အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ထန်တလန်မြို့ ခံ ၁၀နှစ်အရွယ် ကလေးငယ်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ ဟုဆို

0
111

ဓာတ်ပုံ – Citizen Journalist

၂၇ ဩဂုတ် ၂၀၂၁

ချင်းပြည်နယ် ထန်တလန်မြို့က ရဲစခန်းအနီး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း အသက် ၁၀ နှစ်အရွယ် ကလေး ငယ်တစ်ဦး သေဆုံးပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၅ ရက် ညနေပိုင်း ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထန်တလန် CDF တပ်ဖွဲ့တို့ အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာမှ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၁၀ နှစ် အရွယ် မောင်ဗန်ဘွေဟန် သေဆုံးသွားခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

“သြဂုတ်လ ၂၅ ရက် ညနေ ၃ နာရီလောက်မှာ ဖြစ်တာပါ။ သူတို့အပြန်အလှန်ပစ်နေရင်းက စစ်တပ်က ပစ် လိုက်တဲ့ လက်နက်ကြီးကျည်စ ကလေးရဲ့ လည်ပင်းကို ထိသွားတာ။ ကလေးက အိမ်ထဲမှာနေရင်း ထိတာပါ။ အားလုံးက ပုန်းနေကြတာပါ။ သူ့ကိုတော့ ဒီနေ့ မနက်ပိုင်းပေါ့ ၁၀ နာရီမှာ ဆုတောင်းပြီး ဂူသွင်းသင်္ဂြိုဟ် လိုက် ပါပြီ” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထန်တလန်မြို့က ပစ်ခတ်မှုအတွင်း လက်နက်ကြီးကြောင့် ပြည်သူ လူထု၏ နေအိမ်အချို့ ပျက်စီးသွားခဲ့ပြီး ဒေသခံနှစ်ဦးလည်း ထိခိုက်ဒဏ် ရာရခဲ့သည်ဟု ဒေသခံတစ်ဦး က ဆက် ပြောသည်။

“အိမ်တွေပျက်စီးတာလည်း ရှိတယ်။ ကလေးတစ်ယောက်သေတယ်။ ဒေသခံနှစ်ယောက် ဒဏ်ရာရတာလည်း ရှိ တယ်။ ဒီမနေ့မနက်ပိုင်းလည်း လက်နက်ကြီးသံတွေ ၂ ချက် ၃ ချက်လောက်ထပ်ကြားနေရသေးတယ်။ အပြန် အလှန်ပစ်တာတော့ ဒီနေ့မနက်တော့ မရှိတော့ဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဒေသခံ ကာကွယ်ရေး အဖွဲ့များက ဟားခါး-ထန်တလန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

သြဂုတ် ၂၀ရက် နှင့် ၂၁ရက်တို့တွင်လည်း ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား ဖြစ်ပွားခဲ့သည့် CDF-ထန်တလန် နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF က ထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here