ထိုင်း-မြန်မာနယ်စပ် အုန်းဖျန် ကရင်ဒုက္ခသည်စခန်းအတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်မှုခံရသူ တိုးလာသဖြင့် စိုးရိမ်ဖွယ်ဖြစ်လာဟုဆို

0
143
အုန်းဖျန် ကရင်ဒုက္ခသည်စခန်း

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်အတွင်းရှိ အုန်းဖျန် ကရင်ဒုက္ခသည်စခန်းအတွင်း ပြီးခဲ့ သည့်လကတည်းက စတင်ဖြစ်ပွားခဲ့သော ကိုဗစ်ကပ်ရောဂါ ကူးစက်မှုသည် ကူးစက်ခံရသူ တိုးလာပြီး စိုးရိမ်နေရဆဲ အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ယခင် အောက်တိုဘာလ ၅ ရက်နေ့ကတည်းစပြီး အုန်းဖျန် ဒုက္ခသည်စခန်းအတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများထံတွင် ကိုဗစ်ကူးစက်မှုစစ်ဆေးတွေ့ရှိရပြီးနောက် ထိတွေ့ ဆက်စပ်သူများကို ထပ်မံစစ်ဆေးရာတွင် ကူးစက်ခံ ရသူ ထပ်တိုးလာခဲ့ကာ ယမန်နေ့အထိ ကူးစက်ခံရသူ စစ်ဆေးတွေ့ရှိနေရဆဲဖြစ်ကာ လူပေါင်း ၄၀၀ ကျော်ခန့် ကူးစက်ခံခဲ့ရပြီးဟု စခန်းဒု ဥက္ကဌ စောနီဒို့က ယခုလိုပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ၂ရက်က ၄ယောက်ထပ်တွေ့တယ်။ ဒီရက်ပိုင်းတွေက နည်းလာတယ်ဆိုပေမဲ့ စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ အခုက ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေသေးတာပေါ့။ lock down ချထားရတုန်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် လမှစ၍ ယခုလကုန်ခါနီးအထိ လူပေါင်း ၄၀၀ ကျော်ကူးစက်ခံခဲ့ရာမှ ၂၀၀ ကျော်မှာ ပြန်လည် သက်သာလာပြီးဖြစ်ကြောင်းနှင့် ကျန် ၂၀၀ နီးပါးမှာ ကုသမှု ခံယူရသည့် အခြေအနေအောက်တွင်သာ ဆက်ရှိနေရဆဲဖြစ်ပြီး ကူးစက်ခံရသူများအနက် သက်ကြီးရွယ်အို ၂ ဦး သေဆုံးသွားကြောင်းလည်း စောနီဒို့က ဆက်ပြောသည်။

အဆိုပါ စခန်းအတွင်း ကူးစက်မှုတွင် ရပ်ကွက် (၅) ၌ ကူးစက်ခံရမှု အများဆုံး ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ စခန်းတစ် ခုလုံး ဝင်ထွက်သွားလာမှုများကို ကန့်သတ်ထားကာ ကူးစက်ခံရသူများအနက် အခြေအနေ ဆိုးရွားသူများကို ထိုင်းကျန်းမာရေး တာဝန်ရှိသူများဘက်မှ လိုအပ်သလို တာဝန်ယူ ဆောင်ရွက်ပေးကြောင်းလည်းသိရသည်။

အလားတူ ကိုဗစ်ကူးစက်မှုမြှင့်တက်နေသော အုန်းဖျန် ဒုက္ခသည်စခန်းတွင်း နေထိုင်သူများအနက် အသက် ၁၈ နှစ်မှ ၆၀ နှစ်အရွယ် ဒုက္ခသည် သုံးထောင် (၃,၀၀၀) ကျော်ကို ကျန်းမာရေး တာဝန်ရှိသူများကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကြောင်း နှင့် ဆက်လက် ထိုးနှံပေးသွားရန် အခြေအနေ ရှိနေကြောင်းလည်း တာဝန်ရှိသူ များက ဆိုသည်။

သို့သော် လက်ရှိ စခန်းတွင်း နေထိုင်သူမှာ ရှစ်ထောင် (၈,၀၀၀) ကျော်ရှိပြီး ၎င်းလူဦးရေအားလုံးကို ထိုးနှံသွား ပေးခြင်းရှိ မရှိ မသိရသေးသလို တချို့ စခန်းတွင် နေထိုင်သူများအနေဖြင့်လည်း ထိုးနှံလိုသည့် ဆန္ဒမရှိကြသူများလည်းရှိကြောင်း စခန်းတွင်း နေထိုင်သူများထံမှ သိရသည်။

ယခင် အောက်တိုဘာ ၄ရက်နေ့က စခန်းတွင်း ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသည့် IRC ဝန်ထမ်းတစ်ဦးထံမှ ကိုဗစ်ပိုး စတင်တွေ့ရှိရာမှ ၎င်းနှင့် ထိတွေ့သူများကို ရပ်ကွက်အလိုက် လိုက်ခံ စစ်ဆေးရာ ကူးစက်ခံရသူ နေ့စဉ် တိုးလာခဲ့ရာမှ ယခုလို ကူးစက်မှုမြှင့်တက်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင်လည်း စခန်းတွင်းသို့ ပြန်လည်ခိုးဝင်လာသူများထံမှ ကိုဗစ်ပိုး ကူးစက်ခံရမှု တွေ့ရှိခဲ့ဖူးပြီး စခန်းတွင်း သွားလာမှုများကို ကန့်သတ်ပိတ်ပင်ထားခဲ့ရကာ သွားလာမှု အနည်းငယ် ပြန်လည်ဖွင့်လှစ်ပေးပြီးနောက်ပိုင်း ယခုလို ထပ်မံ ပိုးတွေ့ရှိမှုဖြစ်ပေါ်ပြီး ကျောင်းများကိုလည်း ယာယီဆက်လက် ပိတ်ထားရကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here