စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့် မပေးရန် အာဆီယံကို အရပ်ဖက်အဖွဲ့ ၅၀ ကျော် အိတ်ဖွင့်စာ ပေးပို့

0
150

အောက်တိုဘာလ ၁၄ရက်၊ ၂၀၂၁ခုနှစ်

လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်းကို တက်ရောက်ခွင့် မပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၅၂) ဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် အာဆီယံ ခေါင်းဆောင်များကို အိတ်ဖွင့်ပေးစာပေးပို့ ကန့်ကွက် တောင်းဆိုခဲ့ကြသည်။

စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် ဧပြီလ ၂၄ ရက်နေ့က သဘောတူညီထားသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေး ဆိုင်ရာ အာဆီယံထိပ်သီးအစည်းအဝေး သဘောတူညီချက်(၅) ရပ်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဆဲအပေါ် အာဆီယံဘက်မှ အသိအမှတ်ပြုမှုမျိုး မပေးရန် ထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရပ်ဖက်အဖွဲ့အစည်း (၅၂) ဖွဲ့တွင်ပါဝင်သည့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ ပြောခွင့်ရ စောနန္ဒဆူး က “စစ်ခေါင်းဆောင် မင်းအောင်လိုင် အနေနဲ့ အာဆီယံ သဘောတူညီချက် (၅)ချက်ကို သဘောတူ ခဲ့ပေမဲ့ ဘားမှ အကောင်အထည်ဖော်လုပ်ဆောင်တာမျိုးမရှိသလို အာဆီယံရဲ့ စည်းမျဉ်း ဥပဒေ တွေကို လေးစား လိုက်နာခြင်းမရှိသလို ထိုးစစ်ဆင်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုတိုးလုပ်ဆောင်လာတဲ့ အပေါ် ဒီ လာမဲ့ အာဆီယံ အစည်းအဝေးပွဲမှာ အသိအမှတ်ပြုတာမျိုး မလုပ်ဖို့ ဒါကို တောင်းဆိုရခြင်းဖြစ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ က ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေး ပွဲ၌ မြန်မာ့ နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်ရန် ဘုံသဘော တူညီချက် (၅) ချက်ကို ချမှတ်ခဲ့ပြီး အကြမ်း ဖက်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်၊ အာဆီယံအဖွဲ့ကြီးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းမှုများနှင့် လူသားချင်း စာနာထောက်ထားရေး အကူအညီများပေးရန် စသည့် အချက်များပါဝင်သည်။

အလားတူ အင်ဒိုနီးရှား နှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနများမှ စစ်ကောင်စီ အနေဖြင့် အာဆီယံ သဘောတူညီချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေး ပွဲတွင် တက်ရောက်ခွင့်မပေးရန် ပြောဆိုခဲ့ခြင်းအပေါ် အဆိုပါ အရပ်ဖက် အဖွဲ့အစည်းများက ကြိုဆိုလိုက်ပြီး အဖွဲ့ဝင်နိုင်ငံများကိုလည်း ထိုသို့ လုပ်ဆောင်သွားရန် ၎င်းတို့၏ အိတ်ဖွင့်ပေးစာ၌ တိုက်တွန်းပြောဆိုသွားသည်။

ထို့အတူ စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် အာဆီယံ၏ သဘောတူညီကို အကောင်အထည်ဖော် ဆောင်ရွက် ရန် သဘောတူညီခဲ့သည့် ဧပြီလ ၂၅ ရက်နေ့မှ စ၍ စက်တင်ဘာလ ကုန်အထိ အရပ်သားအပေါ် တိုက်ခိုက်မှု ပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့သလို အရပ်သားများအပေါ် အကာအကွယ်ပေးမှု ပျက်ကွက်ခဲ့သလို ထောင်ပေါင်း များစွာသော အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဆက်လက် ဖော်ပြထားသည်။

ထို့အတူ စစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ငြင်းဆန်နေ သလို ပြည်သူလူထုအပေါ် အကြမ်းဖက် ဆက်ဆံနေစဉ်ကာလတွင်လည်း တရားဝင်မှု ရရှိရန် ကြိုးပမ်းမှုများရှိခဲ့ သော်လည်း လက်ရှိတွင် အာဆီယံအပေါ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေသည့်အပေါ် အာဆီယံ အနေဖြင့်လည်း ၎င်းတို့အပေါ် ပြတ်ပြတ်သားသားလုပ်ဆောင်ရန် အချိန်ကျပြီးဖြစ်ကြောင်း ဆက်လက် တိုက်တွန်းထားသည်။

လတ်တလောတွင် အာဆီယံ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် အာဆီယံ၏ အထူးကိုယ်စားလှယ်ကို ခန့်အပ်ဆောင်ရွက်ထားမှုရှိသော်လည်း ၎င်းကိုယ်စားလှယ်အနေဖြင့် ယနေ့ အချိန်ထိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး သက်ဆိုင်ရာ ခေါင်းဆောင်နှင့် တာဝန်ရှိသူများ အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စစ်ကောင်စီ၏ သဘောတူညီ မရရှိသေးကြောင်းလည်း သိရသည်။

လာမည့် အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ အာဆီယံ၏ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပရန် ရှိပြီး ၎င်း အစည်းအဝေးပွဲကို စစ်ကောင်စီ ခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးရန် ယခုလို တိုက်တွန်းတောင်းဆိုမှု ရှိသော်လည်း ၎င်းကိစ္စနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနှင့် မလေးရှားမှလွဲ၍ ကျန်အာဆီယံ အဖွဲ့ဝင် တိုင်းပြည်များ အနေဖြင့် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း တွေ့ရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here