ကျပ်ငွေတန်းဖိုးအဆမတန်ကျဆင်းမှုကြောင့် တရုတ် – မြန်မာငွေလဲနှုန်းမြင့်တက်ကာ စားသုံးသူနှင့် ကုန်သည်များ အခက်ကြုံနေ

0
263

၂၃ စက်တင်ဘာ ၂၀၂၁

စစ်အာဏာသိမ်းကာလ ၇ လ ကျော်အတွင်း မြန်မာငွေဈေးအဆမတန်ကျဆင်းမှုကြောင့် မြန်မာ – တရုတ် နယ်စပ် KIO ထိန်းချုပ်နယ်မြေများထဲတွင် တရုတ်-မြန်မာ ငွေလဲလှယ်နှုန်းများ မြင့်တက်လာပြီး ဝယ်ယူစားသုံးသူနှင့် ကုန်သည်များ အခက်အခဲဖြစ်နေကြောင်း သိရပါသည်။

စစ်အာဏာသိမ်းပြီးနောက် မတ်လခန့်မှစတင်၍ မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်တလျှောက်တွင် မြန်မာ ငွေ ကျပ် ၁၀၀၀ ကျပ်လျှင် တရုတ်ငွေ ၄ ယွမ် ဖြင့် လဲလှယ်နေရာမှ ယခုလဆန်းပိုင်းမှ စတင်၍ မြန်မာငွေ ၁၀၀၀ ကျပ် လျှင် တရုတ်ငွေ ၃.၃ ယွမ် မှ ၃ ယွမ် အထိ ရှိပြီဟု KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့က ဒေသခံများ က ပြော သည်။

“ခါတိုင်းဆိုရင် ဝက်သား တစ်ပိဿာကို ၁၈၀၀၀ ဘဲ အခုတော့ တရုတ် ယွမ် ၇၀ ဆိုတော့ မြန်မာတွေ ၂၀၀၀၀ ကျော်နေပြီ။ မနက်ဖြန်ဝက်ပေါ်မယ်ဆိုလို့ နှစ်ပိဿာမှာထားတာ တရုတ်ငွေနဲ့ဆိုတော့ မယူတော့ဘူးလို့ ပြော လိုက်တယ်။ အမဲသားတောင် ၁၈၀၀၀ ဘဲ တရုတ်ငွေနဲ့ဘဲဆိုရင်တော့ အသားဝယ်စားဖို့တောင် ကြောက်လာ တယ်။ တရုတ်ငွေနဲ့ ဝယ်ထားတာကို တရုတ်ငွေနဲ့ ရောင်းတာကိုတော့ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် တချို့က မြန်မာငွေနဲ့ ဝယ်ထားတာတွေကိုလည်း တရုတ်ငွေဈေးမြှင့်လာရင် တရုတ်ငွေနဲ့ဘဲ ရောင်းပေးတဲ့ သူတွေလည်း ရှိတော့ စိတ်ညစ်ရတယ်” ဟု လိုင်ဇာမြို့ခံ အသက် ၅၅ ခန့် အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

တရုတ်ငွေ ဈေးမြင့်တက်နေမှုကြောင့် နေ့စဉ် စားဝတ်နေရေးအတွက် ပိုမို အခက်အခဲ ဖြစ်နေရပြီး၊ အသားငါး ဈေးသည်များထံတွင်လည်း မြန်မာငွေဖြင့် ဝယ်ယူ၍ မရတော့ကြောင်း၊ တရုတ်ငွေဖြင့်သာ ဝယ်ယူစားသုံးနေရ သည်ဟု လိုင်ဇာမြို့ခံများက ပြောသည်။

စျေးသည်အများစုက ဝယ်ယူစားသုံးသူများအား တရုတ်ငွေဈေးနှုန်းဖြင့်သာ ရောင်းချပေးနေပြီး မြန်မာငွေဖြင့် ပေးချေပါက မြေပြင်က ငွေလဲလှယ်နှုန်းထားအတိုင်း မတွက်ယူပဲ စိတ်ကြိုက် တွက်ယူကြသည်ဟု ဝယ်ယူ စားသုံးသူများက ပြောသည်။

လိုင်ဇာမြို့က ဘော်ဒါဆောင် အဆောင်မှုး ဆရာတစ်ဦးကလည်း “မတတ်နိုင်ဘူး တရုတ်ငွေပေးတာဘဲ ရှင်းတယ် မရှိရင်လည်း ပေးရတာဘဲ ဘာလို့လဲဆိုတော့ တရုတ်ငွေ ၅၀ မှာ တချို့က ၁၅၀၀၀ တဲ့ တချို့က ၁၄၀၀၀။ သူတို့ ကြိုက်သလို လုပ်နေကြတာဘဲ မကျေနပ်ရင်လည်း ပေးရတာဘဲ သူတို့ တောင်းသလောက် ပေးရတာဘဲ” ဟု ပြောသည်။

ယခု ငွေလဲလှယ်နှုန်း မြင့်တက်မှုသည် အနှစ် ၂၀ ဝန်းကျင်အတွင်း အမြင့်ဆုံးဖြစ်သည်ဟု KIO ဌာနချုပ် လိုင်ဇာ တွင် နှစ်နှစ်ဆယ်ကျော် စျေးရောင်းနေသည့် စျေးသည်တစ်ဦးက ပြောသည်။

“တချို့တချို့ကိုတော့ အရှုံးခံပြီးရောင်းလိုက်တယ် ဘယ်လိုမှမတတ်နိုင်ဘူးလေ။ တချို့တချို့ကိုတော့ ဥပမာ တစ်ယွမ်လောက် ယွမ်ဝက်လောက်ဘဲ မြတ်ရင်လည်းရောင်းထွက်လိုက်တယ်။ အဲ့လောက်ဘဲ မြတ်ပြီး ရောင်း ထွက်လိုက်တာတွေဘဲ များတယ်” ဟု အနှစ်နှစ်ဆယ်ကျော် လိုင်ဇာမြို့တွင် ကုန်စုံဆိုင်ဖွင့်လာသည့် စျေးသည် တစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် ငွေလဲလှယ်နှုန်း အတက်အကျ မြန်ဆန်နေမှုကြောင့် ဝယ်ယူစားသုံးသူများသာမက စျေး ရောင်းသူများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု လိုင်ဇာဈေးတွင် ကုန်စိမ်းရောင်းနေသည့် စျေးသည် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“မြန်မာပြည်ပစ္စည်း ဆိုရင်တော့ အဆင်ပြေတယ်လေနော်။ အခုကျမတို့ဟာကျတော့ တရုတ်ပစ္စည်းလည်း ပါ တယ်ဆိုတော့ တရုတ်ပစ္စည်းဆိုရင်တော့ ဒီဘက်မှာကတော့ မြန်မာငွေနဲ့ ပြန်ရောင်းတာဆိုတော့ မြန်မာငွေက အခုငွေလဲနှုန်းနဲ့ဆိုရင် အရမ်းလျော့နေတယ်။ ကျမတို့အတွက် အဆင်မပြေတာရှိတယ်။ ခါတိုင်းလိုတော့ ရောင်း လို့မရတော့ဘူး ဖြစ်သွားတယ်။ တရုတ်ငွေဈေး မြင့်လေလေ ကျမတို့ ကုန်ပစ္စည်းကို မြန်မာငွေလို ပြောလိုက် မယ်ဆိုရင် အရမ်းများသွားသလိုဖြစ်သွားတယ်။ ကျမတို့လည်း ဟိုဘက်က ယူလာတဲ့ဈေးနဲ့ ဒီဘက် ပြန်ရောင်း တဲ့ဈေးနဲ့ ဘယ်လောက်မှတော့ မစားဘူး။ တစ်ယွမ်လောက်ဘဲစားပေမယ့် မြန်မာငွေနဲ့ ပြန်ပြော လိုက်မယ် ဆို ရင်တော့ အရမ်းဈေးများသွားသလို ဖြစ်သွားတယ်လေ” ဟု ပြောသည်။

ထိုကဲ့သို့ ငွေလဲလှယ်နှုန်းထားများ မတည်မငြိမ်ဖြစ်မှုကြောင့် ရောင်းသူ/ဝယ်သူအကြား ကြုံနေရသည့် ငွေပေး ချေမှု အခက်အခဲများ တစ်စုံတစ်ရာ ဖြေရှင်းနိုင်ရေး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ လိုင်ဇာမြို့တော် အုပ်ချုပ် ရေးအဖွဲ့၊ စည်ပင်သာယာရုံးမှ တာဝန်ရှိသူများနှင့် စျေးသည်၊ ကုန်သည်များ စက်တင်ဘာလ ၁၈ ရက်နေ့က အစည်းအဝေးတစ်ရပ်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အစည်းအဝေးသို့ သွားရောက်နားထောင်ခဲ့သည့် ဒေသခံတစ်ဦးက “တရုတ်ပစ္စည်းကို တရုတ်ငွေနဲ့ယူ မြန်မာငွေနဲ့ ဝယ်တာကို မြန်မာငွေနဲ့ယူပြီး ရောင်းကြပါ တရုတ်ငွေချည်းဘဲ မယူကြပါနဲ့လို့ ပြောတယ် သိပ် လည်း ဈေးမတင်ကြပါနဲ့လို့ ပြောတယ် တချို့ဆိုင်တွေက တရုတ်ငွေဘဲ ယူတယ်လို့ပြောတယ် မြန်မာငွေနဲ့ ဝယ် တာကို တရုတ်ငွေနဲ့ရောင်းတယ်” ဟု ပြောသည်။

KIO အနေဖြင့် ငွေကြေးအတက်အကျမြန်ဆန်မှု ပြဿနာအပေါ် အခွင့်ကောင်းယူနေကြသည့် စျေးသည်များအား မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ငွေကြေးလဲလှယ်နှုန်းထားကို တသမတ်တည်း ကန့်သတ်လိုက်ခြင်းဖြင့်လည်း ထိန်းချုပ်သင့်သည်ဟုလည်း ဒေသခံအချို့က ပြောသည်။

KIO ဗဟိုဌာနချုပ်လိုင်ဇာအပါအဝင် အခြားသော နေရာများတွင် ကချင်စစ်ရှောင်များလည်း နေထိုင်နေသည့် အတွက် ငွေကြေးလဲလှယ်နှုန်းမြင့်တက်မှုကြောင့် သာမာန်ပြည်သူများအပေါ် ရိုက်ခတ်နေရုံသာမက စစ်ရှောင် များအပေါ်လည်း ရိုက်ခတ်မှုရှိနေသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၈ ကူးစက်မှုအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ၈ လ နီးပါး အတွင်း နိုင်ငံ တကာ ထုတ်ကုန် သွင်းကုန် လည်ပတ်မှုများ ရပ်တန့်သွားခြင်းကြောင့် မြန်မာငွေကြေးတန်ဖိုး အဆမတန် ကျ ဆင်းသွားခြင်း ဖြစ်သည်ဟု ပညာရှင်အချို့က ထောက်ပြထားကြသည်။

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ အခြား နယ်စပ်ဒေသများ အပါအဝင် မြန်မာ-တရုတ် နယ်စပ်ရှိ KIO ထိန်းချုပ်နယ်မြေများထဲတွင်လည်း ငွေဈေးအတက်အကျ မတည်မငြိမ် ဖြစ်မှုများ ဖြစ်နေသည့်အတွက် ပြည်သူ များနှင့် စစ်ရှောင်များ နေ့စဉ် စားဝတ်နေရေး၊ ရောင်းဝယ်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့နေကြရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ (ယနေ့) တွင် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် တရုတ် ၁ ယွမ်ကို မြန်မာငွေ ၂၉၅ ကျပ် နှုန်းဖြင့် လဲလှယ်နေရသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၇၅၅ ကျပ်၊ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာငွေ ၂၇၁.၃၁ ကျပ်နှင့် ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၅၃ ကျပ် ရှိသည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ် က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ငွေလဲစျေးနှုန်းမှာ အဆမတန်ကွာခြားမှု ရှိနေသည်။

NMG – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here