29 March 2024 /

See today's Peace Related News

လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲလမ်းပိုင်းတွင် ခရီးမသွားကြဖို့ KNDF အသိပေး

၂ ဒီဇင်ဘာ ၂၀၂၁

လွိုင်ကော်၊ ဒီးမော့ဆို နဲ့ ဘောလခဲမြို့နယ်ကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်းဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေးအတွက် ဒီဇင်ဘာလ ၃ ရက်နေ့မှစပြီး ခရီးသွားလာခြင်းမပြုလုပ်ဖို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးမေတ္တာရပ်ခံထားပါတယ်။

“ကျနော်တို့သိရသလောက်ကတော့ တပ်တွေက ရိက္ခာဖြည့်တင်းမှုတွေလုပ်နေတာပေါ့လေ။ သူတို့ရှေ့တန်းစခန်းတွေမှာလေ ရိက္ခာဖြည့်တင်းမှုတွေလုပ်နေသလို သူတို့ရဲ့နောက်ပိုင်း စစ်ရေးလုပ်ရှားမှုတွေက ပေါ်ပေါ်တင်တင်ထွက်တာမရှိဘဲနဲ့ အရပ်သားပုံစံတွေနဲ့ထွက်ပြီးတော့မှ ထွက်တဲ့ပုံစံကပိုများတယ်ပေါ့လေ။ နောက်တစ်ခုက ကင်းထောက်တာတွေက အရင်ကထက်စာရင် သူတို့က ပိုပြီးတော့လုပ်ရှားလာတယ်။ အရပ်သားပုံစံနဲ့ပေါ့။ သိရသလောက်ကတော့ လမ်းမကြီး အရှေ့ဖက်ခြမ်းမှာကော၊ အနောက်ဖက်ခြမ်းမှာကော သူတို့ကပုံမှန်အရပ်သားဝတ်စုံနဲ့ သွားလာလုပ်ရှားနေတယ်ဆိုတာ သိရတယ်ပေါ့။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့မှ လမ်းမကြီးကို ပိတ်ချလိုက်ခြင်းဖြစ်တယ်ပေါ့” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ကနေ စစ်ကောင်စီတပ်ဟာ ဘောလခဲနဲ့ ဖားဆောင်းမြို့ နယ်ဘက်ကို တပ်ရွေ့ပြောင်းမှုပြုလုပ်နေတယ်လို့လည်းထပ်လောင်းပြောဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တပ်အင်အားဖြည့်တင်းတာတွေ၊ ရိက္ခာပို့ဆောင်တာတွေ ပြုလုပ်ဖို့အတွက် အဆိုပါ လမ်းမကြီးကိုအသုံးပြုနေတာပါ။

ဒါကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လိုအပ်မှသာအပြင်ထွက်ကြဖို့နဲ့၊ ခရီးသွားလာမယ့်ပြည်သူတွေအနေနဲ့လည်း မှန်ကန်တဲ့သတင်းအချက်အလက် ရယူပြီးမှသာ သွားလာသင့်တယ်လို့ လည်း KNDFက ပြောပါတယ်။

ပြည်သူအချင်းအချင်း အထိတ်တလန့်မဖြစ်စေဘဲ မှန်ကန်တဲ့သတင်းဖြန့်ဝေဖို့လိုကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“တိုက်ပွဲက အချိန်မရွေးဖြစ်ပွားနိုင်တဲ့အနေအထားမှာလည်းရှိသလို ပြည်သူတွေက မလိုအပ်ရင် အပြင်မထွက်ရင်တော့ အကောင်းဆုံးပေါ့လေ။ တကယ့်အရေးကြီးမှ လိုအပ်တဲ့အချိန်မှ ထွက်ကြတာ ကောင်းတယ် ဘာကြောင့်လဲဆိုရင် တိုက်ပွဲကြားထဲ ဝင်တိုးမိတာတို့ ကြားညှပ်မိတာတို့ဆိုရင် ဒီအနေအထားအရ ကျနော်တို့လည်း မတတ်နိုင်ဘူး။ ကျနော်တို့ကတော့ စစ်ကောင်စီကို တွေ့တဲ့နေရာမှာတော့ပစ်ရမှာပဲ အဲ့ဒီအပေါ်မှာ ပြည်သူလူထုတွေအနေနဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ မြေပြင်အချက်အလက်တွေ ရယူဖို့လိုတယ် နားစွင့်ဖို့လိုတယ်ပေါ့လေ”

KNDF ရဲ့ပြောကြားချက်အရ စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်း ကျေးရွာတွေကို ကင်းထောက်တာတွေ၊ စစ်ရေးလုပ်ရှားမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်)- ပေးပို့သည်။