အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲရလဒ်များ ဖျက်သိမ်းကြောင်း ကြေညာချက် NUG နှင့် CRPH အား ပြည်သူလူထုနှင့် နိုင်ငံတကာအသိမှတ်မပြုစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သုံးသပ်

0
224

၃၀ ဇူလိုင် ၂၀၂၁

အာဏာသိမ်းစစ်ကောင်စီ၏ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များ ဖျက်သိမ်းကြောင်း ကြေညာခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့အား မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာအသိမှတ်ပြုမှုမရရှိရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ(BWU)က ဆိုပါသည်။

အမျိုးသမီး သမဂ္ဂ BWU အကြံပေး ဒေါ်တင်တင်ညိုက “အဓိကကတော့ NUGနဲ့ CRPH ရဲ့ တရားဝင်မှုကို သူတို့ အနေနဲ့က လုံး၀ပျက်သုန်းရေးပေါ့၊ နောက်ပြီးတော့ လူထုတွေရဲ့ အသိအမှတ်မပြုရေး နိုင်ငံတကာရဲ့ အသိအ မှတ်မပြုရေးအတွက်ကို သူတို့အနေနဲ့က ရည်ရွယ်တယ် လို့မြင်တယ်ပေါ့” ဟုပြောသည်။

ထို့အပြင် စစ်ကောင်စီမှ ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ခြင်းသည် လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအစည်းအဝေးတွင် ကုလမဂ္ဂမှ မည်သည့်အဖွဲ့ကို အစိုးရဖြစ်ခွင့် အသိအမှတ်ပြုမည် မပြုမည် နှင့် လည်း ဆက်စပ်မှု ရှိနိုင်သည် ဟု ဆက်ပြောသည်။

“ဒီလာမယ့် စက်တင်ဘာမှာ ဆိုလို့ရှိရင် ကုလသမဂ္ဂပေါ့နော။ အဲဒီမှာ သူကိုယ်စားပြုပါဝင်တဲ့နေရာမှာ စစ် ကောင်စီနဲ့ NUGနဲ့က အပြိုင်အဆိုင် လုပ်ရမယ့် အနေအထားလည်း ဖြစ်တယ်။ ဆိုတော့ အဲဒီမတိုင်ခင်မှာ ဒါကို ဖျက် ပယ်လိုက်တယ်ဆိုတာက တော့ အဲဒီဖက်မှာလည်း တရားဝင်မှု နိုင်ငံတကာမှာလည်း တရားဝင်မှု မရ အောင် ကုလသမဂ္ဂမှာလည်း တရားဝင်မှု မရအောင် လုပ်လိုတဲ့ သဘောဆန္ဒလို့ ထင်ပါတယ်” ဟု ဒေါ်တင်တင် ညို က ပြောသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ယခင် စစ်အာဏာရှင် အစိုးရ အဆက်ဆက်မှ စစ်အာဏာရှင်စနစ် ရေရှည် တည်မြဲရန် လုပ်ဆောင်မှုမျိုးနှင့် ပုံစံတူသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်း ရေးမှူး နော်ဆဲဆဲ က ပြောသည်။

၎င်းက “ဒီ စစ်တပ်က ကျမတို့ လက်ရှိ အခင်းအကျင်း ပေါ်မှာပဲ ကျမတို့ ကြည့်ရမှာ မဟုတ်ဘူးပေါ့နော။ ကျမတို့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဆိုးကျိုးတွေ သက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ် ပေါ့နော။ ဒီအဖွဲ့က တစ်ဖွဲ့တည်း ဆိုတဲ့ဟာမျိုးကို လည်း နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့ ကျမက ပြောချင်တယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရရှိထားသည့် NLD အစိုးရမှ CRPH၊ NUG မှတဆင့် လူထုကို ဆက်လက် ဦးဆောင်မှုပေးနေသည့် ဖြစ်တည်မှုကို စစ်ကောင်စီမှ ရိုက်ချိုးလိုသည့် သဘော အဖြစ် တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က မဲအသာဖြင့် အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရခဲ့ သကဲ့သို့ တိုင်းရင်းသား နိုင်ငံရေး ပါ တီ အချို့လည်း အနိုင်ရခဲ့ကြသည်။

သို့သော် အဆိုပါ ရွေးကောက်ပွဲရလဒ်သည် မဲမသမာမှုများရှိသည်ဟု ဆိုကာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် စစ်အာဏာသိမ်းခဲ့သည့် အပြင် ရွေးကောက်ပွဲကော်မရှင် အသစ်ကိုပါ ဖွဲ့စည်းပေးခဲ့ပြီး ၂ နှစ်အကြာတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ပေးမည်ဟု ပြောဆိုထားသည်။

ထိုပြောဆိုမှုနှင့် ပတ်သက်၍ ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ပြောရေးဆိုခွင့်ရှိသူ မွန်းနေ လီက “ဒီမိုကရေစီလမ်းကြောင်းဆိုပြီးတော့ သူတို့က ဘယ်လိုပြောမလဲ ရွေးကောက်ပွဲတွေ လုပ်ပေးခဲ့ တယ်။ ၂၀၁၀ တို့ ၂၀၁၅ တို့ ပြီးလို့ရှိရင် အခု ပြီးခဲ့တဲ့ ၂၀၂၀ ပေါ့နော ဒီရွေးကောက်ပွဲတွေ သူတို့က ဖန်တီး ပေးခဲ့တယ်။ ဒါကတော့ ဟန်ပြနိုင်ငံတကာကို ပြဖို့အတွက် သူတို့ လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိတ်ပြီးတော့ ကြံနေတဲ့ အရာကတော့ ဟိုးအရင်ကတည်းက သူတို့ ရှိနေတဲ့ဟာ ရှိတယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ဒီ သူတို့ကလည်း သူ တို့ရဲ့ လုပ်ဆောင်မှုတွေ ဆက်ပြီးတော့ လုပ်နေတယ် ပြီးလို့ရှိရင် ဒါတွေကို ပယ်ဖျက်တယ်ဆိုတဲ့ဟာကို လုပ် တယ်” ဟု ပြောသည်။

စစ်ကောင်စီမှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ပြောဆိုမှုများသည် နိုင်ငံသူနိုင်ငံသားများ၏ အရေးကို ရှေ့ရှုးခြင်းမျိုး မဟုတ်ပဲ အာဏာတည်မြဲဖို့ရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု အမျိုးသမီး သမဂ္ဂ BWU အကြံ ပေး ဒေါ်တင်တင်ညို ပြောသည်။

၎င်း “ဘယ်လိုပဲ ဖြစ်ဖြစ် စစ်တပ်ကနေပြီးတော့မှ စီစဉ် ပေးတဲ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါက လည်း ၂၀၁၀ ရွေးကောက် ပွဲတုန်းကလည်း ကျမတို့ သိပြီး ပြီပေါ့နော။ ပြီးတော့မှ ကြားဖြတ်ရွေး ကောက်ပွဲ တောက်လျှောက်ပေါ့။ ဒါပေ မယ့် လူထုတွေရဲ့ ဆန္ဒက လူထု တွေရဲ့ တကယ်ဖြစ်စေချင်တဲ့ ပုံစံကို သူတို့က မ ကျော်လွန်နိုင်လို့သာ နောက်ပိုင်း မှာ ဒီ NLD ပါတီက အနိုင်ရခဲ့ တာမျိုးဖြစ်ခဲ့တာကိုး ဆိုတော့ သူတို့ပုံသွင်းခဲ့တဲ့ ပုံစံအတိုင်း မဖြစ်တော့ တစ်ခါ တစ်ကြော့ ပြန်ပြီးတော့မှ အရင် တုန်းက လုပ်ခဲ့တဲ့ပုံစံ ပြန်လုပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် သေချာတယ်။ စစ်တပ်က ဘယ်တုန်းကမှ ပြည်သူ လူထုကို မျက်နှာမူတာ မရှိခဲ့ဘူး။ ပြည်သူလူထုတွေရဲ့ ကောင်းကြိုးကို ရှေ့ရှု့ပြီး စဉ်းစားတာ ဘယ်တုန်းမှ မရှိခဲ့ ဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး သက်ဆိုး ရှည်စေရေးကိုပဲ အမြဲတမ်း ဦးတည် လုပ်ဆောင်တာ ဖြစ်တယ်ပေါ့ နော်” ဟု ပြောသည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပေးမည်ဆိုသည့် စစ်ကောင်စီ၏ ပြောဆိုမှုကို သတိထားရန် လိုသည်ဟု အမျိုးသ မီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်း ရေးမှူး နော်ဆဲဆဲ က ဆိုသည်။

နော်ဆဲဆဲက “ဒီ သိထားပြီးသား စစ်တပ်ရဲ့ လမ်းကြောင်းကို ကျမတို့ မပါသွားဖို့ကတော့ အရေးကြီးတယ်ပေါ့ နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်တပ်က ဘယ်လိုပဲ သူတို့ ကောင်းတဲ့ လမ်းကြောင်းကို စဉ်းစားစဉ်းစား သူတို့ရဲ့ ယုတ်မာမှုက ယုတ်မာမှုပဲ ကမ္ဘာမှာ သိကုန်ပြီပေါ့နော။ ဆိုတော့ ကိုယ်သွားပါဝင် ပတ်သက်ခြင်းအားဖြင့် ကိုယ် ပါ တရားခံ ဖြစ်သွားနိုင်တယ်ပေါ့နော။ ဆိုတဲ့ဟာမျိုးကို ကျမကတော့ သတိထားစေချင်တယ်ပေါ့နော။ အထူး သဖြင့် နိုင်ငံရေး ပါတီတွေပေါ့နော” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေများနှင့် ညီညွှတ်မှု မရှိကြောင်း စစ်ကောင်စီက အသစ်ခန့်အပ်ထား သည့် UEC က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲအဖြစ် စုံစမ်းတွေ့ရှိရသည့်အတွက် အဆိုပါ ရွေး ကောက်ပွဲမှ ရလာသည့် ရလဒ်ကို ပယ်ဖျက်ကြောင်း UEC အသစ်၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထား သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းများအရ စစ်ကောင်စီမှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက် ကြောင်း ထုတ်ပြန်မှုများသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ် မှ ဖြစ်တည်လာသည့် CRPH နှင့် NUG ကို နိုင်ငံတကာမှ တရားဝင် အသိအမှတ်ပြုမှု မရရှိအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသမီး အဖွဲ့များက ဆိုသည်။

NMG – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here