“ပြည်သူတွေအားလုံးအနေနဲ့ သိထားတာက ကရင်လိုပြောရင် ကရင်စစ်သားလို့ပဲ ထင်ကြတယ်။ တကယ်က ကရင်လိုပြောပေမဲ့ ကရင်အလုပ်လုပ်နေလား၊ ရန်သူအလုပ် လုပ်နေလားဆိုတာ မသိနားမလည်တဲ့သူတွေ အများကြီးရှိနေသေးတယ်” ဗိုလ်မှူးကြီးစောထူးကရှော (ဗျူဟားမှူး – KNU တပ်မဟာ ၅)

0
240

KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောနှင့် ဆက်သွယ်မေးမြန်းချက်

၁၃ ဇန်နဝါရီ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ဆက်ပူးပေါင်းခြင်း မပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ဘက်မှ နောက်ဆုံး သတိပေးသည့်အနေဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

BGF အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရိက္ခာသယ်ယူပေးခြင်းအပြင် လုံခြုံရေး ရယူပေးခြင်းနှင့် မိမိ ကရင်လူမျိုး ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းအပေါ် KNU ဘက်မှ ယခုလိုသတိပေးခဲ့ခြင်း ဖြစ်သည်။

KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ဘာကြောင့် ဒီသတိပေးစာကို ထုတ်ပြန်လိုက်ရတာလဲ။

ဖြေ – ဘာကြောင့်သတိပေးရလဲဆိုတော့ အကြောင်းအမျိုးမျိုးရှိတာပေါ့။ နံပါတ်တစ် တစ်ချက်က ကိုယ့်ကရင်အချင်း ချင်းဖြစ်တာရယ်၊ နံပတ်နှစ် အချက်အနေနဲ့ သူတို့(BGF)ထဲက သူအတော်များများက ဘာမှ နားမလည်ကြဘူး။ တချို့ဆိုရင် လူငယ်လူရွယ်လေးတွေ။ ကိုယ့်အမျိုးသားရေး ဘာတွေ နားမလည်ကြဘူး။ တတိယအချက် အနေနဲ့ အာဏာသိမ်းယူလိုက်တဲ့ အကြမ်းဖက် စစ်အုပ်စုဖြစ်တဲ့ မင်းအောင်လှိုင် လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုး မလုပ်ဖို့ပေါ့နော်။ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ကရင်အချင်းချင်းအကြား ၁၉၉၄-၉၅ ကတည်းက ဒီကနေ့ အချိန်ထိ ပြန်သတ်ဖြတ်နေကြတာ အဲ့ဒါတွေကို ထပ်မဖြစ်စေချင်တော့ဘူး။ ဒါမျိုးလည်း မဖြစ်သင့်တော့ဘူး။

အခုက ရန်သူမှာ အခက်အခဲတွေ အကြီးကြီး ရင်ဆိုင်နေရတဲ့ အချိန်မှာ သွားမကူညီဖို့။ သွားကူညီလိုက်တာနဲ့ သူတို့အတွက် အင်အားအကြီးကြီးဖြစ်သွားစေမယ်။ နောက်တစ်ခုက တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လက်နက်ကြီးတွေ ပစ်တဲ့နေရာမှာ ကိုယ့်လူထုနေရာတွေကို ပစ်မှတ်ထားပြီး ပစ်တော့ ရွာတွေ လူနေအိမ်တွေ လုပ်ကိုင် စားသောက်တဲ့ နေရာတွေပျက်စီးထိခိုက် သေဆုံးတာတွေ ဖြစ်စေတာပေါ့။ ဒါတွေကို ထပ်မဖြစ်စေချင်တော့ဘူး။ ဒါကို သတိမူမိဖို့ လိုတာပေါ့။ အဲ့ဒါကြောင့် ညှိနှိုင်းလို့မှ မရရင်တော့ ကိုယ့်ဘက်က လုပ်စရာရှိတာတော့ ရှင်းရှင်း လင်းလင်း လုပ်ဆောင်သွားရဖို့ပဲ ရှိတယ်။

မေး – အခု တပ်မဟာ (၅) နယ်မြေမှာ အဓိက ဝင်ရောက်လှုပ်ရှားနေတဲ့ BGFတွေက ဘယ်သူ့ရဲ့ ဦးဆောင်မှု အောက်မှာရှိနေလဲ၊ တပ်ရင်းဘယ်လောက်ရှိပြီးတော့ စစ်ကောင်စီကို ဘယ်လို ပုံစံမျိုးပူးပေါင်းကူညီပေးနေသလဲ။

ဖြေ – အဓိက ဦးဆောင်ပြီး အစီအစဉ်ဆွဲ ညွန်ကြားတဲ့သူက ဗိုလ်ချစ်သူပဲ ရှိတယ်။ သူက အတွင်းရေးမှူးဖြစ်တော့ သူ့လူတွေပြောတာက အတွင်းရေးမှူးရဲ့ အစီအစဉ်တွေချည်းပဲ။ သူတို့ အချင်းချင်းကြားမှာလည်း လက်ရှိ အခြေအနေမှာ စစ်တပ်ကို အကူအညီ မပေးဖို့ ပြန်ပြောကြတာရှိပေမဲ့ စစ်တပ်နဲ့ အကြားမှာ သဘောတူညီမှု တစ်ခုခု ယူထားလို့လားတော့မသိဘူး၊ မလာချင်လည်း လာရတဲ့ သဘောတွေ တွေ့ရတယ်။ သူ့လက်အောက် က လူတွေမှာလည်း အခက်အခဲ ဖြစ်စေတာပေါ့။ တချို့ဆို သွားခိုင်းလည်း မသွားတဲ့သူလည်း ရှိနေတယ်။ ဒါပေမဲ့ မြေပြင်မှာ အဓိက ဦးဆောင်တဲ့သူတွေကတော့ (၁၀၁၄) တပ်ရင်းမှာဆို ဗိုလ်မောင်ချစ်၊ ၁၀၁၃ မှာဆိုရင် လှကြိုင် နဲ့ ကျော်ဝင်း တို့က ဦးဆောင်တာပေါ့။ တကယ့်မြေပြင်မှာ လှုပ်ရှားတဲ့နေရာမှာ အဓိက တွေ့ရတာက မောင်ချစ် နဲ့ ကျော်ဝင်းပဲ။ ဒီတောင်သုံးလုံး အထက်ဘက်ကို တက်လာခိုင်းဖို့ ရှေ့တန်း ထွက်ဖို့အတွက် အဓိက အမိန့်ပေး တဲ့သူက ကျော်ဝင်းပေါ့။ ကတိုင်ထိ အောက်ဘက်မှာကြတော့ မောင်ချစ်က အဓိက လှုပ်ရှားတာပေါ့။ အရင်က ဝင်လာတုန်းကဆိုရင် ခန့်မှန်ချက်အရ တပ်ရင်း နှစ်ခု (၁၀၁၃) နဲ့ (၁၀၁၄) ပေါင်း အင်အား ၇၀၀ လောက်ရှိ တာပေါ့။ နောက်ပိုင်း ပိုတိုးလာတယ်။ တောင်သုံးလုံးမှာ ၁၀၀ လောက် ထပ်တိုးလာတာပေါ့။ ခန့်မှန်းရ သလောက်တော့ ၈၀၀ ကျော် ၉၀၀ နီးပါးရှိလောက်တယ်။ တချို့က တပ်မဟာ (၁) ဘက်ကို ဆင်းတာ တပ်အပြောင်းအလဲ လုပ်တာလည်းရှိတာပေါ့။

မေး – ဒီ သတိပေး ထုတ်ပြန်ချက် မထုတ်ခင်က နှစ် ဖက်ခေါင်းဆောင်တွေ အကြား၊ မြေပြင် တပ်မှူးခေါင်းဆောင်တွေအကြားမှာ ညှိနှိုင်း ပြောဆိုတာမျိုးတွေကောရှိခဲ့လား။

ဖြေ – အရင်က ကျနော် ဗိုလ်တင်ဝင်းကို ပြောသေးတယ်။ ဗိုလ်ချစ်သူအနေနဲ့ ကျနော့်ကို ဆက်သွယ်ပြောဆိုလာ ပေးပါပေါ့။ ကျနော်တို့ ဆွေးနွေးကြမယ်။ အဲ့ဒီမတိုင်ခင်မှာ ကျနော်တို့ အဖိုး စောပီလာစိန် နဲ့ ဗိုလ်ချစ်သူနဲ့ တွေ့တာတွေ ရှိတယ်။ နောက်ပိုင်း အဖိုးက ဆုံးသွားတော့ အဲ့ဒါတွေက တန့်သွားတယ်။ အရင်က ရှေ့တန်းက တပ်ရင်း ခေါင်းဆောင်တွေ (၁၀၂)တပ်ရင်းခေါင်းဆောင်နဲ့ ဗိုလ်မောင်ချစ်တို့ ဗိုလ်လှကြိုင်တို့နဲ့ တွေ့ကြတာမျိုး ဆွေးနွေးတာမျိုးရှိတယ်။ တကယ်လို့ နောက်ကြောင်းပြန်လှည့်တဲ့ အခြေအနေတွေ ရှိလာရင် စစ်တပ်နဲ့ ပူးပေါင်းပြီး မလုပ်ဖို့ ကိုယ့်အမျိုးသားရေးအတွက် ညှိနှိုင်းလုပ်ကြဖို့ ဆွေးနွေးပြောဆိုတာမျိုးတော့ ရှိတယ်။ အလား တူ အရင်ကလည်း ရှေ့တန်းက ခေါင်းဆောင်တွေ အချင်းချင်းကြားမှာ လက်တွဲပြီး ဘယ်လို လုပ် ဆောင်ရမလဲဆိုတာတွေလည်း ရှိပေမဲ့ ဘယ်လိုနေရာတွေမှာ လုပ်ရမယ် ဘယ်နေရာမှာတော့ မလုပ်ဘူးဆို တာတော့ သေချာပြောဆိုကြရမှာပေါ့။ ပြောဆို ဆွေးနွေးနေကြပေမဲ့လည်း သူတို့ တပ်ရင်းအသီးသီးမှာ ဗိုလ်မှူး အသီးသီးတွေရှိတယ်။ အရင်က သူတို့ကို ဘယ်နေရာတော့ မသွားနဲ့ မလာနဲ့ မလုပ်နဲ့လို့ သတိပေးပေမဲ့ သူတို့ က ပြန်ပြောတာက သူတို့အနေနဲ့လည်း ဘားမှ မတတ်နိုင်ဘူး အမိန့်ညွန်ကြားချက်တွေကို လိုက်လုပ်နေရတာ နာလည်းပေးပါ ဆိုပြီး ပြောဆိုတာမျိုးတွေ ရှိတာပေါ့။ အဲ့ဒါကြောင့် နောက်ကွယ်က ကြိုးကိုင်တဲ့ သူ အသေ အချာ ရှိသလို သူတို့မှာ အစီအစဉ်လည်း အသေအချာ ရှိလိမ့်မယ်။ နောက်ပိုင်း သဘောတူ ထားတာတွေရှိပေမဲ့ လည်း သဘောတူထားတဲ့အတိုင်းလည်း မလုပ်ဘူး၊ ညှိနှိုင်းတာတွေ လာမလုပ်ဘူး အကုန်လုံးက ရန်သူ အလုပ် အကုန်ဖြစ်သွားတာချည်းပဲ။ ကိုယ့်အမျိုးသားရေး အလုပ်ကြတော့ ဘားမှ ဖြစ်မလာဘူး။

မေး – အရင်ကလည်း KNU ဘက်က ပြောဆို သတိပေးခဲ့တာတွေရှိခဲ့တယ်လို့ သိရတယ်။ အခု ထုတ်ပြန်လိုက်တဲ့ သတိပေး ထုတ်ပြန်ချက် နောက်ဆုံး သတိပေးချက်ဖြစ်နိုင်လား။

ဖြေ – ကျနော်ထင်တာက ဒါက နောက်ဆုံးပါပဲ။ နောက်ဆုံးဖြစ်ပေမဲ့ သတိပေးသလို မလုပ်ရင်တော့ ကျနော်တို့ အားလုံး သိတဲ့အတိုင်းပဲ။ ကျနော်တို့ ကရင်တွေအားလုံး ကော BGF ရဲ့ မိသားစု ဝင်တွေ အားလုံးကော သိရမှာ ကျနော်တို့ ကွဲအောင် လုပ်တာမဟုတ်ဘူးဆိုတာ သိရမှာပေါ့။ ကျနော်တို့ အတူလက်တွဲဖို့ အဖက်ဖက်က ကြိုးပမ်းခဲ့တာပဲ။ ကိုယ့်ကိုကိုပဲ ချစ်တာမဟုတ်ဘူး။ တပ်မဟာ ၅ က စစ်လိုလားတာ အချင်းချင်းကြား သတ်ဖြတ်ချင်လို့တော့ မဟုတ်ဘူး။ အတွေ့အကြုံအရတော့ ကိုယ့်လူမျိုးကို ကာကွယ်ဖို့က ပထမ ဦးစားပေးလုပ်ရမှာပဲ။ ကိုယ့်လူမျိုးမှ ကိုယ့်ကိုကို ကရင်မသိဘူး၊ကိုယ့်လူမျိုးကို ကိုယ်တန်ဖိုးမထားဘူးဆိုရင်တော့ ဒါက နောက်ဆုံးအကြိမ်ပဲ လို့ ပြောချင်တယ်။

မေး – ဒီလို အချင်းချင်း ကြားပစ်ခတ် သတ်ဖြတ်လာခဲ့ရတာ နှစ်ပေါင်းများစွာလည်ကြာခဲ့ပြီး။ အခုလည်း အလားတူ ဆက်ဖြစ်ဖို့ အလာအလား ရှိနေသေးတဲ့ အပေါ်မှာ ကရင်ပြည်သူတွေကို ဘယ်လို ရှင်းလင်းပြောဆို ချင်တာမျိုးရှိသေးလဲ။

ဖြေ – ကျနော်တို့ ပြည်သူတွေအားလုံးအနေနဲ့ သိထားတာက ကရင်လိုပြောရင် ကရင်စစ်သားလို့ပဲ ထင်ကြတယ်။ တကယ်က ကရင်လိုပြောပေမဲ့ ကရင်အလုပ်လုပ်နေလား၊ ရန်သူအလုပ် လုပ်နေလားဆိုတာ မသိ နားမလည်တဲ့သူတွေ အများကြီးရှိနေသေးတယ်။ အခု မျက်မှောက်ခေတ်ကို ကြည့်မယ်ဆိုလည်း စစ်အာဏာရှင်က အာဏာကို အဓမ္မရယူတယ်၊ ကိုယ့်ပြည်သူတွေကို ပြန်နှိပ်စက် သတ်ဖြတ်တယ် နေရာအစုံက ပြည်သူတွေမှာလည်း အတိဒုက္ခတွေ ရောက်ကြရတယ်။ အခုအချိန်ထိလည်း လေယာဉ်တွေ လက်နက်ကြီးတွေ နဲ့ လာပစ်တာတွေ ဒါတွေကလည်း ဟို အရင်ကတည်းက စစ်တပ်က ပြည်သူအပေါ်မှာ နှိပ်စက်သတ်ဖြတ်တာတွေက ရှိခဲ့တာပဲ။

ပြည်သူတွေအပေါ်မှာ နည်းလမ်းအစုံနဲ့ ဖိနှိပ်သလို တိုင်းရင်းသားတွေအပေါ်မှာလည်း နည်းလမ်း ပေါင်းစုံနဲ့ ဖိနှိပ်ခဲ့တာပဲ။ အခုလည်း အဲ့နည်းလမ်းတွေပဲ သုံးလာနေတာပဲ။ အခု လေယာဉ်နဲ့ လာပစ်တယ်ဆိုတာက လည်း စစ်သားအချင်းချင်းကို ပစ်တာမဟုတ်ဘဲနဲ့ ပြည်သူတွေ လူနေအိမ်တွေကိုပဲ ပစ်နေတာ။ ပစ်ချင်ရင် စစ်သား အချင်းချင်းပစ်ပါလား။ အခုက ရွာတွေ လူတွေ လုပ်ကိုင်စားသောက်တဲ့ နေရာတွေကို လာပစ်တာက ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ။

အာဏာရှင်က အကြမ်းဖက်တဲ့နည်းလမ်း သတ်ဖြတ်တဲ့ နည်းလမ်းတွေကိုသုံးပြီး အာဏာတည်မြဲဖို့ လုပ်နေတာဖြစ်တဲ့အတွက် ကရင်ဖြစ်တဲ့ BGF ပဲဖြစ်ဖြစ် စစ်တပ်ထဲမှာရှိနေတဲ့ ကရင်တွေ ပဲဖြစ်ဖြစ် စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်တာမျိုးမလုပ်ဖို့ ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုနေပြီပေါ့။ ကိုယ့်လုပ်ရပ်တိုင်းက ကိုယ့်ကိုကိုပဲ ပြန်ထိခိုက်နေတယ်ဆိုတာကိုလည်း သတိမူဖို့ လိုတာပေါ့။

အားလုံးသော BGF ညီအစ်ကိုတွေ အနေနဲ့ ရန်သူကို အားပေးအားမြောက်ဖြစ်စေမဲ့ နည်းလမ်းတွေ လုပ်ရပ် တွေကို မလုပ်မိစေဖို့ အတူတကွ တာဝန်ယူပြီး နားလည်အောင် ပြောဆိုကြဖို့ ကိုယ့်ကရင် အလုပ်ကိုပဲ လုပ်တာမျိုး ဖြစ်စေဖို့ အားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ လိုတာပေါ့။ တချို့ မြင်တာက စစ်တပ်က သူ့ပါသူ နေတာကို ဘာလို့ သွားပစ်တာလဲဆိုပြီး ဝေဖန်တဲ့သူတချို့ရှိတာပေါ့။ သိထားရမှာ စစ်တပ်က သူ့နေရာမှာ နေတာမဟုတ်ဘူး။ ကိုယ့်နေရာမှာ ဝင်လာနေတယ်ဆိုတာက ရှင်းရှင်းလင်း သိဖို့လည်း လိုပါတယ်။ စစ်တပ်သာ လာမနေဘူး ဝင်မလှုပ်ရှားဘူးဆိုရင် တိုက်ပွဲဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ နောက်တစ်ခု လေယာဉ်နဲ့ လာပစ်တယ်ဆိုတာကလည်း ကျနော်တို့ကြောင့်ဆိုတာထက် သူတို့မှာ အစီအစဉ်တကျရှိနေတဲ့အတိုင်း စစ်အုပ်ချုပ်မှုနယ်မြေရယူလိုမှုနဲ့ အာဏာပါဝါပြပြီး အကြောက်တရားနဲ့ အုပ်ချုပ်ချင်တဲ့ သဘောပဲ။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here