28 March 2024 /

See today's Peace Related News

“ပြည်သူတွေကော ကွဲပြားနေတဲ့ လက်နက်ကိုင်အုပ်စုတွေကော ပြန်လည်းစုစည်းပြီး စည်းစည်းလုံးလုံးနဲ့ ဒီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ အချိန်တန်ပြီ။ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း လာမဲ့အနာဂတ် မျိုးဆက်သစ်တွေအတွက် ဆက်ခံရဖို့ မလိုလားတော့ဘူး” စောအယ်ဟူး

အရေးပေါ်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ ပြောခွင့်ရသူနှင့် အမေးအဖြေ

၁၉ ဇန်နဝါရီ ၂၀၂၂

လေးကေ့ကော်ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများက မြေပြင်၊ ဝေဟင်ထိုးစစ်ဆင်မှုများ ဖော်ဆောင်လာပြီးနောက် နာရီပိုင်း၊ အချိန်ပိုင်းအတွင်း သောင်းနှင့်ချီသည့် စစ်ဘေးရှောင်ပြည်သူများ ထွက်ပေါ်လာခဲ့ပါသည်။

မြဝတီမြို့နယ်အတွင်း ဒေါနအရှေ့ခြမ်းရှိ စစ်ပြေးဒုက္ခသည်များအတွက် အကူအညီပေးနေသည့် အရေးပေါ် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီမှ ပြောခွင့်ရစောအယ်ဟူးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး- အန္တရာယ်ကြားက ပြေးလွှားနေရတဲ့ ဒေသခံအရပ်သားတွေအတွက် အဓိကစိန်ခေါ်ချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ- အဓိကက နေထိုင်ရတဲ့ နေရာပဲ။ တိုက်ပွဲတွေဖြစ်နေတဲ့ ကာလမှာ သူများတွေ လာလှူပေးတဲ့ စောင်တွေ အဝတ်အစားတွေ အနည်းငယ်ရှိတာပေါ့။ ဒါပေမဲ့ အိမ်မဟုတ်တဲ့အတွက် နေ့ဘက်ကြတော့ ပူတာပေါ့။ ညဘက်ရောက်တော့ အေးတာပေါ့။ နောက်ပြီး ဘေးကင်းလုံခြုံတဲ့ နေရာမဟုတ်တဲ့အတွက် တော်ကြာရင်း ပြေးရတော့မလား၊ ပြေးရင်း လွှားရင် သူများဖမ်းမိမလား၊ စစ်ကောင်စီဘက်က လှမ်းပစ်တဲ့ လက်နက်ကြီးတွေ သူတို့ဆီကို ကျကွဲမလားဆိုပြီး ကြောက်ရွံ့နေရတာပေါ့။

မေး- ပြေးလွှာနေရတာက ရက်ကြာလာတာနဲ့အမျှ သူတို့အတွက် အဓိကလိုအပ်ချက်က ဘာတွေဖြစ်မလဲ။

ဖြေ- ပြေးလွှားနေရတဲ့ အထဲမှာ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ အဲ့ဒါတွေမကဘူး မသန်စွမ်းတွေပါ ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ကျန်းမာရေး ကိစ္စက အရမ်းအရေးကြီးတာပေါ့။ ပြေးလွှားနေရတဲ့ အချိန်မှာ ရေကောင်း ရေသန့်တွေ ဆေးဝါးတွေ တချို့က ဒီအတိုင်းဘားမှ မပါဘဲ ပြေးလာရတဲ့သူတွေလည်းရှိတော့ အဲ့ဒီ ကျန်းမာရေးကိစ္စတွေက အရေးကြီးတာပေါ့။

မေး- ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက ယနေ့အချိန်ထိ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခအခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေက ရှေ့ဆက် ဘာတွေဖြစ်လာနိုင်တယ်လို့ ယူဆမိလဲ။

ဖြေ- လျှော့နည်းကျသွားတာမျိုးတော့ ရှိမှာမဟုတ်ဘူး။ ပိုပြီးပြင်းထန်ဖို့ပဲ ရှိတယ်။ ဘာဖြစ်လဲဆိုတော့ စစ်တပ်က ဝေါလေတို့ မောခီးတို့ ကနယ်လေးတို့ စုကလိတို့ သေ့ဘောဘိုး နဲ့ အူးကလိထ တို့လို နေရာတွေမှာရှိနေတော့ အဲ့နေရာတွေမှာက နှစ်တိုင်း ရိက္ခာတွေ လာပို့ပေးနိုင်ပေမဲ့ အခုအခြေအနေအရ ပို့လို့မရတဲ့ အနေအထားမှာ သူတို့ တပ်အင်အားတွေ တိုးချဲ့ပြီးတော့ တက်လာတာမျိုးရှိတဲ့အတွက် တိုက်ခိုက်မှုကတော့ လျှော့နည်းသွားဖို့ မရှိဘူး။ ပိုပြင်းထန်လာဖို့ပဲ ရှိတယ်။ ရန်သူဘက်က ထိုးစစ်ဆင်တာတွေ ဆက်ပြီး လုပ်မယ်ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ပြင်းထန်လာဖို့ ရှိသလို ကျနော်တို့ရဲ့ ပြည်သူတွေအတွက်လည်း စိန်ခေါ်မှုက ပိုကြီးမား လာလိမ့်မယ်။ တိုက်ပွဲကနေ ဘေးလွတ်နိုင်မဲ့ နေရာရှာနိုင်ဖို့က အဓိက စိန်ခေါ်ချက်လိုဖြစ်လာနိုင်မယ်။ ထိုင်းဘက်ခြမ်း ကလည်း ကျနော်တို့ကို ဘယ်လိုလက်ခံနိုင်မလဲ မသေချာဘူးလေ။

နောက်တစ်ဖက်မှာကလည်း ဒေသခံတွေရဲ့ လုပ်ငန်းတွေက မပြီးသေးဘူး။ တချို့ သူတို့ ပြောင်းဖူးတွေ အကုန် မချိုးရသေးဘူး။ အလုပ်တွေ အကုန်လုံးစွန့်ပြီး ပြေးလွှားနေရတဲ့ သူတွေလည်းရှိတာပေါ့။ တချို့က ချိုးပြီး တာတောင် ဒီအတိုင်း မရောင်းရသေးဘဲ ချန်ထားခဲ့ရတဲ့ သူတွေလည်းရှိတယ်။ တိုက်ပွဲပြင်းထန်လာတာနဲ့ အမျှ ဒေါန အရှေ့ခြမ်းက ပြည်သူတွေအားလုံး ဒုက္ခရောက်ဖို့အလားလာပဲ ရှိနေတယ်။

မေး- လေးကေ့ကော် စပြီး ဒီနယ်တစ်ကျော မှာပြေးလွှားနေရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အရေအတွက်က ဘယ်လောက်ရှိနိုင်ပြီးတော့ သူတို့အတွက် ဖြေရှင်းပေးနိုင်မဲ့ ကော်မတီဖွဲ့လုပ်ဆောင်မှု အစီအစဉ်တွေလည်း ရှိတဲ့ အခြေအနေအပေါ်မှာ ပြောပြပေးပါ။

ဖြေ- ကျနော်တို့ ကော်မတီဖွဲ့ပြီးတော့ လုပ်ဆောင်နေပေမဲ့ ရပ်ကွက် ၅ ခုအထိ ကျနော်တို့ သတ်မှတ်ထား ပေမဲ့လည်း အရေအတွက် အတိအကျကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ပြောနိုင်တာက ပြေးလွှားနေရ တဲ့ကျေးရွာမှာဆိုရင် ဖလူး ကျေးနယ် အုပ်စုထဲမှာပဲဆိုရင် မယ်ထော်သလေး၊ ပဟိကလော၊ အင်ကြင်းမြိုင်၊ ဖလူး၊ ဖလူးလေး၊ တလာအိထီး၊ ထီးဟောထော၊ လေးကေ့ကော်၊ မယ်ဝါးခီး ပါတယ်။ အဲ့ရွာတွေက အကုန် ရွှေ့ရတယ်။ အူးကရေ့ထ မှာက အိမ်မှာ မအိပ်ရဲကြဘူး။ သေ့ဘောဘိုး ရွာဆိုလည်း စစ်တပ်စခန်းနဲ့ နီးတော့ ရှောင်နေရတဲ့ အနေအထားမှာရှိနေပြီး။ အရေအတွက် အတိအကျကတော့ ကွင်းဆင်း ကောက်ယူမှု မပြီးသေးတဲ့ အပေါ်မှာ မပြောနိုင်ဘူး။ ဒါပေမဲ့ လေးကေ့ကော်တစ်ခုပဲ ၂ သောင်းလောက်ရှိတော့ ကျနော်တို့ဘက်ပါ ပါရင်တော့ ၂သောင်းကျော်လောက်ရှိပြီးတော့ ထောင်နဲ့ချီပြီးလည်း ထိုင်းနိုင်ငံထဲမှာ ရောက်နေလောက်ပြီး။

မေး- ဒုက္ခသည်တွေအတွက် ရေရှည် ကူညီသွားနိုင်မဲ့ အစီအစဉ်တွေကိုကော ကော်မတီအနေနဲ့ ဘာတွေ စီစဉ်လုပ်ဆောင်ထားပြီးလဲ။

ဖြေ- ကျနော်တို့ ကော်မတီ အနေနဲ့က အစီအစဉ် ရှိထားပါတယ်။ CIDKBA လို အဖွဲ့အစည်းတွေနဲ့ ပြောဆို ဆွေးနွေး ထားတာမျိုးရှိပြီးတော့ ဒီကိစ္စက လပိုင်းနဲ့ မပြီးနိုင်ဘူးလို့ ကော်မတီ အနေနဲ့ တင်ပြထားတာမျိုးရှိတဲ့ အတွက် ကျနော်တို့ မိခင်း KNU အစည်းအရုံးအနေနဲ့လည်း ပူးပေါင်းလုပ်ဆောင်ပေးနေတာမျိုးရှိပါတယ်။ ဒီကော်မတီ တစ်ခုပဲ မဟုတ်ဘဲနဲ့ မြေပြင် အောက်ခြေမှာရှိတဲ့ အစုအဖွဲ့တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိတာပေါ့။

မေး- ဒီ တိုက်ပွဲကြောင့် ဒေသခံအရပ်သားတွေရဲ့ နေအိမ် အဆောက်အအုံတွေ လုပ်ကိုင်စားသောက်တဲ့ နေရာ တွေထိခိုက် ပျက်စီးသွားတဲ့ အခြေအနေတွေလည်း ပြောပြပေးပါအုံး။

ဖြေ- သေ့ဘောဘိုး ဘက်မှာတော့ လူထိခိုက်တာမျိုး မရှိဘူး။ ဒါပေမဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာမျိုးတော့ ရှိတယ်။ ပြောင်းခင်းထဲ ကျတာလည်းရှိတယ်။ အဲ့ဒါ မကဘူး ထိုင်းဘက်ခြမ်းကို ကျော်ပြီး ကရင်အိမ်တွေ သွားထိတာလည်းရှိတယ်။ လက်နက်ကြီး တွေကို ရမ်းသန်း ပစ်တာပဲ။ စစ်သားအချင်းချင်းနေရာကို သွားထိတာမျိုး လည်းမဟုတ်ဘူး။

မေး- တိုက်ပွဲ ဖြစ်ပြီးဆိုတာနဲ့ ဒေသခံ အရပ်သားတွေ ထိခိုက်ခံရတာချည်းပဲ။ အဲ့အပေါ်မှာ ဒေသခံတွေရဲ့ ခံစားချက် အမြင်တွေက ဘယ်လိုတွေရှိလဲ။ ဘယ်လို ဖြစ်စေချင်လဲ။

ဖြေ- ကျနော်တို့ ဖြစ်စေချင်တာက တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။ အတင်းအဓမ္မ အာဏာသိမ်းယူတာကို ကျနော်တို့ ပြည်သူတွေ လက်မခံနိုင်ဘူး။ အခုတိုက်ပွဲကလည်း စစ်တပ်က အာဏာသိမ်းယူလို့သာ ဖြစ်လာတဲ့ ပြဿနာပဲ။ မင်းအောင်လှိုင်သာ အာဏာ မသိမ်းရင် တိုက်ပွဲတောင် ဖြစ်လာမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း အကုန်ပျက် ဆက်သွားလို့မရဘူး။ အာဏာကို အတင်းရယူလို့ တစ်တိုင်းပြည်လို့ တိုက်ပွဲ ဒဏ်ခံနေရတာပေါ့။ ကျနော်တို့ ဒေသကတော့အခုမှ ခံရတာမဟုတ်ဘူး နှစ်ပေါင်း ၇၀ ကျော်ခံလာရတာ အသစ်အဆန်းမဟုတ် တော့ဘူး။ အဲ့တော့ ဒီတစ်ကြိမ်က နောက်ဆုံးဖြစ်ဖို့ မျှော်လင့်တာပေါ့။ အဲ့ဒါကြောင့် ကျနော်တို့ ပြည်သူတွေကော ကွဲပြားနေတဲ့ လက်နက်ကိုင်အုပ်စုတွေကော ပြန်လည်းစုစည်းပြီး စည်းစည်းလုံးလုံးနဲ့ ဒီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ အချိန်တန်ပြီ။ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း လာမဲ့အနာဂတ် မျိုးဆက်သစ်တွေ အတွက် ဆက်ခံရဖို့ မလိုလားတော့ဘူး။ လက်နက်နဲ့ အတင်းအဓမ္မ အုပ်ချုပ်တဲ့ကာလကိုလည်း မလိုလားတော့ဘူး။

မေး- အခု ကျောင်းသူ/ကျောင်းသားတွေအတွက်လည်း အနာဂါတ် အတွက် ဘယ်လိုတွေ စိန်ခေါ်မှု ရှိနေလဲ။

ဖြေ- ဒီကျောင်းသားတွေအတွက် အခုဆို စိတ်အပူရဆုံးပဲ။ ဒီရွာတစ်ရွာထဲကပဲ လာတက်တာမဟုတ်ဘူး။ တခြားရွာက အဝေးကြီးလာရပြီး မိဘတွေ နဲ့ အနေဝေးနေရတယ်။ အခု တိုက်ပွဲဖြစ်တော့လည်း ထပ်ဝေး ရပြန်တယ်။ သူတို့ အတွက် ထိခိုက် တာမျိုးမရှိရအောင်လည်း အတော်လည်း စိုးရိမ် ပူပန်နေရတယ်။ ၂ခါပဲ စာမေးပွဲ ဖြေပြီးသေး တယ်။ နောက်ဆုံးစာမေးပွဲလည်းကျန်သေးတယ်။ အခုလို ပြေးလွှားနေရတော့ သူတို့မှာ လည်း စာကို စိတ်မဝင်စား နိုင်တော့ဘူး။ သူတို့ကို ကြည့်ရတာက အခုပဲ ပြေးရမှာလား ညကျရင်ဘဲ ပြေးရမှာလား နက်ဖန်ပဲ ပြေးရမှာလားဆိုပြီး ဒါကိုပဲ အာရုံစိုက်နေရတော့တယ်။ အလားတူပဲ ကျနော်တို့ ဆရာ ဆရာမတွေအတွက်လည်း ပူပန်နေရတယ်။

KIC – ပေးပို့သည်။