“လူထုကို မချပြပေမယ့် သူတို့က သက်သေအဖြစ်ရှိနေတဲ့အတွက် နိုင်ငံတကာမှာ စစ်ကောင်စီကို တရားစွဲတဲ့ အချိန်ကျရင် အဲ့ဒီသက်သေကို ကျနော်တို့ သုံးသွားမှာပါ” ကရင်နီပြည်နယ်ရဲဌာန (KSP) တာဝန်ရှိသူ

0
91

ကရင်နီပြည်နယ်ရဲဌာန (KSP) နှင့် တွေ့ဆုံမေးမြန်းခြင်း

၁၇ ဇန်နဝါရီ ၂၀၂၂

ကရင်နီပြည်နယ်ရဲဌာန (KSP) ဟာ အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်တဲ့ ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) လက်အောက်က ဌာနတစ်ခုလည်း ဖြစ်ပါတယ်။

KSP ကနေပြီးတော့ ကရင်နီပြည်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားတွေ ၊ ဒလန်တွေကို အရေးယူဆောင်ရွက်နေတဲ့အပြင် ပြီးခဲ့တဲ့လက ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ အရပ်သား ၄၀ လောက် မီးရှို့သတ်ခံရတဲ့ကိစ္စမှာလည်း စုံးစမ်းဖော်ထုတ်နေပါတယ်။ ၎င်းကိစ္စရပ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ KSP က တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားတာကို တင်ပြလိုက်ရပါတယ်။

မေး – တိုက်ပွဲအတွင်း KNDF က ဖမ်းမိတဲ့ စစ်သားသုံးယောက်ရဲ့ လက်ရှိအခြေအနေလေး ပြောပြပေးပါလား။

ဖြေ – ဟုတ်ကဲ့။ ကျနော်တို့ကို လာအပ်ထားတယ်ပေါ့။ ပြီးတော့ လောလောဆယ် သူတို့ကို စစ်ဆေးမေးမြန်းနေတုန်းဘဲ။ အဲ့ဒီအသေးစိတ်အချက်အလက်ကတော့ ပြီးကျမှ ပြောပြလို့ ရမယ်ဗျ။ အခုကတော့ ပြောပြလို့ မရသေးဘူး။ KNDF က ကျနော်တို့ဆီ လာအပ်ထားတယ်ဗျ။ ပြီးတော့ ကျနော်တို့ စစ်ဆေးမေးမြန်းနေတယ်ခင်ဗျ။

မေး – KSP ကိုအပ်နှံတဲ့ စစ်ကောင်စီသတင်းပေး (ဒလန်) နဲ့ ပတ်သက်လို့ ဘယ်လိုစီမံဆောင်ရွက်ထားလဲ။ ဘယ်အတိုင်းအတာအထိရောက်နေပြီလဲ။

ဖြေ – ကျနော်တို့ရဲ့ ဒီလမ်းစဉ်ကတော့ ဒီဒလန်လို့ ဖမ်းခေါ်လာတယ်ဆိုရင် ကျနော်တို့က သက်သေရှိမရှိပေါ့နော။ သူ့မှာ သက်သေဘယ်လောက် ခိုင်လုံလဲ။ ခိုင်လုံတယ်ဆိုရင်တော့ သူ့အပြစ်အပေါ် မူတည်ပြီးတော့ ကျနော်တို့ ဆုံးဖြတ်ရတာပေါ့။ တကယ်လို့ ဒလန်ဖြစ်ကြောင်း သက်သေလဲ မပြဘူး။ ဒီအတိုင်းပဲ ဒလန်ဖြစ်ကြောင်း သက်သေ မရှိဘူးပေါ့နော။ မရှိဘူး ဆိုလို့ ရှိရင် ကျနော်တို့က ပြီးတော့ တခြား သူ့မှာလည်း သက်သေပြစရာ မရှိဘူးဆိုရင် ကျနော်တို့က အဲ့လို အာမခံတွေနဲ့ ကျနော်တို့က ပြန်လွှတ်ပေးလိုက်တာတွေ ရှိတယ်ဗျ။

မေး – မိုဆိုကျေးရွာက မီးရှို့သတ်ဖြတ်ခဲ့တဲ့အမှုအတွက် သက်သေစုဆောင်းတဲ့အပိုင်းမှာ ဘယ်အတိုင်းအတာအထိရောက်ပြီလဲ။ သက်သေ ဘယ်လောက် စုဆောင်းနိုင်ခဲ့ပြီလဲ။

ဖြေ – ဒီမှာက သိတဲ့အတိုင်းပဲ စစ်ဖြစ်နေတဲ့ ကာလဆိုတော့ ကျနော်တို့ ဒီနည်းနည်း လိုင်းတွေလည်း ဖြတ်လိုက်ပြီဆိုတော့ ကျနော်တို့ နည်းနည်းရှာရ တစ်ယောက်ယောက်တွေ့ဖို့ အများကြီး သွားရတယ်။ ပြီးတော့ စစ်ဘေးလည်း ရှောင်ကုန်တဲ့ အတွက် တစ်ချို့ဆိုရင် ဘယ်ရှောင်လို့ ရှောင်ရမှန်း မသိတဲ့ ဟာမျိုးပေါ့။ အဲ့မျိုးဆိုရင် အခက်အခဲတော့ တော်တော်ဖြစ်တယ်ပေါ့နော။ သာမာန်ကာလမှာ ဒီလိုသက်သေ စုဆောင်းရတာ ထင်သလောက် မလွယ်ဘူး။ ဒီအခင်းဖြစ်ရပ်ဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ တွေ့တာနဲ့ ထုတာမျိုး အဲ့မျိုးခါကျတော့ သေချာ သက်သေစုဆောင်းဖို့ ပုံမှန်ကာလတွေထက် ခက်ခဲနေတဲ့ အချိန်မျိုး ဖြစ်တဲ့အတွက် အဲ့ထက်တော့ ခက်တယ်ပေါ့နော။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံကြိုးစားပြီးတော့မှ ဒီဟာကို ချပြဖို့ ကျနော်တို့ အကောင်းဆုံးဆောင်ရွက်သွားမှာပါ။

မေး – မိုဆိုကိစ္စနဲ့ ပတ်သက်ပြီး NUG တို့နဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတာရှိလဲ။

ဖြေ – ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ သက်သေစုဆောင်းတာဘာညာ။ ကျနော်တို့ သက်သေလည်း တော်တော်များများရပါပြီ။ အဲ့လို သက်သေတွေ စုဆောင်းတဲ့ အပိုင်းကတော့ အောက်ခြေက လုပ်တယ်။ တခြား KSCC တို့ NUG တို့က တခြားနိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့မှ တင်ပြဖို့ ကိစ္စတို့ အဲ့လိုပေါ့။ သူ့အပိုင်းနဲ့သူပေါ့။ ကျနော်တို့ ခါကျတော့ နယ်မြေခံဆိုတော့ ဒီနယ်မြေမှာ ကျနော်တို့ လုပ်တယ်။ ပြီးတော့ ဒီ KSCC ကလည်း ကျနော်တို့ လိုအပ်တာလေးပေးပြီးတော့မှ တခြားအဖွဲ့အစည်း ကြီးတွေနဲ့ ချိတ်ဆက်ဖို့ အဲ့လိုမျိုး ကိစ္စတွေ မှာ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်တာပေါ့။ ဒီ NUG နဲ့ကော KSCC နဲ့ကော။

မေး – သတင်းစာရှင်းလင်းပွဲမှာ ထွက်ဆိုထားတဲ့ သက်သေတွေအတွက် လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ထားတာရှိလဲ။

ဖြေ – ဒီသတင်းစာရှင်းလင်းပွဲမှာ ပြသွားတဲ့ သက်သေတွေကတော့ သူတို့က လုံခြုံတဲ့နေရာမှာ ရှိပြီးသားပေါ့။ ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲမှာ မချပြရသေးတဲ့ သက်သေတွေလည်း ရှိတယ်ပေါ့နော။ သူတို့ လုံခြုံရေးအရပေါ့နော။ အဲ့တာတွေကတော့ လူထုကို မချပြပေမယ့်သူတို့က သက်သေအဖြစ်ရှိနေတဲ့အတွက် နိုင်ငံတကာမှာ တရားစွဲမယ့် စစ်ကောင်စီကို တရားစွဲတဲ့ အချိန်ကျရင် အဲ့ဒီသက်သေကို ကျနော်တို့ သုံးသွားမှာပါ။

မေး – စစ်ကောင်စီက လူထုတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မိုဆိုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်ပြုချင်လဲ။

ဖြေ – ဒါက သူတို့ဘာကြောင့်လုပ်လဲဆိုတာကို ကျနော်တို့ ဘက်ကနေပြီးတော့ တွေးပေးဖို့တောင် အဆင်မပြေဘူးပေါ့နော။ သူတို့ ဘာလို့ ဒီလောက်တောင် လုပ်ရက်လဲပေါ့နော။ ကျနော်တို့ အခင်းဖြစ်သွားတဲ့ အချိန်ဆို ကျနော်တို့ ဖမ်းသွားတာပဲ သိတယ်။ အဲ့လို မီးရှို့ပြီးတော့မှ အဲ့လိုဖြစ်လိမ့်မယ်လို့တော့ ကျနော်တို့ ဘယ်သူမှ မထင်ထားဘူး။ ဒါပေမယ့် အဲ့လိုတွေဖြစ်တယ်လို့ တွေးထားတဲ့ အချိန်မှာ ကျနော်တို့ အကုန်လုံးလည်း အံ့ဩသွားတယ်။ ပြီးတော့ ဒီကရင်နီပြည်နယ်မှာက ခရစ္စယာန်တွေများတဲ့ ပြည်နယ်ပေါ့။ အဲ့လိုပြည်နယ်မှာ ဒီလို ခရစ္စမတ်လိုနေ့မျိုးမှာမှ သူတို့က အဲ့လိုလုပ်သွားတယ်ဆိုတော့ ပိုပြီးတော့မှ အံ့ဩမိတယ်ပေါ့နော။ ပြီးတော့မှ တော်တော်လည်း ရက်စက်တယ်ပေါ့နော။ အဲ့တာလောက်ပဲ ပြောချင်တယ်။ အဲ့တာကြောင့်မလို့ ပြည်သူတွေကို ဒီလိုရက်စက်တဲ့ စစ်ကောင်စီကို လုပ်ထားတဲ့ ပြစ်မှုတွေကို ပြန်ပေးဆပ်ရအောင် ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။

မေး – ဆရာ့အနေနဲ့ ဖြည်စွက်ပြောပြချင်တာရှိသေးလား။

ဖြေ – စကစဘက်က CDM လုပ်ချင်တဲ့ သူများကို ကရင်နီပြည်နယ်ရဲဌာနက လေးစားဂုဏ်ယူလျှက် နွေးထွေးစွာ လက်ကမ်းကြိုဆိုဖို့ ကရင်နီပြည်သူလူထုနဲ့အတူ အသင့်စောင့်ကြိုနေမှာပါ။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here