတယ်။ အစားအသောက်တွေ သွားရောက်ပေးတာတွေ လက်ရှိ ပြုလုပ်နေပါတယ်။

မေး – အခုလို ကိုဗစ် တတိယလှိုင်းကြောင့် စစ်ရှောင်စခန်းတွေမှာ ကိုဗစ် ပိုးတွေ့လူနာတွေရှိလာတယ်ဆိုတော့ ဆရာတို့ရဲ့ ပြင်ဆင်မှု ဘယ်လိုရှိလဲဆိုတာ ပြောပြပေးပါ။

ဖြေ – KBC အနေနဲ့လည်း ဒီဟာကို သီးသန့် တာဝန်ရှိသူတွေ ဆေးဝါးပိုင်းဌာနတွေကိုယ်တိုင် ဦးဆောင်ပြီး ပြုလုပ်ပေးနေတဲ့ အပိုင်းရှိပါတယ်။ ဥပမာ အောက်ဆီဂျင် စက်ထောင်ထားပြီး အသင်းသားတွေ စစ်ရှောင်စခန်းတွေနှင့် တစ်ခြား ညီအစ်ကို ပြည်သူတွေအားလုံး လိုအပ်ရင် လုပ်ပေးနိုင်အောင်လို့ စီစဉ်နေတယ်။ ထိုနည်းတူပဲ တစ်ချို့ ဆေးရုံကြီးဆီ သွားရောက် မကုသလိုသူတွေအတွက် ကိုယ်တိုင်ကုသနိုင်ဖို့ နေရာ ပြင်ဆင်နေတာတွေရှိတယ်။ တစ်ချို့ ကိုယ့်အိမ်မှာပဲ အိမ်သားတွေအတူ ကုသလိုသူတွေအတွက်လည်း အိမ်တိုင်ရာရောက် သွားရောက်ကုသပေးနိုင်အောင်၊ လိုအပ်လာလျှင် သွားလာ ပို့ဆောင်ရေး လွယ်ကူအောင် မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ အနီးတစ်ဝိုင် လက်လှမ်းမှီသလောက်တော့ ပြင်ဆင်ထားတာရှိတယ်။ အသင်းတော်တိုင်းကလည်း ကိုယ့်အသင်းသူ အသင်းသားအားလုံးအတွက် လိုအပ်လာမှုပေါ်မူတည်ပြီး ကူညီနိုင်အောင် ပြင်ဆင်နေတာတွေရှိတယ်။

မေး – ဟုတ်ကဲ့ပါ။ နောက်တစ်ခုက ခက်ခဲတဲ့ တောင်ပေါ်ဒေသတို့ ဘွမ်ရာယန်လိုမျိုး လမ်းခရီးခက်ခဲတဲ့ စစ်ရှောင်တွေ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ – အဲ့လိုမျိုးနေရာတွေအတွက်တော့ ကျနော်တို့ KBC အနေနဲ့ လက်လှမ်းမမှီနိုင်တဲ့အခြေအနေမှာရှိနေတယ်။ အဲ့ဘက်က သက်ဆိုင်တဲ့အစိုးရတွေနဲ့အဝင်အထွက် သွားလာရေးလည်း ခက်ခဲတော့ အရမ်း ဒုက္ခရောက်နေရလိမ့် မယ်။ ဘယ်လောက်ထိခက်ခဲနေတယ်ဆိုတာကိုတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ ကိုယ်ကိုယ်တိုင် မသွားနိုင် မကြည့်နိုင်တဲ့အတွက် ဘယ်နှယောက်ဖျားနေတယ်၊ ကိုဗစ်ရောဂါအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာတော့ အခုရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့ကတော့ ခက်ခဲတယ်။

မေး – အခုလို ဆရာတို့အနေနဲ့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ် တတိယလှိုင်းနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့ပေး နေမှု လုပ်ဆောင်နေတဲ့အခါမှာကော ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – ကျနော်တို့ ပြင်ဆင်နေတဲ့ပိုင်းမှာ ဆလင်ဒါ လိုမျိုးတွေ ကျနော်တို့ ရှာနေတယ်။ မှာထားတယ်။ ဒါပေမဲ့ တစ်ခုမှ ရောက်မလာဘူး။ ဒီမှာရှိတဲ့ နဂိုကရှိတဲ့ ၄၊ ၅ ခုလောက် ရရှိထားတာပဲရှိတယ်။ ကျနော်တို့ ၃၀၀၊ ၄၀၀ မှာထားတယ်။ ဒါပေမဲ့ အခုလမ်းခရီးအခက်အခဲကြောင့် အမျိုးမျိုးကြောင့် မရောက်လာတာဖြစ်လိမ့်မယ်။ အောက်ဆီဂျင်စက်လည်း မှာထားတယ်။ ဆေးဝါးတွေလည်း မှာထားတယ်။ ဆိုတော့ လက်ရှိတတိယလှိုင်းဖြစ်လာ တော့ အသင်းသားတွေလည်း စစ်ဘေးရှောင်စခန်းတွေလည်း တတ်နိုင်သလောက် ကူညီနိုင်အောင် လို့ နိုင်ငံတကာကို အကူညီတောင်းပြီး ကူညီမှု ပြင်ဆင်နေတဲ့ပိုင်းတွေရှိတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေအရ ဆက်သွယ်ရေးခက်ခဲတယ်။ ငွေကိစ္စပိုင်းတွေလည်း ခက်ခဲတော့ ကျနော်တို့ အတွက်လည်း အချိန်ကြန့်ကြာမှုရှိတယ်။ ခက်ခဲနေတဲ့ ပြည်သူတွေဆီ အချိန်မှီ ရောက်နိုင်အောင် တတ်နိုင်သ လောက် ပြင်ဆင်နေပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် နောက်ကျနေတာက အခက်အခဲကြီး တစ်ခုဖြစ်နေပါတယ်။ ကျနော်တို့ အကူအညီတောင်းထားတဲ့သူတွေထံမှ မရသေးသလို ကျတော်တို့တွေဆီ အကူအညီထောင်းထားတဲ့သူတွေထံသို့ လည်း မပို့ပေးနိုင်သေးတဲ့ အခက်အဲဖြစ်နေတယ်လို့ပြောချင်ပါတယ်။

မေး – နောက်ဆုံး ဆရာ့အနေနဲ့ ဘယ်လိုဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ – ကျနော်တို့ ရောဂါတွေလည်း ပျံ့နှံ့နေတယ်။ နိုင်ငံရေးလည်း မကောင်းနေတဲ့အခြေအနေမှာရှိနေတာကြောင့် ပြည်သူတွေအားလုံး ဘယ်စစ်ရှောင်စခန်းတွေမဆို အားလုံးက အမှောင်ထုကြီးလို ခံစားရလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဒါကို ဖြတ်ကျော်နိုင်အောင် ဦးဆောင်သူတွေကိုပဲ စောင့်နေကြည့်နေတာမျိုးမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကလည်း ဒါကို ဖြတ်ကျော်နိုင်အောင် သတိဝိရိယနှင့် ကျန်းမာရေးလည်း ဂရုစိုက်၊ သွားလာရေးလည်း ဂရုစိုက်ပြီး ဒီတစ်ခါကို ဖြတ်ကျော်နိုင်အောင် လက်တွဲပြီး ကြိုးပမ်းလုပ်ဆောင်သွားရအောင်။ ဒီလိုဆိုရင် ကျနော်တို့ မျှော်လင့်ချက်အသစ် တစ်ဖန်ပြန်ရလိမ့်မယ်လို့ ခွန်အားပေး နိုးဆော်ချင်ပါတယ်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here