နိုင်ငံအချို့ကြောင့် NUG၏ တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်လာနေကြောင်း NUG ထုတ်ပြန်

၁၄ စက်တင်ဘာ ၂၀၂၁

နိုင်ငံအချို့က စစ်ကောင်စီအား နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရန် တရားဝင်ဖိတ်ကြားမှုများနှင့် အ ကျိုးစီးပွားများအတွက် သဘောတူညီချက်များ ရရှိနေခြင်းသည် NUG ၏ တရားဝင် အစိုးရဖြစ်မှုကို ထိခိုက် လာ သည် အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်လိုက်သည်။

နိုင်ငံအချို့က စစ်ကောင်စီအား အသိအမှတ်ပြုသော သဘောဆောင်သည့် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ NUG က “နိုင်ငံအချို့၏ တရားဝင် ဖိတ်ကြားမှုဖြင့် စစ်ကောင်စီက အချို့သော နိုင်ငံတကာ အစည်းအဝေးများ တွင် တက်ရောက်ခွင့်ရနေပြီး အချို့နိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေး သဘောတူညီချက်များပင် ရရှိနေကြောင်း တွေ့ရသော ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် တစ်ခု တည်းသော တရားဝင်ဖြစ်မှုကို ထိခိုက်မှုများရှိလာကြောင်း တွေ့ရသည်” ဟု စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ် ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတ္တမ အကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) သို့ တက် ရောက် မိန့်ခွန်းပြောခဲ့သည်။

ထိုအစည်းအဝေးသို့ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံအပြင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက် တစ်သမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး ချုပ်များ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည် ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က မဲခေါင်-လျန်ချန်း အထူးရန်ပုံငွေ ခေါင်းစဉ်ဖြင့် တရုတ်သံအမတ် ချန်ဟိုင်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦး၀ဏ္ဏမောင်လွင်တို့က မြန်မာနိုင်ငံတွင် အကောင်အထည် ဖော် မည့် စီမံကိန်း ၂၁ ခုကို အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ရေး ထိုးခဲ့ကြသည်ဟု စစ်ကောင်စီနှင့် တရုတ်သံရုံးတို့က ထုတ်ပြန်ထားသည်။

စီမံကိန်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၆ သန်းကျော်ကို တရုတ်အစိုးရက စစ်ကောင်စီအား ပေးအပ် မည် ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး စီမံကိန်းများ၊ ခရီး သွား၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စသည့် စီမံကိန်းများ ပါဝင်သည်ဟု သိရသည်။

ထိုအခြေအနေများအောက်တွင် NUG ၏ တရားဝင် အစိုးရဖြစ်မှုကို ထိခိုက်လာသည့်အပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် နိုင်ငံ တကာကို အားကိုး၍ မရတော့သည့်အတွက် စုပေါင်းညီညွတ်မှုအားဖြင့် စစ်ကောင်စီကို တွန်းလှန်ကြရန် NUG က ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

NUG က “ဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား ကြားဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်လှသော စစ် ကောင်စီ၏ တိုက်ခိုက်မှုများမှ ပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး ၍ မရတော့ပါ။ ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြည်လည်ဆန်းစစ်ကြည့်ပါက တမျိုးသား စည်းလုံး ညီညွတ် မှု၊ စုပေါင်းဆောင်ရွက်မှုတို့ ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှု များကို အဆုံးသတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သိသာထင်ရှားနေပြီဖြစ်သည်” ဟု ပြောသည်။

ထို့ကြောင့် စစ်ကောင်စီအား အမြစ်ပြတ် ခုခံတွန်းလှန်သွားရန်နှင့် ပြည်သူလူထု အားလုံး၏ ညီမျှမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများအား အပြည့်အ၀ ကာကွယ် စောင့်ရှောက်ပေးမည့် ငြိမ်းချမ်း သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်အတွက် ပြည်သူ တရပ်လုံးက စည်းလုံးညီညွတ် စွာ ဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် NUG က တိုက်တွန်းထားသည်။

NMG – ပေးပို့သည်။

Share me now!

Myanmar Peace Monitor