29 March 2024 /

See today's Peace Related News

မိုးညှင်းမြို့အနီး အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းအား KIA နှင့် PDF ပူးပေါင်းမိုင်းခွဲတိုက်ခိုက်

၃၀ နိုဝင်ဘာ ၂၀၂၁

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၇ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ အိမ်စီးကား ၂ စီးဖြင့် တက်လာသော စစ်ကောင်စီတပ်ကို ရှမ်းညောင်ကုန်းနှင့် လက်ပံသာကျေးရွာ ၂ ခုကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသတွင်ကွပ်ကဲနေသော ရှေ့တန်း KIA သတင်းအရင်းအမြစ်တစ်ခုထံမှ သိရသည်။

“KIA နဲ့ PDF ပူးပေါင်းတပ်အဖွဲ့က ဒီမနက် စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်တာ မှန်ပါတယ်။ စစ်သားတွေဘက်က ၇ ယောက်လောက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အဲ့မှာ ထိခိုက်သေဆုံးတဲ့နေရာမှာ အရာရှိ ဗိုတစ်ယောက်ပါတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ တိုက်ခိုက်ခံရသည့်နေရာမှ နန့်မားမြို့အဝင်အထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်ပံသာနှင့် နန့်မားစသော နေရာ ၂ ခုမှ လူနေအိမ်များနှင့် အိမ်မွေးတိရိစ္ဆာန်များ ကျည်ထိမှန်သေဆုံးမှုရှိခဲ့သည်ဟု နန့်မားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နန့်မားမြို့အဝင်အထိ ပစ်ခတ်လာတယ်။ လမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ် ၃ လုံးမှာ ကျည်ထိမှန်တယ်။ ပြီးရင် လက်ပံသာမှာက လူနေအိမ်မကဘူး နွား ၂ ကောင်မှာ ကျည်ထိတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့များစီးလာသည့် ယာဥ်တန်းမှာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်ကာတက်သွားကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အာဏာသိမ်စစ်ကောင်စီတပ်ဖွဲ့ကို KIA က မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။

KNG – ပေးပို့သည်။