29 March 2024 /

See today's Peace Related News

သိန္နီမြို့နယ်အတွင်း ဒေသခံများ၏ လယ်ယာခြံမြေများအား စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်နယ်ခြားစောင့်တပ်များ ဖျက်ဆီးနေဟုဆို

၁၆ စက်တင်ဘာ ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် နားတီးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များက ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီးနေသည့်အပြင် ဒေသခံတောင်သူများကိုလည်း ပစ်ခတ်ခြိမ်းခြောက်နေကြောင်း သိရသည်။

“လူကတော့ ကိုးကန့်တရုတ် လူမျိုး။ ဒါပေမယ့် စစ်ကောင်စီနဲ့ ပေါင်းတဲ့သူတွေ။ ဝတ်စုံက စစ်ကောင်စီ အုပ်ထုပ်နဲ့ ဆင်တာ ဆောင်းတယ်။ စစ်ကောင်စီ တံဆိပ်တော့ မဟုတ် ပြန်ဘူး။ စစ်ကောင်စီ အုပ်ထုပ်နဲ့ တူတာ ဆောင်းတယ်။ BGF လိုမျိုးပေါ့။ နယ်ခြားစောင့်တပ်။” ဟု နားတီးရွာခံ တစ်ဦးက ရှင်းပြသည်။

လောက်ကိုင်မှ လူငယ် ၁၀ ဦးအပါအဝင် ထို BGF အဖွဲ့တွင် လူဦးရေ ၆၀ ခန့်ရှိပြီး နာတီးဒေသခံများ၏ လယ်ယာခြံမြေ ဧကပေါင်း ၄၀၀ ဝန်းကျင်ရှိသော တောင်ကုန်းတွင် ဗုံးခိုကျင်းတူးခြင်း၊ မြှောင်းဖောက်ခြင်းစသဖြင့် ဖျက်ဆီးမှုများပြုလုပ်နေသည်ဟု ဆိုသည်။

“တချို့ ပြည်သူတွေက စပါးခင်း ပေါင်းရှင်းနေဆဲ ဖြစ်တယ်။ ပေါင်းမရှင်းရသေးတဲ့ သူတွေလည်းရှိတယ်။ ပေါင်းရှင်းပြီးသွားတဲ့ ခြံတွေလည်း သူတို့ မြှောင်းတွေအကုန်တူးပစ်တာ။ ဖရိုဖရဲ ဖျက်ဆီးပစ်တယ်။ လယ်တွေလည်း အဲဘက် ကုန်းဘက်က လယ်တွေလည်း ရေလည်း သွားကြည့်လို့မရတော့ဘူး။ ရေခန်းကုန်ပြီလား၊ ရေရှိလား မရှိလားလည်း သွားကြည့်လို့မရတော့ဘူး။ ခုက လယ်တွေကလည်း ထိခိုက်ရှုံးဆုံးနေရပြီ။ အဓိက စပါးများတယ်။ ပြောင်းလည်း စိုက်တော့ စိုက်တယ်။ တချို့ပြောင်းခင်းတွေလည်း သူတို့ ကတုတ်ကျင်း တူးလို့ အကုန် ခုတ်ပစ်လိုက်တယ်။ ဖျက်ဆီးပစ်တာ။ ဒီ ရွာထဲလည်း အဝင်အထွက် သူတို့ ကြိုက်သလို သွားလာ နေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၃၀၊ ၃၁ ရက်ခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ စီးပွားရေး ပူးပေါင်းသော လောက်ကိုင် နယ်ခြားစောင့်တပ်သည် နားတီးကျေးရွာအနီးတွင် စခန်းချပြီး လမ်းကြောင်းတစ်လျှောက် သွားလာသောဒေသခံများကိုလည်း ပစ်ခတ်မှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် ရှမ်း၊ တရုတ်၊ ကချင် မျိုးနွယ်စုများနှင့် မြောင်ဝ် စသည့် လူဦးရေ ၅၀၀ ဝန်းကျင် လုပ်ကိုင်စားသောက်နေသော နေရာဖြစ်သည်။

KNG – ပေးပို့သည်။