ကိုဗစ်ကြောင့် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက် ကျင်းပမည့်ရက် ထပ်မံရွှေ့ဆိုင်း

0
177

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။

ကွန်ဂရက် သတ်မှတ်ရက် (၆)လနီးပါး ကျော်လာပြီးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးပွဲကို လတ်တလောကိုဗစ် ကူးစက်မှုဆက်လက်ဖြစ်ပွားနေမှု နှင့် သွားလာရေးအခက်အခဲ များကြောင့် မကျင်းပ နိုင်သေးကြောင်း KNU ကွန်ဂရက် ဖြစ်မြောက်ရေး ကော်မတီ ထံမှ သိရသည်။

လေးနှစ်တစ်ကြိမ် ပြုလုပ်ကျင်းပရသည့် ဗဟို အဆင့် KNU ကွန်ဂရက်အစည်းအဝေးပွဲကို ယခုနှစ် မတ်လတွင် ကျင်းပရမည်ဖြစ်ပြီး ကိုဗစ် ကူးစက်ရောဂါအခြေအနေနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ဇွန်လတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် KNU ၏ ခရိုင် မြို့နယ် အသီးသီးတွင် ကူးဗစ်ကူး စက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ကျင်းပနိုင်ရန် စောင့်ကြည့်နေရကြောင်း ကွန်ဂရက်ဖြစ် မြောက်ရေး ကော်မတီ ဥက္ကဌ ပဒို စောဆဲပွယ်က ယခုလိုပြောသည်။

“ပွင့်လင်းရာသီရောက်ရင် လုပ်မလားလို့ ပြောကြည့်တော့ အခုက ခရိုင်တွေမှာ ကိုဗစ်ကူးစက်ခံနေရတာတွေ ရှိနေ တယ်။ ကျနော်တို့ဘက်မှာလည်း တော်တော်လေး ဖြစ်နေတော့ ကျနော်တို့ အနေနဲ့ အဲ့ကိစ္စကို စောင့်ကြည့်နေ တယ်။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးလုပ်ချင်တယ်။ လိုက်ပြီး တီးခေါက်ကြည့်တော့ ကိုဗစ်ကြောင့် မလုပ်ပါသေး နဲ့အုံးဆိုပြီးတော့ပဲ အသံတွေ ထွက်လာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကွန်ဂရက်ကို တက်ရောက်ရမည့် ခရိုင်အလိုက် ကိုယ်စားလှယ်အချို့တွင်လည်း ကိုဗစ် ကူးစက်ခံထားရ သောကြောင့် မကျင်းပ နိုင်ခြင်းဖြစ်သလို ၎င်းကိုဗစ်ကြောင့်လည်း သွားလာရေး အခက်အခဲ များဖြစ်ပေါ် စေကြောင်း နှင့် ကျင်းပသွားနိုင်မည့် အချိန်ကို အတိအကျပြောဆိုရင် ခက်ခဲသော်လည်း အစောဆုံးအနေဖြင့် နိုဝင်ဘာလအတွင်းကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်းလည်း ပဒို စောဆဲပွယ်က ဆက်ပြောသည်။

အလားတူ လက်ရှိ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ် လာသည့် နိုင်ငံရေး အခက်အခဲများကြောင့် KNU နယ်မြေ အတွင်း တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသလို လုံခြုံရေးအရ ဒေသအသီးသီးမှ ခေါင်းဆောင်များ သွားလာရေး အခက်အခဲရှိနေခြင်းကြောင့်လည်း ကွန်ဂရက်မခေါ်နိုင်သေးကြောင်း လည်း KNU ဘက်ကဆို သည်။

၎င်း ကွန်ဂရက် မခေါ်နိုင်သည့်အပေါ် ကရင်လူထုအကြား ဝေဖန်မှုများ ရှိနေပြီး ခေါင်းဆောင် အပြောင်းအလဲ လိုလားသည့် ထုတ်ပြန်တောင်းဆိုမှုများလည်း ပေါ်ထွက်လာခြင်းကြောင့် KNU အနေဖြင့် ကွန်ဂရက် မကျင်းပနိုင်သေးသည့် အခြေအနေကို သက်ဆိုင်ရာ ခေါင်းဆောင်များ နှင့် ကရင်ပြည်သူ လူထုများကို ထုတ်ပြန် အသိပေးသင့်ကြောင့် သုံးသပ်သူများက ဆိုသည်။

“တစ်ဖက်က ဆိုရင် နိုင်ငံရေး အခက်အခဲ တွေရှိတဲ့အတွက် ကျင်းပနိုင်ခြင်းမရှိသေးဘူး။ တစ်ဖက်က ဆိုရင် ဒီ နိုင်ငံရေး အခက်အခဲတွေကြောင့် ပြည်သူလူထုတွေက ကွန်ဂရက်ကို ကျင်းပစေချင်ကြတယ်။ အဲ့ဒါ ကြောင့် ကွန်ဂရက် လုပ်၊ မလုပ်နဲ့ ဘယ်တော့ လုပ်မလဲဆိုတာက ခေါင်းဆောင်တွေက အဖွဲ့အစည်း ရဲ့ လမ်းညွန်ချက် အတိုင်း ဆုံးဖြတ်ရမယ်။ ဒါပေမဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ သူတို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူ လူထုကိုတော့ အသိပေးဖို့ လိုအပ်ပါမယ်။ အဲ့ဒါမှ ပြည်သူလူထုအကြားမှာ ဇဝေ ဇဝါဖြစ်တဲ့ဟာတွေ စိုးရိမ် စိတ်တွေ မရှိလာမှာဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သ စောကပီက သုံးသပ်ပြောဆိုသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်း ဖြစ်စဉ်၏ နိုင်ငံရေး အကျပ်အတည်းကာလတွင် KNU ထိပ်ပိုင်းခေါင်း ဆောင်တချို့၏ ကိုယ်ပိုင် ရပ်တည်ချက် သဘောထားများ ထွက်ပေါ်လာခြင်းအပေါ် အားမလို အားမရ ဖြစ်ပေါ် နေသည့် ကရင်အသိုင်းအဝိုင်း တချို့မှ လက်ရှိ KNU ၏ ထိပ်ပိုင်းခေါင်းဆောင်တချို့၏ အပြောင်းအလဲ ကို လိုလားကြသည့် သဘောထား ထုတ်ပြန်တောင်းဆိုချက်များ ယခင်လများက ထွက်ပေါ်လာခဲ့သည်။

အခုသွားနေတဲ့ နိုင်ငံရေး လုပ်ငန်းတို့ စစ်ရေးလုပ်ငန်းတို့ အုပ်ချုပ်းရေး လုပ်ငန်းတို့ အပေါ်တော့ ကြီးကြီးမားမား သက်ရောက်မယ် မထင်ဘူး။ ဘယ်သူပဲ တက်တက် ဒီ အလုပ်တွေကို ဆက်လုပ်ရမဲ့ သဘောကတော့ရှိတယ်။ ဒီ တာဝန်ယူမဲ့ သူတွေကလည်း အများကြီးမရှိပါဘူး။ ကြီးမားတဲ့ အပြောင်းလဲလည်း ရှိလာမှာ မဟုတ်ပါဘူး။ ရှိလာနိုင်တာက ဥက္ကဌတို့ အတွင်းရေးမှူးတို့လောက်ပဲ။ ဒါကလည်း ရှိချင်မှလည်း ရှိမယ်။ ဟု ပဒို စောဆဲပွယ်က ပြောသည်။

လက်ရှိ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး ဦးဆောင်သည့် ဗဟို ခေါင်းဆောင် များ၏ နိုင်ငံရေး ဦးဆောင်မှုအပေါ် အယုံအကြည်မရှိတော့သောကြောင့် လက်ရှိ ရာထူးမှ ချက်ချင်း နုတ်ထွက် ကြရန် ကရင်လူထုများမှ လက်မှတ်ထိုး တောင်းဆိုသည့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)၏ ထုတ်ပြန်ချက် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ရက်နေ့ ရက်စွဲဖြင့် ထွက်ပေါ်လာခဲ့သေးသည်။

KNU ၏ ဖွဲ့စည်းပုံပါ အချက်အရ ဗဟိုအဆင့် ကွန်ဂရက်ကို သတ်မှတ်ကာလအတွင်း မကျင်းပနိုင်ပါက ကွန်ဂရက် အစည်းအဝေးရွှေ့ဆိုင်းမှုကို ၂ နှစ်ထက်မပိုဘဲ ရွှေ့ဆိုင်းနိုင်ပြီး ယေဘုယျအားဖြင့် လာမည့် ၂၀၂၃ မတ်လ အထိ ရွှေ့ဆိုင်းနိုင်သော်လည်း KNU ခေါင်းဆောင်များအနေဖြင့်လည်း အမြန်ဆုံး လုပ်ဆောင်သွား လို စိတ်ဆန္ဒရှိကြောင်းနှင့် လက်ရှိ ကိုဗစ် အခြေအနေကြောင့်သာ ရွှေ့ဆိုင်းရခြင်းဖြစ်သည်ဟု KNU ခေါင်းဆောင် ဘက်က ဆိုသည်။

KNU ၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင် နှင့် မြို့နယ် အဆင့် ကွန်ဂရက်ကို ၄ နှစ်တစ်ကြိမ် နှင့် ကျေးရွာအုပ်စု အဆင့်ကို ၂ နှစ် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း နိုင်ငံရေး အခြေအနေနှင့် စစ်ရေး ပဋိပက္ခ အခြေအနေများကြောင့် ကွန်ဂရက် ကို ကျင်းပချိန်တန်သည့် ကာလထက် နောက်ထပ် ၁ နှစ် မှ ၂နှစ်အထိ ဗဟို အမြဲတမ်း ကော်မတီဝင်များ၏ ၇၀ ရာခိုင်နှုန်းသော ထောက်ခံမှုဖြင့် ရွှေ့ဆိုင်းနိုင်သည်ဟု ပြဌာန်ထားကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here