29 March 2024 /

See today's Peace Related News

“ပြည်သူလူထုရှိတဲ့နေရာမှာ ရမ်းသမ်းပြီးမှ ပစ်တာကတော့ စစ်တပ်ရဲ့ လိုက်နာရမယ့်စည်းကမ်းကို ချိုးဖောက်တယ်လို့ ပြောလိုပါတယ်” ဗိုလ်မှူးကြီးနော်ဘူ (KIO/KIA)

KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် အမေးအဖြေ

၁၆ စက်တင်ဘာ ၂၀၂၁

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်နယ်မြေနှင့် ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို ထိုးစစ်ဆင်ရေးလှုပ်ရှားမှုများ၊ ဟယ်လီကော်မတာအသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသလို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ လည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လိုင်ဇာမြို့အနီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစင်တာနှင့် ပြည်သူများ နေထိုင်ရာ မိုင်းဆက်ပါကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါ တယ်။ အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီး KIO/KIAရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူနှင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ စက်တင်ဘာလ ၁၅ ရက်နေ့ ညက KIO ဌာနချုပ် လိုင်ဇာနားတဝိုက်ကို စစ်ကောင်စီဘက်က လက် နက်ကြီးတွေနဲ့ ပစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအခြေအနေလေး ပြောပြပေးပါ။

ဖြေ။ ။ မနေ့ကညပေါ့နော်၊ ၁၀ နာရီဝန်းကျင်လောက်မှာပေါ့နော် လက်နက်ကြီးကျည်ဆံ ၅ လုံးလောက် ပေါ့ ပေါက်ကွဲတဲ့ အသံတွေ ကြားပါတယ်။ ကျနော်တို့ လိုင်ဇာတဝိုက်မှာလို့ ပြောလို့ရပါတယ်။

မေး ။ ။ စစ်ကောင်စီက ပစ်တဲ့လက်နက်ကြီးကျည်တွေက ကိုဗစ်စင်တာရှိတဲ့ မိုင်ဆတ်ပါနေရာမှာ ကျတယ် လို့ ကြားရတယ်။ ဆိုတော့ ဘယ်နေရာတွေမှာကျတာလဲ ဆိုတာလည်း သိချင်ပါတယ်။

ဖြေ။ ။ ဘယ်နေရာတွေမှာ ကျတယ်ဆိုတာကတော့ ကျနော် တိတိကျကျပြောလို့မရဘူး။ ဒါပေမယ့် ကျ နော် ပြောလိုတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါက ကျနော်တို့ မိုင်ဆတ်ပါ၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ရေး စင်တာပေါ့ အဲ့ဒီနားမှာ နှစ်လုံးကျသွားတာ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ပြည်သူလူထုရှိတဲ့နေရာ ရွာ လည်း ဖြစ်နေတယ်။ နောက် အခုနက ပြောသလို ကျနော်တို့ရဲ့ ရောဂါထိန်းချုပ်နယ်မြေလည်း ဖြစ်နေတယ်။ ကျနော်တို့ KIA တပ်စခန်းတွေလည်း မရှိပါဘူး။ ဆိုတော့ အဲ့ဒီပြည်သူလူထုရှိတဲ့နေရာကို သူတို့ သိပြီးရဲ့သားနဲ့ အဲ့ဒီဘက်မှာ ပစ်မှတ်ထားပြီးတော့မှ ပစ်တာကတော့ မေးခွန်းထုတ်စရာ ရှိပါတယ်နော်။ ကျန်တဲ့နေရာက ဘယ် မှာ ကျတယ် ဆိုတာ ကျနော်ဘာမှ ပြောစရာမရှိပါဘူး။

မေး ။ ။ အခုနက ဗိုလ်မှူးကြီးပြောသလို ဒီနေရာဟာ ကိုဗစ်စင်တာ၊ နောက်ပြီး ပြည်သူတွေလည်း နေတယ် ဆိုတာကို သိသိကြီးနဲ့ စစ်ကောင်စီက ပစ်တယ်ဆိုတော့ ဒါဟာ ဘယ်လိုမျိုး ချိုးဖောက်မှုမျိုးလို့ ပြောချင်လဲ။

ဖြေ။ ။ အခုနက ပြောသလိုပေါ့ ပြည်သူလူထုရှိတဲ့နေရာမှာ ရမ်းသမ်းပြီးမှ ပစ်တာကတော့ စစ်တပ်ရဲ့ လိုက်နာရမယ့်စည်းကမ်းကို ချိုးဖောက်တယ်လို့ ပြောလိုပါတယ်။ နောက်တစ်ခုရှိတာကတော့ မသိတဲ့နေရာ လည်းမဟုတ်ဘူး။ သိရဲ့သားနဲ့ ပစ်တာကတော့ ပြည်သူလူထုအတွက် စိတ်ဒုက္ခရောက်ပါတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားမှုကိုလည်း အသက်မွေးဝမ်းကျောင်းကိုလည်း ဘာမှ လုပ်လို့မရဘူး။

မေး ။ ။ အဲ့ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ နည်းနည်းထပ်ပြီး ရှင်းပြလို့ရမလား။ ဘယ်လောက်ထိ အရေးကြီးတဲ့နေရာလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ အထူးသဖြင့် အဲ့ဒီနေရာကတော့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။ ဒါက အား လုံးရဲ့ တာဝန်ဖြစ်ပါတယ်။ တပ်မတော်မှာလည်း တာဝန်ရှိပါတယ်နော်။ သူတို့လည်း လာခဲ့တဲ့ နေရာဖြစ်ပါ တယ်။ သူတို့လည်း ရောက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီလိုမျိုးနေရာမှာ လက်နက်ကြီးနဲ့ ပစ်တယ်ဆို တာကတော့ ဒီပြည်သူလူထုကိုလည်း ဂရုမစိုက်တာဖြစ်တယ်။ နောက်ပြီး ကိုဗစ်ရောဂါကိုလည်း သူတို့က ဘာမှ ဂရုမစိုက်တာမျိုး ပုံစံဖြစ်နေတယ်လို့ ကျနော်က တုန့်ပြန်ပြောလိုပါတယ်။

မေး ။ ။ နောက်တစ်ခုက ဒီတလော KIO ထိန်းချုပ်နယ်မြေတွေနားတဝိုက် စစ်ကောင်စီဘက်က စစ်ရေး လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာမျိုး ကြားနေရတယ်။ ဒီ နာဖော့ဘက်တွေမှာလည်း အရင်ထက် ပိုပြီး လှုပ်ရှားမှု ရှိတယ်လို့ ပြောတယ်။ အဲ့ဒီအခြေအနေတွေလည်း သိချင်ပါတယ်။

ဖြေ ။ ။ လောလောဆယ် ဒီနားဝိုက်မှာ လှုပ်ရှားတာတော့ ထူးထူးခြားခြား မတွေ့ပါဘူး။ နာဖော့ဘက်မှာ စစ်ရေးလှုပ်ရှားတယ်ဆိုတာကတော့ လွန်ခဲ့တဲ့အပတ်မှာ ဟယ်လီကော်ပတာကနေ ရိက္ခာတွေ ပစ္စည်းတွေပေါ့ လက်နက်ခဲယမ်းတွေ ရှိမှာပေါ့။ ပို့ပေးထားတာတွေတော့ တွေ့ရပါတယ်။ ကျန်တဲ့မြေပြင်ကနေ လှုပ်ရှားတာက တော့ ကျနော်တို့ဘာမှ မကြားသိရပါဘူး။ တခြားနေရာမှာတော့ ကျနော်တို့ လိုင်ဇာတဝိုက်မှာ စစ်ကောင်စီဘက် က ထင်ထင်ရှားရှား စစ်ရေးလှုပ်ရှားတာတော့ မတွေ့ရဘူး။ နောက်ပြီး ကျနော်တို့ ဘက်လည်း ဘာမှ လှုပ်ရှား တာမရှိပါဘူး။

မေး ။ ။ နောက်ဆုံးမေးခွန်းကတော့ တိုက်ပွဲကိစ္စမေးချင်ပါတယ်။ တနိုင်းဘက်ပေါ့နော်၊ သရုန်-ရှင်ဗွေယန် ဘက်က တိုက်ပွဲအခြေအနေရော ဘယ်လိုရှိနေလဲ။ အဲ့ဒီဘက်က စစ်ရေးလှုပ်ရှားမှုအခြေအနေသိချင်ပါတယ်။

ဖြေ ။ ။ တနိုင်း ရှင်ဗွေယန်-သရုန်ဘက်က သတင်းကတော့ တိုက်ပွဲ ဖြစ်တယ်ဆိုတဲ့ သတင်းလောက်ပဲ ကြားပါတယ်။ မြေပြင်သတင်းကတော့ ဘာမှ တိတိကျကျ မကြားရသေးပါဘူး။ တနိုင်း ဒကစ ကနေ စစ်ကောင်စီတပ်တွေပေါ့နော်။ KIA ရှိတဲ့နေရာဘက်ကို သွားတဲ့ လမ်းကြောင်းမှာ ခုခံတိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းလောက်ပဲ ရှိပါတယ်။ အသေးစိတ်ကတော့ ကျနော်လည်း ဘာမှ မကြားသိရသေးပါဘူး။

NMG – ပေးပို့သည်။