ချင်းအမျိုးသမီးတွေ သေနတ် ထမ်းနိုင်မလား …

0
171

၂၉ နိုဝင်ဘာ ၂၀၂၁

၂ဝ၁၅၊ ၂ဝ၁၆ ခုနှစ်တွေမှာ ကျွန်မတို့ ချင်းဓလေ့ထုံးတမ်းနဲ့ပတ်သက်ပြီး သုတေသနလုပ်တုန်းက ကျား/မ အလုပ်တာဝန် ခွဲဝေသတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာ အမျိုးသမီးတွေ မကျေမနပ်ပြောကြတာက တောင်ယာသွားတဲ့အခါ မိန်းမတွေက ကျောမှာပလိုင်းအပြည့်နဲ့ ပစ္စည်းတွေ သယ်၊ ရှေ့ဖက်မှာ ကလေးပိုးရတဲ့အချိန် ယောကျ်ားတွေက သေနတ်လေးထမ်းပြီး နောက်ကနေ လိုက်လာသတဲ့။

ယောကျ်ားတွေပြောတာတော့ ဟိုအရင်တုန်းက တစ်ရွာနဲ့တစ်ရွာ စစ်တိုက်ခဲ့တဲ့အချိန်မှာ ယောက်ျားတွေဟာ မမျှော်လင့်ဘဲ ရန်သူတွေ လာတိုက်ခဲ့သည်ရှိသော် ပြန်ခုခံလို့ရအောင်ဆိုပြီး တခြားပစ္စည်းတွေမသယ်ရဲဘဲ သေနတ်ပဲ ထမ်းရခြင်း ဖြစ်ပါသတဲ့။ လုံခြုံရေးကို တာဝန်ယူရတဲ့သဘောပေါ့။ ပြီးတော့ အဲဒါကို အကျင့်ပါသွားပြီး ခုထိ သေနတ်ပဲ ထမ်းနေကြတာပါတဲ့။

ဒီနှစ် ချင်းပြည်နယ်မှာ အမျိုးသမီးတွေ စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုခံရခြင်းနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ဖို့ ဖလမ်းကို ကျွန်မ ပြန်သွားပါတယ်။ အဲဒီမှာ ကျားမ အလုပ်တာဝန်ခွဲဝေသတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး အပြောင်းအလဲတစ်ခု တွေ့လိုက်ရပါတယ်။ အရင်တုန်းကတော့ အမျိုးသမီးတွေက ပလိုင်းတွေနဲ့ ဟင်းသီး ဟင်းရွက်တွေ သယ်ပြီး အိမ်မှာ လာရောင်းကြတယ်။

ဒီတစ်ခေါက်တော့ အမျိုးသားတွေက မော်တော် ဆိုင်ကယ်နဲ့ သယ်လာပြီး လာရောင်းကြတယ်။ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြောင်းအလဲဟာ အမျိုးသမီးတွေထမ်းရတဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးကို ပေါ့သွားစေနိုင်တယ်။ ပြောင်းလဲသွားစေနိုင်တယ်။

ကမ္ဘာကြီးမှာ နည်းပညာတိုးတက်နှုန်းက အံ့မခန်းပါပဲ။ ဒါပေမဲ့ ဒီလိုတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုမှာ ဒီနေ့ ချင်းတောင်တန်းက တိုက်ပွဲတွေမှာ ရှေးဟောင်းပြတိုက်ထဲ ရောက်သင့်နေပြီဖြစ်တဲ့ တူမီးသေနတ်တွေကို အသုံးပြုနေကြတုန်းပဲ။ ကျားမတန်းတူရေးနဲ့ပတ်သက်ပြီးတော့ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးကို ဦးဆောင်နေတဲ့ ယောက်ျားတွေရဲ့ စိတ်သဘောထား၊ အမြင်၊ ခံယူချက်တွေရော ဘယ်လိုရှိမလဲ။ ကျွန်မ သိချင်မိတယ်။

သမိုင်းကို ကြည့်ရင် အမျိုးသမီးတွေဟာ အမျိုးသားတွေတိုက်တဲ့စစ်ပွဲတွေမှာ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပါဝင်ခွင့်မရသော်လည်း စစ်ပွဲရဲ့ဒဏ်ကိုတော့ အလူးအလဲခံခဲ့ကြရတယ်။ ခေတ်အဆက်ဆက် စစ်ပွဲတွေမှာ အမျိုးသမီးတွေရဲ့ နေရာဟာ နောက်တန်းမှာပါ။ သူနာပြုတွေအနေနဲ့တော့ ရှေ့တန်းကို သွားလို့ရမှာပေါ့။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့အခါ ရှေ့တန်းမှာ ယောကျ်ားတွေလို တိုက်ခိုက်ခွင့်ရဖို့ တချို့ဖေးမီးနစ်တွေက လှုပ်ရှားတောင်းဆိုခဲ့ကြတယ်။ လူသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြတဲ့ စစ်ပွဲတွေဟာ ကျားပဓာနစနစ်ကို ဖော်ညွှန်းတဲ့အရာလို့ မြင်ပြီး စစ်ပွဲတွေကို ဆန့်ကျင်တဲ့ဖေးမီးနစ်တွေလည်း ရှိပါလိမ့်မယ်။

၂ဝ၁၅ ခုနှစ် သုတေသနလုပ်တုန်းက အသက်ကြီးပြီဖြစ်တဲ့ အမျိုးသားတစ်ဦးကို ကျွန်မ မေးခဲ့တယ်။ ဦးလေး၊ ဘာဖြစ်လို့၊ ဘယ်လိုနဲ့ ချင်းအသိုက်အဝန်းတွေမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်း စတင်လာတာ ဖြစ်မယ်လို့ ထင်ပါသလဲ။ သူက တော်တော်ကြာ စဉ်းစားပြီးမှ ပြန်ဖြေပါတယ်။ ယောကျ်ားတွေ သူတို့အသက်ကို ရင်းပြီး စစ်တိုက်ထွက်တဲ့အချိန်မှာ မိန်းမတွေ စစ်မတိုက်နိုင်လို့ အိမ်မှာ ကျန်နေခဲ့ရတဲ့အချိန်မှာ ခွဲခြားဆက်ဆံမှုစခဲ့တာ ဖြစ်လိမ့်မယ်ထင်တယ်တဲ့။

ကျွန်မတို့ အဘွားတွေ စစ် မတိုက်ခဲ့ရဘူး။ အမဲလည်း မလိုက်ခဲ့ကြဘူး။ ယောက်ျားတွေ စစ်တိုက်တဲ့အချိန်၊ အမဲလိုက်တဲ့ အချိန်တွေမှာ အဘွားတို့ဟာ အိမ်မှာနေပြီး ယောက်ျားတွေ စစ်တိုက်လို့ နိုင်ရင်၊ အမဲပစ်လို့ရရင် အောင်ပွဲခံဖို့ ခေါင်ရည်လုပ်ခဲ့ကြပါလိမ့်မယ်။ အဲဒီခေါင်ရည်အတွက် စပ်ဆန်တွေရဖို့၊ ပြောင်းဖိုးတွေရဖို့ နေ့တိုင်း တောင်ယာသွားခဲ့ကြလိမ့်မယ်။

ဂရိတွေမှာတော့ စစ်ပွဲနဲ့ဆိုင်တဲ့ဘုရားမ အသီနာ၊ အမဲလိုက်ခြင်းနဲ့ဆိုင်တဲ့ဘုရားမ အားတမီးစ် (ရောမလို ဒိုင်ယာနာ၊ ရုပ်ရှင်မှ wonder woman) တွေလို စွမ်းရည်ရှိတဲ့ နတ်ဘုရားမတွေ ရှိကြတယ်။ ချင်းတွေရဲ့ ဒဏ္ဍာရီထဲက(လူမိန်းမ မဟုတ်တဲ့) အမတွေ ကျွန်မသိသလောက်ဆိုရင် လူသေတွေ နေတဲ့ရွာကို အဝင်ပေါက်က စောင့်တဲ့ စာနူးရှိတယ်။ သူ့အကျင့်ပုတ်လို့ လူသေတွေရဲ့ဝိဉာဉ်တွေကို နှိပ်စက်တတ်လို့ အမျိုးတွေက သူ့လာဒ်ထိုးဖို့အတွက် လူသေတွေကို သဂြိုလ်တဲ့ခါ ပစ္စည်းတွေ ထည့်ပေးရတယ်။ ပီးနူးကျ သီးချင်းတော့ အစပ်ကောင်းပါရဲ့၊ ရုပ်ရည်က အင်မတန်းဆိုး ဆိုပဲ။ ခြေတစ်ဖက်က ဆာပြီး ဘုစုခရု အရွယ်တူကလေးတွေနဲ့။ လစီးကျတော့ လှပတဲ့ တောတောင်စောင့် နတ်သမီး။

ပြောချင်တာက စစ်တိုက်တဲ့မိန်းမဆိုတာ ကျမတို့ ချင်းတွေရဲ့သမိုင်းမှာရော ဒဏ္ဍာရီမှာရော မရှိခဲ့ဘူး။ အဲဒါ ကြောင့် မင်းတပ်ဖက်က အခြေအနေတွေကို တင်ပေးနေတဲ့သူတစ်ယောက်က အမျိုးသမီးတွေလည်း စစ်တိုက်မယ်ဆိုတာ ဖေစ့်ဘုတ်မှာတွေ့တဲ့အခါ ကျွန်မ တော်တော်အံ့သြသွားတယ်။ လန့်သွားတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ချင်းအမျိုးသမီးတွေ သေနတ်ထမ်းနိုင်မလားဆိုတာ ကျွန်မ မသိပါ။

သို့သော် လူတိုင်း ကိုယ့်ဘဝမှာ ဘာလုပ်ရမလဲဆိုတာ ရွေးချယ်ခွင့်ရှိတယ်၊ ရှိသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အကယ်၍ ချင်းအမျိုးသမီးတချို့က သေနတ်ထမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်ရှိသော် ကျွမ်းကျင်မှု ရှိကြပါစေ။ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိကြပါစေ။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်းတီးနိုင်ကြပါစေ။

မိုင်လဲင် – ရေးသည်။

(စာရေးသူသည် ချင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး နေနူးဟု ခေါ်သော ချင်းအမျိုးသမီးအဖွဲ့၏ ဒါရိုက်တာဖြစ်သည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here