စစ်အာဏာသိမ်းကာလအတွင်း ကရင်နီနှင့် ရှမ်းတောင်ပိုင်းဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူပေါင်း ၉၀ခန့်ရှိလာကြောင်း KCSN ထုတ်ပြန်

0
163

ဓါတ်ပုံ – KnIC

၁၆ စက်တင်ဘာ ၂၀၂၁

စစ်အာဏာသိမ်းပြီးနောက် ၇ လကျော် ကာလအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဖယ်ခုံမြို့ နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်မှ သတ်ဖြတ်ခြင်း ခံရသူ ပြည်သူ အယောက် ၉၀ နီးပါးခန့် ရှိသွားပြီဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ပြောသည်။

KCSN ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ်က “သတ်ဖြတ်တဲ့ဟာကျတော့ ကျနော်တို့က ၂ ပတ်တစ်ကြိမ် စာရင်းပြုစု ပြီးမှ ကျနော်တို့ ထုတ်တဲ့ဟာရှိတယ်ပေါ့နော်။ ဒီနောက်ဆုံး တစ်ကြိမ်ကျတော့ အသတ်ခံရတာက ၈၆ ယောက် လောက် ရှိပြီပေါ့” ဟု ပြောသည်။

စစ်ကောင်စီတပ်များ လှုပ်ရှားမှု ရှိသည့် ကရင်နီပြည်နယ်အတွင်းက မြို့နယ်တိုင်းလိုလိုတွင်ပင် ပြည်သူများ သတ်ဖြတ်ခြင်း ခံနေရပြီး များသောအားဖြင့် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘော်လခဲနှင့် ရှမ်းပြည်နယ်တောင် ပိုင်း ဖယ်ခုံမြို့ နယ်တို့တွင်ဖြစ်သည် ဟု ဆိုသည်။

သတ်ဖြတ်ခံရသည့် ပြည်သူများသာမက ဖမ်းဆီးခံရသူများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည် ဟု ခူးကိုရယ်က ပြောသည်။

၎င်းက “နောက်ပြီးမှ အဖမ်းခံရတဲ့ဟာကျတော့ ၁၇၉ ထိခိုက်ဒဏ်ရာရတာကတော့ ၁၁၁ ပေါ့” ဟုပြောသည်။

အဆိုပါ စာရင်းများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ကရင်နီ လူမှု အသင်း အဖွဲ့ များကွန်ရက် (KCSN) က လက်လှမ်းမှီသလောက် ပြုစုထားသည့် စာရင်းများသာ ဖြစ်သည်ဟု ခူးကိုရယ်က ပြော သည်။

ဖမ်းဆီးခံထားရသူများကို လူသားဒိုင်းကာအဖြစ်ထားကာ လမ်းပြခေါ်ဆောင်သွား သကဲ့သို့ ရိုက်နှက် ညှင်းပန်းမှု များလည်း ရှိသည်ဟု KCSN က ဆိုသည်။

“အရင်တုန်းက လွိုင်လင်လေးမှာ သူတို့ အဖမ်းခံရတဲ့သူတွေရှိတယ်။ အဲဒါလည်း အဲလိုပါပဲ ဖယ်ခုံမှာလည်း အဲ လိုပဲ သူတို့အဖမ်းခံပြီးမှ လမ်းပြအဖြစ်သူတို့ ခေါ်ဆောင်သွားတာပေါ့။ တစ်ချို့ကျတော့ လမ်းပြအဖြစ်တောင် မ ဟုတ်ပဲနဲ့ ရိုက်နှက်တာရှိတယ်။ ဒီမောဆိုမှာလည်း ပြီးခဲ့တဲ့ တလောကပဲ သူတို့ မီးပွိုင့်အနားမှာ သူတို့ အဖမ်းခံရ ပြီးတော့ သေနတ်နဲ့ ထုတယ် ရိုက်နှက်တယ်ပေါ့။ အဲဒါလည်း သူတို့ စစ်ကြောင်းသွားတဲ့နေရာတိုင်းကို သူက ခေါ် သွားတယ်” ဟု ခူးကိုရယ် က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကုန်းဆုံးကျေးရွာအုပ်စု ရွှေ ပြည်အေးရွာရှိ ဒေသခံ တောင်သူ ဦးမောင်ကြီးနှင့် ဇနီးဒေါ်ဝင်းကြည်တို့အား ၎င်း၏ တောင်ယာစိုက်ခင်း အနီး တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နံနက် ၈ နာရီခွဲခန့်တွင် ဖမ်းဆီးကာ လူသားဒိုင်းနှင့် လမ်းပြ အဖြစ် ခေါ်ဆောင်သွားခဲ့သည်ဟု KCSN မှ ပြုစုထားသည့် စာရင်းအရသိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ပန်ကန်းတွင် နေထိုင်သည့် လူငယ် ၂ ဦးအား ဒီမော့ဆို မြို့ နယ် ၆ မိုင်ဂိတ်တွင် လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ကုန်းသာမှ ရေဖြူသို့ ပြောင်းဖူးခူးရန် သွားသည့် ကုန်းသာလူငယ်တစ်ဦးကို ကယန်းသာယာဂိတ်အကျော် သပြေကုန်းတွင် လည်းကောင်း စစ်ကောင်စီ တပ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့က ဖယ်ခုံ-ပင်လောင်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီး၍ သွားနေသည့် အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ရာမှ အိမ်ပြန်လာသည့် လူငယ်နှစ်ဦးဖြစ်သည့် ပါစကေးလယ်နှင့် ပါဒေးလယ်တို့အား ခမရ ၄၂၇ မှ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ဒီးမော့ဆိုမြို့နယ် ကန်ခုနှစ်ဆင့်သို့ ထိုးစစ်ဆင်သွားသော စစ်ကောင်စီ တပ်များက လမ်းပြခေါ်ဆောင်သွားခြင်းနှင့် စက်တင်ဘာလ ၁၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာမှ ဆယ်ကျော် သက်ကလေး ၃ ဦးကို ဒီးမော့ဆို မီးပွိုင့်လမ်းထောင့်တွင် ဖမ်းဆီးသွားသည်ဟု KCSN က ပြောသည်။

“တချို့ကျတော့ ကြိုးနဲ့ နောက်ပြန်တုတ်ပြီးမှ ခေါ်သွား တာပေါ့ အဲဒါက တကယ်ကို စိုးရိမ်ရတဲ့ အခြေအနေ မှာ ရှိတယ်။ ဥပမာ တကယ်လို့များ ကျနော်တို့ရဲ့ မြို့နယ်မှာ အခြေစိုက်ထားတဲ့ KNDF နဲ့ သွားပြီးမှ တိုးမယ် ဆိုရင် ဒီလူတွေက ဘာမှ အကာအကွယ်ရစရာ ဘာမှမရှိဘူးပေါ့။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်များ မှ ဒေသခံ လူထုများအား သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဒေသခံပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များအဖြစ် စွတ်စွဲကာ ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် လူထုနေထိုင်ရာ ဒေသများသို့ ပစ် ခတ်ခြင်း ၊ ခြိမ်းခြောက်ခြင်း၊ လူထု၏ အိမ်မွေးတိရစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်း အစရှိသည့် လူ့အခွင့်အ ရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here