မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိပြီး မိခင်ဖြစ်သူသေဆုံးကာ လေးနှစ်အရွယ်သမီးငယ် ခြေထောက် ပြတ်တောက်သွား

0
149

၇ ဒီဇင်ဘာ ၂၀၂၁

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့ညနေပိုင်းက တောင်ယာမှပြန်လာသော သားအမိနှစ်ဦး နေအိမ်ရှေ့တွင် မိုင်းနင်းမိ၍ မိခင်ဖြစ်သူ ပွဲချင်းသေဆုံးပြီး လေးနှစ်အရွယ်သမီးဖြစ်သူ ခြေထောက်ပြတ်သွား၍ ပခုက္ကူဆေးရုံကို ပို့ဆောင်ထားသည်ဟု သိရသည်။

“ဆုံးသွားတဲ့အမျိုးသမီးရဲ့ အိမ်ရှေ့မှာတင်ပဲ ကလေးလေးက မြေမြှုပ်မိုင်းကို သွားနင်းမိတာ အဲဒီမှာ လူကြီးနှစ်ယောက်က စကားပြောနေကြရတယ်၊ ကလေးကဆော့ရင်းနဲ့ မြေမြုပ်မိုင်းကို သွားနင်းမိတော့ သူ့မိခင်က တခါတည်းဆုံးသွားတာပေါ့။ သူ့အဒေါ်ကတော့ ခြေသလုံးမှာဒဏ်ရာရတယ်၊ ကလေးက ခြေထောက်တဖက်ပြတ်တယ်၊ တဖက်လည်း ဒဏ်ရာရတယ်၊ ဦးခေါင်းကတော့ တော်တော်ပြင်းထန်တယ် ညက ပခုက္ကူဆေးရုံးကို ပို့ပေးလိုက်တယ်” ဟု မင်းတပ်မြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ အသက် ၄၉ နှစ်အရွယ် ဒေါ်ဟုန်းအွယ်ဟုသိရပြီး ၎င်းတို့သားအမိသည် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားသည့်အချိန်ကစ၍ မြို့ပေါ်မှာ မနေရဲတော့ဘဲ တောင်ယာအခင်းထဲမှ တဲတွင် နေထိုင်ကြသူများဖြစ်ကြပြီး မြို့ပေါ်နေအိမ်သို့ တစ်ပတ်တခါ ပြန်လာလေ့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ကလေးမ၏ အဒေါ်ဖြစ်သူလည်း ခြေသလုံးတွင် ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု သိရပြီး ယင်းမြေမြုပ်မိုင်းမှာ စစ်ကောင်စီဘက်က ထောင်ထားသည့်မိုင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here