“တိုက်ပွဲ ကြာလာတာနဲ့အမျှ ပြည်သူထူထုက ပိုပြီးတော့ ဒုက္ခရောက်မယ်။ တိုင်းရင်းသားအချင်းချင်း ဘာအကျိုးအမြတ်မှ မရှိဘူး။ ရန်သူတွေက အကျိုးအမြတ်ရှိသွားမယ်” ဗိုလ်မှူးစိုင်းခမ်းစံ (RCSS ပြောခွင့်ရသူ)

0
297

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူနှင့် အမေးအဖြေ

၇ စက်တင်ဘာ ၂၀၂၁

ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းက ကျေးသီးမြို့ နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ ပါသည်။ နှစ်ဖက်လက်နက်ကိုင်များက တွေ့ဆုံဆွေးနွေးရေး အသင့်ရှိကြောင်း ထုတ်ပြန်ထားကြသော်လည်း တွေ့ဆုံဆွေး နွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေသေးကြောင်း သိရပါသည်။ နှစ်ဖက်ကြားတိုက်ပွဲများ ဆက်ဖြစ်နေသည့်အပေါ် ရပ်တန့်သွားနိုင်ရေး ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအသင်း အဖွဲ့များ၊ ရှမ်းပြည်သူများက နှစ်ဖက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂ ခုအကြားတွင် ပြေလည် စေ ရန်နှင့် ပေါင်းစည်းနိုင်ရေး အကြိမ်ကြိမ် တောင်းဆိုခဲ့ကြရာ ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြေလည်မှု မရှိသေး ပဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဘယ်လို အခက်အခဲတွေရှိနေပါသလဲ၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက် ပြီး RCSS ရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ၊ ဘယ်လို အနေအထားရောက်မှ တိုက်ပွဲတွေ ရပ်တန့်သွားမှာ လဲ စတဲ့ အကြောင်းအရာတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံကို ဆက်သွယ်မေးမြန်းထားသည်။

မေး – SSPP နှင့် RCC တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထား ရှိကြတယ်။ ဒါပေမယ့် အခုအချိန်အထိ တွေ့ဆုံ ဆွေး နွေးမှုတွေ မဖြစ်လာရသေးတဲ့ အဓိက အကြောင်းအရင်း ဘာလို့ ပြောလို့ရလဲ။

ဖြေ – အခုလောလောဆယ်ကျတော့ အခုက တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်လေနော။ တိုက်ပွဲ က မရပ်သေးဘူး။ တိုက်ပွဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာဆိုရင် ကျေးသီးမြို့နယ် မိုင်းကိုင်မြို့နယ် ၂ မြို့နယ်ထဲ မှာ ရှမ်းပြည်နယ်မှာကျတော့ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် အဲလိုမျိုးတောက်လျှောက်ရှိတာ ပေါ့နော။ ၄ မြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဒါကတစ်ချက်ပေါ့နော။ နောက်တစ်ခုကျတော့ SSPP က သူတို့က တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာ အဲဒါကြိုဆိုရမှာပဲ။ RCSS အနေနဲ့ကလည်း တွေ့ဆုံ ဆွေးနွေးရေး သာ ထွက်ပေါက် ဖြစ်တယ်။ အဖြေရှာလာတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဒါပေမယ့် တစ်ခုရှိတာက တွေ့ဆုံဆွေးနွေးမယ်ဆိုရင် RCSS က တောင်းပိုင်းကို အရင်ဆုတ် ဆုတ်ပြီးမှ ကျနော်တို့ ဆွေးနွေး မယ်ဆို ဒီ Pre-Condition လို့ခေါ်တဲ့ ကန့်သတ်ချက်နဲ့ပါတဲ့ ဆွေးနွေးမှုမျိုးဆိုတော့ မအောင်မြင်နိုင်ဘူးလေ။ ဒါကြောင့် တိုက်ပွဲ ကလည်း မရပ်သေးဘူးဆိုတော့ ထိုးစစ်ဆင်တာ မရပ်သေးဘူးဆိုတော့ ဆွေးနွေးမှုက မစနိုင်သေးဘူးပေါ့နော။

မေး – ကန့်သတ်ချက်ဆိုတာ ဘယ်လိုပုံစံမျိုးကို ပြောတာလဲ။

ဖြေ – ကန့်သတ်ချက်ဆိုတာ SSPP ဖက်က သူက ဆွေးနွေးမယ် ဆွေးနွေးချင်တယ် ဒါပေမယ့် ဆွေး နွေးမယ်ဆိုရင် RCSS တပ်တွေက တောင်ပိုင်းကို အရင်ဆုတ် အရင်ဆုတ်ပြီးမှ ဆွေးနွေးမယ် အဲလိုမျိုး ကန့်သတ် ချက် Pre-Condition လို့ခေါ်တာပေါ့ ကြိုတင်ကန့်သတ်ချက်လို့ ခေါ်တာပေါ့။

မေး – ဆိုတော့ ကန့်သတ်ချက်တွေ မရှိမှ ဆွေးနွေးမယ့် သဘောလား RCSS က။

ဖြေ – ဟုတ်ကဲ့ အဲဒါကျတော့ ဒါမှ အဖြေရှာနိုင်မယ်လေ။ အဖြေရှာတဲ့ နည်းလမ်းမဟုတ်ပဲနဲ့ ကန့် သတ်ချက်နဲ့ လာဆွေးနွေးမယ်ဆိုရင် အောင်မြင်နိုင်ဖို့ အလားအလာ မရှိဘူးခင်ဗျ။

မေး – တစ်ဖက်ကလည်း နယ်မြေကန့်သတ်ချက်တွေနဲ့ ဆွေးနွေးမယ် တစ်ဖက်ကလည်း ကန့်သတ်ချက်တွေ မထားပဲနဲ့ ဆွေးနွေးမယ်ဆိုတော့ တွေ့ဆုံဆွေးနွေးမှုက ဘယ်လိုဖြစ်လာနိုင်သလဲ။ တိုက်ပွဲတွေရပ်တန့်ဖို့က တခြား နည်းလမ်း ဘာတွေ လုပ်ဆောင်ဖို့ရှိသလဲ။

ဖြေ – တိုက်ပွဲရပ်ဖို့ကကျတော့ သူက နှစ်ဖက်ပါမှ တိုက်ပွဲဖြစ်တာလေ။ သူက SSPP တို့က သူတို့က ထိုးစစ်ဆင်တာ မရပ်သေးဘူး။ မရပ်သေးတော့ ကျနော်တို့ ဒီ RCSS ဖက်ကလည်း ထိုးစစ်ဆင်တာ တခါမှ မလုပ် သေးဘူး။ ကိုယ့်ကိုယ်ကို ခုခံတဲ့ တုန့်ပြန်မှုနဲ့ပဲ ကျနော်တို့က ရင်ဆိုင်နေတယ်။ ဒါရှင်းရှင်းလေးပေါ့။ ပြောမယ် ဆိုရင်တော့ သူတို့ဖက်က တကယ်ဆွေးနွေးချင်လို့ရှိရင် ရပ်လိုက်ပေါ့ ရပ်ပြီးတော့မှ ဆွေးနွေးမယ်လေ။ မရပ်ပဲနဲ့ ဒီအတိုင်း ဆက်တိုက်နေမယ်ဆိုရင် ကျနော်တို့လည်း ဆက်ခုခံမှာပဲလေ ဒါကျနော်တို့က တန်ပြန်ထိုးစစ်တွေ မလုပ်သေး ဘူးလေ။

မေး – SSPP ဖက်က ဘာပြောသလဲဆိုတော့ ရှမ်းပြည်နယ် မြောက်ပိုင်းကို RCSS က ဝင်လာမှ ဒီဖက်မှာ တိုက်ပွဲ ဖြစ်တယ်လို့ပြောတယ်။ သူတို့က RCSS ကို ကျူးကျော်ပြီး တိုက်ခိုက်တာ မရှိဘူးဆိုတော့ မြေပြင်အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ – အဲဒါ စွပ်စွဲ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီကျနော်တို့ မြောက်ပိုင်းမှာ သူတို့ လှုပ်ရှား နယ် မြေဆိုတာ ခါတိုင်းတုန်းက သူတို့ သမိုင်းကြောင်းအရ ရှည်မှာပေါ့ ပြောရမယ်ဆိုရင် တကယ်တမ်းကျရှိရင် တော့ ဒါ ဒီမြောက်ပိုင်းအထိမှာ ကျနော်တို့ တပ် ၇၀၁ ဆို နယ်မြေဒေသရှိတယ်။ အဲဒီဥစ္စာဆိုရင် မူဆယ် – နမ့် ခမ်း ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ လှုပ်ရှားနေတဲ့ ဥစ္စာရှိတယ်။ ပြောမယ်ဆိုရင်တော့ နယ် မြေ ကျတော့ Over Lap ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့နယ်ပဲ နင်တို့နဲ့ မဆိုင်ဘူးဆို ပြောလို့မရဘူးလေ။

မေး – ခုနက ဗိုလ်မှူးလည်း ပြောသွားတာရှိတယ်။ ကြိုတင်ကန့်သတ်ချက်တွေရှိတဲ့အပေါ်မှာ တွေ့ဆုံဆွေးနွေးနိုင် ဖို့ ခက်ခဲတယ်ဆိုတော့ အကယ်၍ SSPP ဖက်က နယ်မြေကန့်သတ်မှုတွေ ကြိုတင်ကန့်သတ်မှုတွေ မရုတ်ဘူး ဆို ရင် လက်ရှိမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမယ့် အလားအလာက ဘယ်လောက်အထိ ရှိနိုင်သလဲ။

ဖြေ – အဲဒါကျတော့ သူတို့အပေါ်မှာပဲ မူတည်တယ်ပေါ့လေနော။ သူတို့က ဘယ်လောက်အထိဖြစ် ချင်သလဲပေါ့။ ဘယ်လောက်အထိ ဆွေးနွေးချင်သလဲ ဆိုတဲ့အပေါ် မှာပဲ မူတည်တယ်ခင်ဗျ။ ကျနော်တို့ဖက်ကျ တော့ ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ အမြဲတမ်းလည်း ကျနော်တို့ ရပ်တည်ချက်ကလည်း ရှင်းရှင်းလေးရှိ တယ်။ တစ်စိုက်မတ်မတ်လည်း ပြောလာခဲ့တယ်။ ထုတ်ပြန်ချက်တိုင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးကို ဦးတည် မယ် ဆိုပြီးတော့မှ ကျနော်တို့ ထုတ်ပြန်ချက်တိုင်းမှာလည်း ကျနော်တို့ ပါရှိတယ်ခင်ဗျ။

မေး – နယ်မြေကန့်သတ်ချက်နဲ့ ပတ်သက်ပြီး နှစ်ဖက် ပဋိပက္ခဖြစ်ပေါ်နေတဲ့အပေါ်မှာ ဘယ်လိုဆက်လုပ်သွားဖို့ ရှိသလဲ။

ဖြေ – ပထမဆုံးတော့ RCSS အနေနဲ့ကျတော့ ကျနော်တို့ ထိုးစစ်မလုပ်ဘူး။ ခုခံစစ်နဲ့ပဲ ကျနော်တို့ တုန့်ပြန်မယ် ဒါပထမတစ်ချက်၊ တိုက်ပွဲ မဖြစ်ချင်လို့ နောက်သံဃာတော်တွေ ပြည်သူတွေ တောင်းဆိုချက်ကို ကျနော်တို့ အလေးထားလို့ ဒါတစ်ချက်ပေါ့နော်။ နောက်တစ်ချက်ကျတော့ ဒီနေရပ်စွန့်ခွာတဲ့ စစ်ပြေးဒုက္ခသည် တွေလည်း များလာတဲ့အတွက်ကြောင့် ဒါ တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့အနေနဲ့ ရှမ်းပြည်အတွက် အလုပ် အကျွေးပြုတယ်။ ရှမ်းပြည် ပြည်သူလူထုအတွက် စောင့်ရှောက်တယ်ဆိုရင် ဒါ ထည့်သွင်းစဉ်းစားပေးဖို့ပေါ့ နော်။ အဲ့ဒါအဓိကကျတာပေါ့။

မေး – ပြီးခဲ့တဲ့ ရက်ပိုင်းက SSPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ RCSS က နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပေး ပို့လာတဲ့ စာကို SSPP က ပြန်ပြီးတော့ စာပြန်လိုက်တဲ့အကြောင်း ပြောထားတာတွေ့ရတယ်။ အဲဒီအထဲမှာ နယ် မြေသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောထားတာလဲရှိတယ်။ အဲဒီ ပြန်စာပေးလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာ ပြောချင်သလဲ။

ဖြေ – အဲဒီအထဲမှာ သူတို့ ထုတ်ပြန်ချက်ထဲမှာ အချက်တစ်ချက်ပါတာက ဒီ RCSS ပေးပို့စာကို သူ တို့ စာပြန်တဲ့အကြောင်း သူတို့ပါရှိတယ်။ အဲဒါ စာပြန်တယ်ဆိုတာက အရင်တစ်ခေါက်တုန်းက RCSS က SSPP ကို စာပို့ထားတယ်။ နောက်ဒီတစ်ခေါက်ကျမှ သူတို့က ဒီစာပြန်ပို့ပေးတာပေါ့နော်။ သူတို့တုန့်ပြန်စာက ဆိုလို တာက RCSS က အရင်တစ်ခေါက်က သူတို့ဆီစာပို့တယ်။ နောက်ဆုံးတစ်ခေါက်ကျတော့ SSPP ရဲ့ ဥက္ကဋ္ဌကို လိပ် မူပြီးတော့မှ ပေးပို့တယ်။ ၂ ခါပေါ့နော။ အခု သူတို့ ဒီထုတ်ပြန်ချက်မှာ သူတို့ ပြောတာ သူတို့ စာပြန်ပေးတယ် ဆိုတာက အဲဒါ အရင်တစ်ခေါက် ဥစ္စာကို သူတို့ အကြောင်းပြန်ပေးတာ ဖြစ်တယ်။ နောက် ဒီနောက်ဆုံး တစ် ခေါက် RCSS အနေနဲ့ SSPP ဥက္ကဋ္ဌဆီ လိပ်မူပြီးတော့ ပေးပို့တဲ့ စာကို သူတို့ အကြောင်းမပြန် သေးဘူးခင်ဗျ။

မေး – RCSS က SSPP ဥက္ကဋ္ဌ ကို ဒုတိယတစ်ခေါက်ပေးပို့တဲ့စာမှာ ဘာများရေးထားတာလဲခင်ဗျ။

ဖြေ – အဲဒါကတော့ မှတ်ချက်ပေးစရာ မရှိသေးဘူးခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးကိစ္စဆို တော့ စစ်ရေးကိစ္စ နောက် ညီညွတ်ရေးကိစ္စဆိုတော့။

မေး – တိုက်ပွဲပြင်းထန်လာတော့ ပြည်သူတွေက နစ်နာရှုံးမှုတွေ များလာတယ်။ အဲဒီအပေါ်မှာ ပါတီတွေရော၊ လူမှုအသင်းအဖွဲ့တွေရော၊ ပြည်သူတွေရောက တိုက်ပွဲရပ်တန့်ဖို့ တောင်းဆိုကြတယ်ပေါ့နော။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ပေးဖို့ရှိလဲ။

ဖြေ – လူထု တောင်းဆိုချက်တွေ သံဃာတော်တွေ တောင်းဆိုချက်တွေ ကျနော်တို့ အလေးထား တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အလေးထားလို့ ကျနော်တို့က တန်ပြန်ထိုးစစ်တွေ မလုပ်ဘူး။ နောက်ရပ်တန့် နိုင်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ဒါပေမယ့် တစ်ဖက်ကျတော့လည်း ထိုးစစ်ကို မရပ်ဘူး။ တစ်နေရာပြီး တစ်နေရာ ထပ်တိုးထပ်တိုးတယ်ဆိုတော့ ကျနော်တို့ကလည်း ခုခံစစ်နဲ့ပဲ တုန့်ပြန်တယ်။ ခုခံစစ်နဲ့ တုန့်ပြန်တယ် ဆိုတာက ကျနော်တို့ တိုက်ပွဲမဖြစ်ချင်တဲ့ အတွက်ကြောင့်ပဲ၊ တိုက်ပွဲရပ်တန့်ချင်လို့ ကျနော်တို့ အဲလိုမျိုး နည်း ဗျူဟာ အနေနဲ့ ကျနော်တို့ ထိုးစစ်မဆင်တာ ဖြစ်တယ်။

မေး – တခြားဘာများ ဖြည့်စွက်ပြောစရာများရှိသေးသလဲ။

ဖြေ – အဓိကကတော့ စစ်ပြေးဒုက္ခသည်တွေမှာ မိုင်းကိုင်ဖက်မှာက ၃၀၀၀ ကျော်ရှိတယ်။ ကျောက်မဲ သီပေါ့ဖက်မှာဆိုရင် ၂၀၀၀ ကျော်ရှိတယ်။ စုပေါင်းလို့ရှိရင် အနီးစပ်ဆုံးက စာရင်းအတိအကျ မရ ပေမယ့် ကျနော်တို့က ၆၀၀၀ နီးပါးလောက်တော့ ရှိတယ်။ ဒီဥစ္စာအပေါ်မှာ ကျနော်တို့ ဒီဒေသခံတွေက စစ်ပြေး ဒုက္ခသည်ကို ကူညီတယ်။ နောက် သံဃာတော်တွေ လူငယ်တွေ နောက် ဒီပြည်တွင်းပြည်ပက ရှမ်းပြည်သူလူထု တွေက စုပေါင်းပြီး ကူညီလာတာများတယ်ခင်ဗျ။ အဲဒီ ဥစ္စာကို ကျနော် ပထမဆုံးကျေးဇူး တင်ချင်တယ်။ နောက်တစ်ခုကျတော့ တိုက်ပွဲ ကြာလာတာနဲ့အမျှ ပြည်သူထူထုက ပိုပြီးတော့ ဒုက္ခရောက်မယ်။ တိုင်းရင်းသား အချင်းချင်း ဘာအကျိုးအမြတ်မှ မရှိဘူး။ ရန်သူတွေက အကျိုးအမြတ် ရှိသွားမယ်။ ဒါ ချင့်ချိန်နိုင်ဖို့ပေါ့နော။ နောက်တစ်ခုကျတော့ ပြည်သူလူထုက ဘယ်လောက်အထိ ဒုက္ခရောက်လည်းဆိုတော့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကုန်စျေးနှုန်းတွေတက်လာတယ်။ တက်လာတော့ ပြည်သူလူထုက စားဝတ်နေရေးအတွက် ဒုက္ခ ရောက်တာပေါ့။ နောက်နေရပ်စွန့်ခွာရတယ်။ ခါတိုင်းက တိုက်ပွဲပြီးလို့ရှိရင် ကိုယ့်ရွာကို ပြန်လို့ရတယ်။ အခုကျ တော့ တချို့ရွာတွေဆို မီးရှို့ခံရတယ်။ ပြန်သွားလို့ရှိရင် နှိပ်စက်ခံရမှာ ကြောက်လာတယ်။ သူတို့ အခုက လုံခြုံ မှု အပိုင်းမှာ သူတို့က ကြောက်လန့်ရတယ်။ ဒီအပိုင်းတွေပေါ့နော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနေနဲ့ ဒီဥစ္စာကို အလေးအနက်ထားပြီးတော့ ပြည်သူအပေါ်ကို အလေးအနက်ထားပြီးတော့မှ စဉ်းစားပေးဖို့ တိုက် တွန်း ချင်တယ်ပေါ့နော်။ နောက်ကူညီပေးတဲ့ လူငယ်တွေ သံဃာတော်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြော ချင်တယ်ပေါ့။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here