“ဒီစကစရဲ့ အမိန့်ကို မနာခံချင်လို့ သူတို့ရဲ့ တပ်မှာ မနေချင်တော့လို့။ ပြည်သူတွေရဲ့ တော်လှန်မှုကို အားကျလို့ သူတို့တပ်ကနေ ထွက်လာပြီးတော့ CDM ထဲကို လုပ်တာပါ” CDM တပ်သား (ဟိုပုံးမြို့)

ဟိုပုံးမြို့ အမှတ် (၉၀၃) အင်ဂျင်နီယာတပ်ရင်းမှ CDM တပ်သားတစ်ဦးနှင့် အမေးအဖြေ

အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်လာတဲ့ ဟိုပုံးမြို့ အမှတ် (၉၀၃) အင်ဂျင်နီယာ တပ်ရင်းက လုပ်သက် တစ်နှစ်ခွဲရှိတဲ့ တပ်သားတစ်ဦးဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေး KNDF တပ်ရင်း ၂ ဆီကို ပူးပါင်းပါဝင်လာခဲ့ပါတယ်။

သူကတော့ အသက် (၂၂) နှစ်ရှိပြီဖြစ်ပြီး မှိုင်းရှာခွေးကို ထိန်းကျောင်းရတဲ့ တပ်သားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လာရောက်ပူး ပေါင်းပါဝင်ပေးတဲ့အတွက် KNDF B-02 အနေနဲ့လည်း သူ့ရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကို တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ CDM ပြုလုပ်တဲ့ တပ်သားကို ကန္တာရဝတီတိုင်း(မ်) မှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

မေး ။ ။ CDM လုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ ။ ။ ဒီစကစ ရဲ့ အမိန့်ကို မနာခံချင်လို့ သူတို့ရဲ့တပ်မှာ မနေချင်တော့လို့။ ပြည်သူတွေရဲ့ တော်လှန်မှုကို အားကျလို့ သူတို့တပ်ကနေ ထွက်လာပြီးတော့ CDM ထဲကို လုပ်တာပါ။

မေး ။ ။ အခုလိုမျိုး CDMလုပ်ဖို့ ဘာအကြောင်းအရာတွေက သတ္တိဖြစ်စေခဲ့လဲ။

ဖြေ ။ ။ အဲ့လို ဘယ်သူမှ တိုက်တွန်းပေးတာ မရှိပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ထွက်လာတာပါ။ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်။ အဲ့လိုမျိုး ကူညီချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ပဲ ကိုယ့်ဟာကိုယ် ထွက်လာတာ။

မေး ။ ။ CDM လုပ်ဖို့အတွက် ဘယ်လောက်အထိ အချိန်ယူခဲ့ရလဲ။

ဖြေ ။ ။ နှစ်လလောက် အချိန်ယူခဲ့ရတယ်။ အဲ့လိုမျိုး ထွက်သွားဖို့အတွက်။

မေး ။ ။ CDM ဘယ်ရက်က စလုပ်ဖြစ်ခဲ့လဲ။

ဖြေ ။ ။ ၇ ရက်နေ့ (နိုဝင်ဘာ) တနင်္ဂနွေနေ့ကနေ စလုပ်တာပါ။

မေး ။ ။ တပ်ထဲမှာ တာဝန်ထမ်းဆောင်တုန်းက ဘာတွေ လုပ်ရလဲ။

ဖြေ ။ ။ တပ်ထဲမှာတော့ ထွေထွေထူးထူး တာဝန်တော့ ထမ်းဆောင်တာမဟုတ်ဘူး။ ခွေးထိန်းရတဲ့ တာဝန်ဆိုတော့ ခွေးထိန်းတာပဲ နားလည်တာပေါ့။

မေး ။ ။ တိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ရတာတွေကော ရှိခဲ့လား။

ဖြေ ။ ။ အဲ့လိုတော့ မရှိဘူး။

မေး ။ ။ တာဝန်ထမ်းဆောင်နေတဲ့ တပ်မှာ အာဏာသိမ်းပြီးတာ နဲ့ အာဏာမသိမ်းခင် တုန်းကနဲ့ ဘာတွေကွာခြားတာရှိလဲ။

ဖြေ ။ ။ စည်းကမ်းတင်းကျပ်မှုက ပိုပြီးတော့ တင်းကြပ်လာတယ်။ အဲ့လိုမျိုးပဲ ကွာခြားတယ်။

မေး ။ ။ စည်းကမ်းတွေ တင်းကြပ်လာတဲ့ အပေါ်မှာကော အခက်အခဲတစ်စုံတစ်ရာရှိတာတွေရှိလား။

ဖြေ ။ ။ အခက်အခဲတော့ မရှိဘူး။ တပ်ထဲကနေ တပ်အပြင်ကို ထွက်ခွင့်မရှိတော့ဘူး အဲ့လိုပေါ့။ သတင်းတွေ၊ မီဒီယာတွေ ဘာတွေလည်း ကြည့်ခွင့်လည်း မရှိဘူးပေါ့ အဲ့လိုမျိုး။

မေး ။ ။ CDMလုပ်တဲ့အတွက် မိသားစုလုံခြုံရေးအတွက် စိတ်ပူတာတွေရှိလား။

ဖြေ ။ ။ အဲ့လိုတော့ လူတိုင်းပဲလေ။ နည်းနည်းပါးပါး စိတ်ပူတာတော့ ရှိတာပေါ့။

မေး ။ ။ ထပ်ပြီးဖြည့်စွက်ပြောပြချင်တာမျိုး ရှိပါလား။

ဖြေ ။ ။ မရှိတော့ပါဘူးဗျာ့။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

Share me now!

Myanmar Peace Monitor