မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်

0
86

၂၉ နိုဝင်ဘာ ၂၀၂၁

ကချင်ပြည်နယ် မိုးမောက်မြို့အတွင်းရှိ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်သည့်အတွက် ထိခိုက်ပျက်စီမှုများ ရှိခဲ့ကြောင်း သိရပါသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်ခန့်တွင် ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်က ကြေးနန်းရပ်ကွက်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကချင်နှစ်ခြင်းခရစ်ယာန် ကျောင်းဝင်းနှင့် ဧဒင်စစ်ရှောင်စခန်းတွင် လက်နက်ကြီးထိမှန်ထားသည်ဟု မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။

“စစ်သားတွေက သူတို့ရဲ့စခန်းကနေ ကြေးနန်းရပ်ကွက်ဘက်ကို တက်လာတဲ့အချိန် ဘုရားကျောင်းဝင်းအနီးမှာ မိုင်းတစ်ခါဖောက်ခွဲတယ်။ ပြီးတာနဲ့ အနီးတဝိုက် အကုန် လက်နက်ကြီးတွေပစ်ခတ်တယ်။ ဘုရားကျောင်းဝင်း အတွင်းမှာလည်း လက်နက်ကြီးကျတယ်။ နောက် စစ်ရှောင်စခန်းလည်း ထိသွားတယ်” ဟု ပြောဆိုသည်။

စစ်ကောင်တပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်သာမက ဒေသခံပြည်သူများ ၃၀ ဝန်းကျင်ခန့်ကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မြို့ပတ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု သူက ဆက်ဆိုထားသည်။

“စျေးနားအနီးတဝိုက်သွားလာနေတဲ့ ပြည်သူတွေကို သူတို့သွားတဲ့ဘက်ကို အတူတူခေါ်သွားတယ်လို့ သိရတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာက သေချာမသိဘူး။ ဒါပေမယ့် သိရသလောက်က မြို့တွင်းမှာဘဲတဲ့။ ဆေးရုံကြီးနဲ့ အ.ထ.က ကျောင်းအနီးတဝိုက်တွေမှာ အကုန်ပတ်ခေါ်တယ်လို့ဘဲကြားတယ်။ ပြီးရင် သူတို့ရဲ့စခန်းဘက်ကို ပြန်ဆင်းသွားကြတယ်” ဟု ပြောဆိုသည်။

အဆိုပါ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ၃၀ ကျော်ခန့်ကို ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ပြန်လွတ်ပေးလိုက်ကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် စစ်ရှောင်စခန်းအတွင်းရှိ စစ်ရှောင်ပြည်သူများ ဝတ်ပြုဆောင်လည်း ကျည်ထိမှန်ထားပြီး စစ်ရှောင်ပြည်သူများ အသုံးပြုနေသည့် အိမ်စီးကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here