“ကျွန်တော်တို့ စစ်ဘေးရှောင်တဲ့သူတွေ၊ အိမ်တွေ မီးလောင်တဲ့သူတွေ၊ ကျွန်တော်တို့ တောထဲမှာနေတဲ့သူတွေ၊ ကျနော်တို့ ညီအကိုတွေ တအားဝမ်းနည်းကြေကွဲ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေက ဘာလို့ ခရစ္စမတ်လုပ်မလဲ” သိက္ခာတော်ရဆရာတော် ဒေါက်တာ Stephen Lian Hup Ling

0
202

ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ အတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းချက်

၂၉ နိုဝင်ဘာ ၂၀၂၁

လာမယ့်ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ယေရှုဖွားမြင်တဲ့ ခရစ္စမတ်ရက်မြတ်မင်္ဂလာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရှိတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ခရစ္စမတ်ကာလရောက်ရှိလာပြီဆိုရင် ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားကျောင်းတွေ၊ လမ်းတွေ၊ မြို့၊ ရွာတွေကို အလှဆင်မြန်းတာ၊ အသင်းသူအသင်းသားတွေအိမ်မှာ သွားရောက်ပြီး ကယ်ရောလ်သီချင်းတွေ သံပြိုင်သီဆိုကြတာ၊ ခရစ္စမတ်နေ့မှာဆိုရင် ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာစတဲ့ အစီစဉ်တွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ခရစ္စမတ်ပွဲတော်ကို ငွေကြေး အကုန်အကျခံပြီး စည်စည်ကားကားနဲ့ ကျင်းပပြုလုပ်ဖို့ထက် နေရပ်စွန့်ခွါနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းကြဖို့ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတချိူ့က မေတ္တာရပ်ခံချက် ထုတ်ပြန်လာတာရှိသလို ချင်းပြည်နယ် ဟားခါးမြို့မှာလည်း ဒီနှစ်ခရစ္စမတ်ကာလမှာ ဘုရားကျောင်း၊ ရပ်ကွက်တွေ အလှမဆင်ဖို့၊ ခရစ္စမတ်နေ့စုဝေး ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာတွေ မလုပ်ကြဖို့ ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ Stephen Lian Hup Ling ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- မကြာခင်ရောက်တော့မယ့် ခရစ္စမတ်ပွဲတော်ကို ဟားခါးမြို့မှာ မကျင်းပတော့ဘူးလို့သိရပါတယ်။ ဘာကြောင့်ပါလဲ။ ရှင်းပြပေးပါဦး။

ဖြေ- အခုကျွန်တော်တို့ ချင်းပြည်နယ်မှာ ထန်တလန်ပဲဖြစ်ဖြစ်၊ ဖလမ်းတချို့နေရာမှာပဲဖြစ်ဖြစ်၊ မင်းတပ်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့အိုးအိမ်တွေ မီးလောင်တယ်၊ ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့မိသားစုတွေက တခြားနေရာဒေသကို သူတို့ ထွက်ပြေးတိမ်းရှောင်နေတယ်၊ သူတို့ကြေကွဲဝမ်းနည်းနေတယ်၊ အဲ့ဒီအချိန်အခါမှာ ကျွန်တော်တို့က ဒီမှာရှိတဲ့လူတွေက ပျော်ပျော််ပါးပါးနဲ့ ခရစ္စမတ်လုပ်မယ်ဆိုရင် ဒါ မသင့်တော်ဘူးလို့ ဆိုပြီး ကျွန်တော်တို့ ဟားခါးမြို့က မလုပ်ဘူး။ အခု ကျွန်တော်တို့ စစ်ဘေးရှောင်တဲ့သူတွေ၊ အိမ်တွေ မီးလောင်တဲ့သူတွေ၊ ကျွန်တော်တို့ တောထဲမှာ နေတဲ့သူတွေ၊ ကျနော်တို့ညီအကိုတွေ တအားဝမ်းနည်းကြေကွဲ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေက ဘာလို့ ခရစ္စမတ်လုပ်မလဲ၊ ဘုရားကျောင်းတွေ အလှဆင်တာ မလုပ်ဘူး၊ လမ်းတွေမှာ အလှဆင်တာ မလုပ်ဘူး၊ ခရစ္စမတ်ပွဲတော်တွေ မလုပ်ဘူး၊ ထမင်းစား စုပေါင်း လုပ်တာတွေ မလုပ်ဘူး၊ အိမ်တွေမှာလည်း ခရစ္စမတ် အလှဆင်တာမလုပ်ဘူး၊ ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပေးထားတယ်။ တခြားတခြား ရည်ရွယ်ချက်မျိုးလုံးဝမရှိဘူး။ ခရစ္စမတ်ဆိုတာက ဝမ်းနည်းတဲ့သူတွေနဲ့ ထပ်တူထပ်မျှ ကျွန်တော်တို့က ခံစားရမှာလေ။

မေး- ဆိုတော့ ဒီနှစ်ခရစ္စမတ်ပွဲတော်ကို ဟားခါးမြို့ပေါ်မှာ ဆရာတို့ဘယ်လိုပုံစံနဲ့ ဖြတ်သန်းကြမလဲ။

ဖြေ- ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့မိသားစုအလိုက်ပဲ။ ကျွန်တော်တို့က ဆုတောင်းပြီးတော့ပဲလုပ်ဖို့ပဲ ရှိတယ်၊ လူစု လူဝေးနဲ့ အသင်းတော်နဲ့ လုံးဝမလုပ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က မိသားစုအလိုက်ပဲ ဆုတောင်းပြီးမှ လုပ်ဖို့ အစီစဉ်ရှိတယ်။ ဥပမာဆိုရင် ကျွန်တော်မိသားစုဆိုရင် ကျွန်တော်တို့ မိသားစုပဲ အိမ်ထဲမှာပဲ ဆုတောင်းပြီးတော့ သခင်ခရစ်တော်ကို ဝမ်းမြောက်စွာ ကြိုဆိုမှာပဲ။

မေး- ခရစ္စမတ်ပွဲတော်မကျင်းပဖို့ဆိုတာက ဆရာတို့ဟားခါးမြို့ပေါ်မှာပဲလား၊ တခြားမြို့နယ်တွေရဲ့ အခြေအနေကော် ဘယ်လိုရှိပါသလဲ။

ဖြေ- တခြားမြို့နယ်အတွက်ကတော့ ကျွန်တော်တို့အတွက် မဆိုင်ဘူး။ ကျွန်တော်တို့ ဟားခါးက ဟားခါးအတွက်ပါပဲ။ တခြားတခြားနယ်အတွက်လည်း အကျုံးဝင်ဖို့ဆိုတာတော့ ကျွန်တော်တို့မရည်ရွယ်ပါဘူး၊ သူတို့ သူတို့ရဲ့ နယ်အတွက်ကတော့ သူတို့လုပ်သွားလိမ့်မယ်။ ကျွန်တော်တို့ ဟားခါးက ဟားခါး အတွက်ပါပဲ။

မေး- ခရစ္စမတ်ပွဲတော်ဆိုတာ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘယ်လောက်အထိ အရေးပါသလဲ။

ဖြေ- သိပ်အရေးပါတာပေါ့။ ခရစ္စမတ်ဆိုတာက ကယ်တင်ရှင် သခင်ခရစ်တော် မွေးဖွားတဲ့ အချိန်ကာလဖြစ်တယ်လေ။ ဒါပေမယ့် ခရစ္စမတ်ဆိုတာက ကျွန်တော်တို့ ပျှော်ပွဲရွှင်ပွဲသဘောမျိုးမဟုတ်ဘူး အဲ့ဒီအတွက်ကြောင့် ဒီနှစ်မှာတော့ ကျွန်တော်တို့က အလှဆင်တာလုပ်တယ်ဆိုတာလည်း ကျွန် တော်တို့ သခင်ခရစ်တော်ကို ကြိုဆိုတဲ့အနေနဲ့လုပ်တာ၊ ဘုရားကျောင်းထဲမှာ ကျွန်တော်တို့ အလှ ဆင်တာလည်း အဲ့ဒီသဘောပဲ၊ နောက်ပြီးတော့စုပေါင်းပြီး တော့ ခရစ္စမတ်ညစာတွေ၊ ကျွန်တော်တို့ ရွှင်လန်းဝမ်းမြောက်ဖို့အတွက် သီချင်းဆိုတာတွေ ဒါသခင်ခရစ်တော် ကယ်တင်ရှင်ရောက်လာတယ် ငြိမ်းသက်ခြင်းသဘောဖြစ်တယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ ဝမ်းနည်းကြေကွဲတယ်၊ အိမ်ကိုမီးလောင်တယ်။ ဒုက္ခဆင်းရဲတွေ ရောက်နေတယ်။ တချို့တွေဆိုရင်တော့ တောထဲမှာရှိနေတယ်။ ကြေကွဲဝမ်းနည်းနေတဲ့အချိန်မှာ ကျွန်တော်တို့တတွေက ကိုယ့်ရဲ့အခြေအနေကို ကြည့််ပြီးတော့မှ ပျှော်ပျှော်ပါးပါး လုပ်မယ်ဆိုရင် ဒါမသင့်တော်ဘူးလေ။

မေး- အရင်နှစ်တွေတုန်းကကော် ခရစ္စမတ်ပွဲတော်ကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပဖြစ်ခဲ့ကြလဲ။

ဖြေ- အရင်တုန်းကဆိုရင် ဟားခါးတမြို့လုံးဆိုရင် အလှဆင်တာတွေ ကောင်းကောင်းလုပ်တယ်။ လမ်း တွေမှာလည်း လုပ်တယ်။ လမ်းဆုံလမ်းခွတွွေမှာဆိုရင်လည်း ကျွန်တော်တို့ အသင်းတော်တွေက စောင့်ပြီးတော့ ခရစ္စမတ် အလှဆင်တာတွေလုပ်တယ်။ ဘုရားကျောင်းမှာလည်း ခရစ္စမတ်အလှ ဆင်တာတွေလည်း လုပ်တယ်။ အခုဒီနှစ်မှာတော့ လုပ်ဖို့ အခြေအနေမသင့်တော်ဘူးဆိုပြီးတော့မှ ဟားခါးခရစ်ယာန်ဂိုဏ်ပေါင်းစုံ ကျွန်တော်တို့ အသင်းတော်အားလုံးညီညီညွှတ်ညွှတ်နဲ့ ထုတ်ပြန်တာ ဖြစ်တယ်။

မေး- ချင်းပြည်နယ်မှာဆိုရင် စစ်ကောင်စီက စစ်ဆင်ရေးတိုးမြင့်လာတာတွေ့ရတယ်။ ထန်တလန်မြို့ ဘက်မှာဆိုရင် ဘုရားကျောင်းအပါအဝင် လူနေအိမ်တွေအများအပြား မီးရှို့ခံရတယ်။ စစ်ဘေးရှောင်တွေလည်း အများအပြား ရှိနေကြတယ်။ ဒီအခြေအနေတွေ အပေါ်မှာ ဆရာတော် ဘာများပြောချင်လဲ။

ဖြေ- ဟုတ်ကဲ့။ အဲ့ဒီအပေါ်မှာတော့ သဘောထားမပြောချင်ပါဘူး။

မေး- တခြားဘာများဖြည့်စွပ်ပြောလိုတာရှိပါသေးလဲ။

ဖြေ- မရှိတော့ပါဘူး၊ ဒီနှစ်တော့ ကျွန်တော်တို့ ဟားခါးက ခရစ္စမတ်ပွဲတော်မလုပ်တော့ဘူး၊ ကျွန်တော်တို့ စိတ်ထဲကပဲ ခရစ္စမတ်ပွဲတော်လုပ်မယ်။ ခရစ္စမတ်ဆိုတာက ကျွန်တော်တို့က ပွဲလမ်းသဘင်မဟုတ်ဘူး၊ ခရစ္စမတ်ဆိုတာက စိတ်ထဲကနေသခင်ခရစ်တော်ကို ဝမ်းမြောက်စွာ ဆုတောင်းခြင်းအားဖြင့် ကြိုဆိုပြီးတော့ ဒါလုပ်ရင်လည်း ခရစ္စမတ်ပဲ။ ခရစ္စမတ်လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ဝမ်းနည်းကြေကွဲနေတဲ့သူတွေအတွက် ဆုတောင်းပေးတာကလည်း ခရစ္စမတ်ပဲ သူငယ််တော်ကို ကြိုဆိုတာအဲ့တာပဲ။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here