ကိုဗစ်ဆေးထိုးနှံပေးမှုအပေါ် KNU နောက်ယှက်ဖျက်စီးကြောင်း အာဏာသိမ်းစစ်ကောင်စီ ဝါဒဖြန့်

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲနှင့်ပတ်သက်ပြီး KNU ဘက်မှ စစ်ကောင်စီ၏ ကိုဗစ်ဆေးထိုးနှံပေးမှုအပေါ် နောက်ယှက်ဖျက်စီးနေကြောင်း ယနေ့ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ဝါဒါဖြန့် ပြောဆိုခဲ့သည်။

ဖာပွန်မြို့နယ်အတွင်း နေထိုင်သည့် လူဦးရေ ၃ သောင်းဝန်းကျင်ကို ကိုဗစ်ဆေးထိုးနှံပေးရန် ကြိုးပမ်းရာတွင် KNU တပ်မဟာ (၅) ဘက်မှ မိုင်းထောင်တိုက်ခိုက်၍ နှောက်ယှက်ဖျက်စီးခဲ့ကြောင်း ယနေ့ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ဖာပွန်ဒေသကို ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိစေဖို့ သွားရောက်ပို့ဆောင်နိုင်ဖို့ တပ်မတော်ပိုင်ယာဉ်တွေ သုံးစွဲခဲ့ရပါတယ်။ ဒါ့အပြင် ဒေသခံဝန်ထမ်းတွေ လိုအပ်တဲ့ စားသောက်ကုန် လူသုံးကုန်ပစ္စည်းတွေကို ပို့ပေးရပါတယ်။ အဲ့လို ပို့ပေးတဲ့နေရာမှာ လမ်းတစ်လျှောက်မှာ KNU တပ်မဟာ ၅ အနေနဲ့ ဖာပွန်မြို့အဝင်မှာပဲ မိုင်းထောင် မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။” ဟု ပြောဆိုသွားခဲ့သည်။

ထို့သို့ ပြောဆိုသွားရာတွင် Power point ရုပ်ကဒ်များအသုံးပြု၍ လမ်းပျက်စီးမှုပုံများ၊ လက်လုပ်မိုင်းပုံများနှင့်တကွ ရှင်းလင်းပြောဆိုသွားခြင်းမျိုး ပြုလုပ်ခဲ့ပြီး ဖာပွန်ဒေသရှိ ပြည်သူလူထုများအတွက် ကိုဗစ်ဆေးပေးပို့မှုနှင့် ပြည်သူလူထုများအတွက် ရိက္ခာပေးပို့မှုအပေါ် KNU ဘက်က တိုက်ခိုက်လျက်ရှိသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တပ်မတော်အနေဖြင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး ရရှိရေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအပေါ် လိုက်နာစောင့်ထိန်းလျက်ရှိကြောင်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းအပြင် KNU တပ်မဟာ (၅) အနေဖြင့် ဗဟိုဦးစီးမှု၏ အမိန့်ကို မနာခံပဲ ငြိမ်းချမ်းရေးပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဇော်မင်းထွန်းမှ စွပ်စွဲပြောဆိုခဲ့သည်။

ထိုသို့ စွပ်စွဲပြောဆိုထားသော်လည်း လက်တွေ့ ဖာပွန်-ကမမောင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည့် စစ်ကောင်စီဘက်မှ နယ်မြေကျော် ဝင်ရောက်လှုပ်ရှားမှုများအပြင် ၎င်းတို့၏ ရှေ့တန်းတပ်စခန်းနယ်မြေများသို့ တပ်ရိက္ခာ ပို့ဆောင်ပေးရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း KNU ဘက်မှ ယခင်က တုန့်ပြန်ပြောဆိုထားမှုများရှိသည်။

အလားတူ စစ်ကောင်စီဘက်မှ NCA အပစ်ရပ်သဘောတူညီချက်များအပေါ် လိုက်နာစောင့်ထိန်းကြောင်း ပြောဆိုထားသော်လည်း လက်ရှိ ၎င်းတို့၏ အာဏာသိမ်းယူထားမှုနှင့် ပြည်သူလူထုများအပေါ် အကြမ်းဖက်ဖြိုခွဲမှု၊ ညှင်ပန်းနှိပ်စက်သတ်ဖြတ်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှုများအပြင် တိုင်းရင်းသားဒေသများတွင် လက်နက်ကြီးများနှင့် လေယာဉ်များအသုံးပြု၍ တိုက်ခိုက်နေခြင်းများမှာ NCA အပစ်ရပ်သဘောတူညီချက်များအပေါ် ချိုးဖောက်မှုများသာဖြစ်ကြောင်းလည်း KNU အပါအဝင် အခြားသော အပစ်ရပ်အဖွဲ့များကလည်း ထောက်ပြပြောဆိုထားခဲ့ဖူးသည်။

လတ်တလော ဖာပွန်ဒေသတွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထောင်နှင့်ချီ၍ ထိခိုက်ကျဆုံးနေကြောင်း KNU ၏ နှစ်ချုပ် တိုက်ပွဲအစီရင်ခံစာတွင် ဖော်ပြထားပြီး ထိုသို့ အထိအခိုက် အကျဆုံး များလာမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် လေကြောင်းပစ်ကူများကိုပါ အသုံးပြုလာခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ၂ ကြိမ်ခန့် လေယာဉ်ဖြင့် ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ KNU တပ်မဟာ (၅) နယ်မြေအပါဝင် KNU တပ်မဟာ (၆) ဒူးပလာယာ ခရိုင်တွင်လည်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများဖြင့် ၄ ကြိမ်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့သေးပြီး အခြားသော ကရင်နီ (ကယား) ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းဒေသများတွင်လည်း လေယာဉ်သုံးစွဲပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

KIC – ပေးပို့သည်။

Share me now!

Myanmar Peace Monitor