တနိုင်း – ရှင်ဗွေယန်လမ်းမ တရုံနှင့် တခက်ရွာအကြား စစ်ကောင်စီတပ်အား KIA မိုင်းခွဲတိုက်ခိုက်

0
167

၁၆ စက်တင်ဘာ ၂၀၂၁

တနိုင်း – ရှင်ဗွေယန်လမ်းမပေါ် တရုံနှင့် တခက်ကျေးရွာကြား ဆက်သွယ်ရေးတာဝါတိုင်အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တရုန်ကျေးရွာမှ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က တခက်ကျေးရွာဘက်သို့ တက်လာခဲ့ရာ KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ပါသည်။

“တရုန်ကနေ တခက်ဘက်ကို တက်လာခဲ့တာကို KIA ကလမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲက အခုချိန်ထိဖြစ်နေတုန်း။ လက်နက်ကြီး လက်နက်ငယ် အစုံဘဲ။ ထိခိုက်မှုအသေးစိတ်က မသိရသေးဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင် လမ်းမကြီးပေါ် အနီးတဝိုက်တွင်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က လက်ရှိတွင် တရုန်ကျေးရွာတွင် စစ်အင်အား ၁၀၀ ကျော်ခန့်က တပ်စွဲနေရာယူထားပြီး ယမန်နေ့တွင် ရှင်ဗွေယန်ဘက်မှ စစ်အင်အား ပြန်လည် တိုးချဲ့ထားကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့မှစပြီး တနိုင်း ရှင်ဗွေယန် လမ်းမပေါ်တွင် ၂ဖက်တပ် စစ်ရေးတင်းမာမှုရှိခဲ့ပြီး တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေလျက်ရှိနေသည်ဟု သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here