ရေး – ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲခံရ

0
286

၁၅ အောက်တိုဘာ ၂၀၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ လမ်းခွဲအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား (ဒေသ အခေါ် ပေ ၄၀ တံတား) ဗုံးခွဲဖျက်ဆီးခံရပြီးနောက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံ များ က ပြောသည်။

ကလော့ချောင်းတံတား အောက်တိုဘာ ၁၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်ခန့် က ဗုံးခွဲဖျက်ဆီးခံလိုက်ရ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တံတား ဗုံးခွဲဖျက်ဆီးခံရမှုကြောင့် တံတားကြမ်းခင်းပေါ်တွင် ခြောက်ပေခန့် အပေါက်ကြီး ပေါက်သွားသည့် အပြင် တံတား ယက်မတစ်ချောင်းလည်း ပြုတ်ထွက်သွားသည်။

လက်ရှိတွင် တံတားကြံ့ခိုင်မှု အနေအထားအရ တန်ချိန်များသည့် ယာဥ်ကြီးများကို ဖြတ်သန်းသွားလာခွင့် မပြု တော့ဘူး ဒေသခံများ က ပြောသည်။

“တံတား ဗုံးခွဲဖျက်ဆီးခံရတာက မနေ့က ၁ နာရီကျော်ကျော်လောက်မှာဖြစ်တယ်။ ဗုံးခွဲခံရပြီးတော့ တံတား အပျက်အဆီး နည်းနည်းရှိနေတော့ တံတားကြံ့ခိုင်မှု အနေအထားအရပေါ့လေ ကားအကြီးတွေကို ပေးမဖြတ် တော့ဘူး။ ကားအငယ်တွေကတော့ ဖြတ်လို့ရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။

ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ က ရှာဖွေစစ်ဆေးမှု များ တင်းကြပ်ထားသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့ကလည်း အဆိုပါ ကလော့ချောင်းတံတားအနီးရှိ နယ်မြေခံ အမြောက် တပ်ရင်းကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်လည်း ရှိခဲ့ သည်။

ရေးမြို့နယ်အတွင်း၌ ဖုန်းတာဝါတိုင်များ ဗုံးခွဲဖျက်ဆီးခံရသည့်ဖြစ်စဥ်များလည်း ဆက်တိုက်ဖြစ်ပွားနေသည့် အပြင် ရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းအချို့လည်း ဗုံးဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွား နေသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here