အမျိုးသမီးများအဖွဲ့ချုပ် (WLB) အား လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်ခံရ

၂၃ နိုဝင်ဘာ ၂၀၂၁

အမျိုးသမီးနှင့် လူ့အခွင့်ရေးလှုပ်ရှားဆောင်ရွက်နေသည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – Women’s League Burma (WLB) အဖွဲ့အနေဖြင့် ယခုနှစ်အတွက် ဩစတေးလျနိုင်ငံ (The Australian Council for International Development-ACFID) မှ ချီးမြှင့်သော လူ့အခွင့်အရေးဆိုင်ရာဆု (Sir Ronald Wilson Human Rights Award) ကို ချီးမြှင့်ကြောင်း ACFID က သတင်းထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာသို့ စည်းရုံးလှုံ့ဆော်ရာတွင် ထင်ထင်ရှားရှား ဦးဆောင်မှု ပေးနိုင်ခဲ့သည့်အပေါ် ယခုလို ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း ACFID ၏ သတင်းထုတ်ပြန်မှုတွင် ယခုလို ဖော်ပြထားသည်။

ACFID ၏ ဥက္ကဌ Susan Pascoeက “၂၀၂၁ ခုနှစ်တစ်လျှောက်လုံးမှာ WLB အနေနဲ့ မြန်မာပြည်မှာ စစ်အာဏာ သိမ်းမှုကို ရှေ့တန်းမှာ ရင်ဆိုင်ပြီး နိုင်ငံတကာမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး မြှင့်တင်ရေး အတွက် စည်းရုံး လှုပ်ဆော်တဲ့နေရာမှာ ထင်ရှားတဲ့ ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ WLB အဖွဲ့ဝင်တွေ အနေနဲ့ မြန်မာပြည် မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးရဲ့ အမျိုးသမီးအခွင့်အရေးကို ကာကွယ်မြှင့်တင်တဲ့နေရာမှာ နေ့တိုင်း လိုလို အသက်ကိုလည်းရင်းထားကြပါတယ်။ ဒီဆုဟာ အကြမ်းဖက်မှုကို ရင်ဆိုင်တဲ့ သူတို့ရဲ့ သတ္တိအတွက် အသိအမှတ်ပြုပေးခြင်းဖြစ်ပါတယ်” ဟု ပြောဆိုဖော်ပြခဲ့သည်။

ယခုလို အသိအမှတ်ပြု ဆုရရှိခြင်းကြောင့် WLB အနေဖြင့် အမျိုးသမီးနှင့် လူ့အခွင့်ရေးလှုပ်ရှားမှုများအတွက် ရှေ့ဆက်လုပ်ဆောင်ရန် အားအင်ဖြစ်စေကြောင်း WLB ၏ ပြောခွင့်ရ နော်ဆဲဆဲက ပြောသည်။

၎င်းက “ရှေ့ဆက်အနာဂတ်မှာ လှုပ်ရှားဆောင်ရွက်ဖို့ ကျမတို့အတွက် စိတ်အားမြှင့်တက်စေတယ်။ ဒီ စစ်အာဏာရှင် ဖြုတ်ချနိုင်ရေးအထိကို လုပ်ဆောင်သွားနိုင်ဖို့ အားအင်ဖြစ်စေတယ်။ ဒါထက်ပိုပြီးတော့ လှုပ်ရှားဆောင်ရွက် နိုင်ဖို့ အတွက်လည်း အများကြီး အားတက်စေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆုရရှိခြင်းကြောင်းကို သက်ဆိုင်ရာ ACFID အဖွဲ့မှ တရားဝင် သတင်းထုတ်ပြန်ခြင်းမျိုးသာဖြစ်ပြီး ဆုချီးမြှင့်ပေးအပ်ခြင်းကိုမူ အကြောင်းမကြားလာသေးကြောင်းလည်း WLB က ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လတွင်လည်း မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွင် အမျိုးသမီးများပါဝင်မှု မြှင့်တင်ရန် ဆောင်ရွက်ပေးသည့် WLB အနေဖြင့် ၂၀၂၁ Judith Stronach Award ဆု ပေးအပ်ခြင်းခံခဲ့ရသေးသည်။

WLB သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍ တရာမျှတသည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့်အတန်းမြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထားလုပ်ဆောင်သည့်အဖွဲ့ဖြစ်ပြီး WLB အဖွဲ့ထဲတွင် လူမျိုးဘာသာမရွေး တိုင်းရင်းသားဒေသအသီးသီးမှ အမျိုးသမီးအဖွဲ့ပေါင်း ၁၃ ဖွဲ့ ပူးပေါင်းပါဝင်သည်ဟု သိရသည်။

WLB ကို တိုင်းရင်းသားဒေသရှိ အမျိုးသမီးများစုပေါင်း၍ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် စတင်တည်ထောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ၂၀၁၅ ခုနှစ်မှစတင်၍ ၂၀၂၁ ခုနှစ်အထိ နိုင်ငံတ ကာမှ အသိမှတ်ပြု ချီးမြှင့်ခံရသည့် ဆု (၆) ခု ရရှိနေပြီဖြစ်သည်ဟု သိရသည်။

KIC – ပေးပို့သည်။

Share me now!

Myanmar Peace Monitor