ကချင်စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု ၇ နှစ်ပြည့်သော်လည်း အမှုမှန်မပေါ်သေး

0
182

၂၀ ဇန်နဝါရီ ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ ဦး၏အမှုသည် ၇ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တရားမျှတမှုမျှော်လင့်နေဆဲဖြစ်ဟု မိသားစုဝင်များပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်ည အဆိုပါကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခု ရောက်ရှိနေစဉ် ၎င်းတို့စခန်းတွင် မနီးမဝေးတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သောကြောင့် စစ်ကောင်စီတပ်သားများက ကျူးလွန်ခဲ့ကြောင်း အများစုက ယုံကြည်ခဲ့သော်လည်း စစ်တပ်ဘက်က ငြင်းဆိုသဖြင့် အမှုမှန်မပေါ်ဘဲ ရပ်တန့်နေဆဲဖြစ်သည်။

အဆိုအမှုနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကဖွဲ့စည်းထားသော အမှုမှန်ပေါ်ပေါက်ရေးကော်မတီနှင့် ရဲတပ်ဖွဲ့တို့ကြား ၂၀၁၆ ခုနှစ် မေလတွင် နောက်ဆုံးတွေ့ဆုံခဲ့ကြခြင်းသာဖြစ်ပြီး ယနေ့ ၇ နှစ်ပြည့်အဖြစ် တရားခံအုပ်စုများမှာလွတ်မြောက်နေသည်။

ဒေါ် ဝါ့ခေါင်လုဘူ
ဆရာမ တန်ဘောင်ခေါန်နန်စင်၏ မိခင်

၇ နှစ်တောင်ရှိပြီ။ ဒီနေ့အချိန်ထိ တရားမျှတမှုမရရှိသေးတဲ့အပေါ် မိခင်တစ်ယောက်အနေနဲ့ အရမ်းရင်ကွဲရတယ်။ တစ်နှစ်ပြီးတစ်နှစ်ကြာလာချိန်မှာ ပိုပြီး ခံစားရတယ်။ ပိုရင်နာရတယ်။ ဒီလိုမျိုးပဲတော့ ရှေ့ဆက်မသွားချင်ဘူး။ ဒီလိုပဲ တစ်နှစ်ပြီးတစ်နှစ် ကျော်မသွားချင်ဘူး။ မှန်ကန်တဲ့ တရားမျှတမှုကို ဘယ်အချိန်ထိကြာပါစေ မျှော်လင့်နေမှာပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကျမတို့တိုင်းပြည် တရားမျှတပြီး ဒီမိုကရေစီ နိုင်ငံအမှန်တကယ်ရှိလာချိန် တရားမျှတမှုကို ရရှိဖို့မျှော်လင့်တယ်။ ဒီတရားမျှတမှုကို ရလည်းရချင်တယ်။

အချိန်ဘယ်လောက်ပဲကြာသွားပါစေ၊ ကျမတို့ ကလေး၂ နှစ်ယောက် အခုလို သေဆုံးရတာကို တစ်နေ့မဟုတ်ရင် တစ်နေ့တော့ တရားမျှတမှုရရှိအောင် အားလုံးဝိုင်းဝန်း ကြိုးစားပြုလုပ်ပေးဖို့လည်း မျှော်လင့်တယ်။ အားလုံးလည်း ဝိုင်းဝန်းကြိုးစားပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျမသမီး ဆရာမနှစ်ယောက် ရက်ရက်စက်စက် မဒိမ်းကျင့်သတ်ဖြတ် ခံရတာ အခုဆို ၇ နှစ်တောင်ရှိပေမဲ့ တရားမျှတမှုမရပဲ ဒီလိုပဲ ရှေ့ဆက်သွားနေရတယ်။”

ဒေါက်တာ ခလမ် ဆမ်ဆွန်
အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့ ခေါင်းဆောင်

“ကျနော်တို့ကတော့ အဖြေမထွက်မချင်းတော့ ရပ်နားလိုက်မှာမဟုတ်ဘူး။ အဆုံးသတ်လိုက်တာ မဟုတ်ဘူး။ အခြေအနေအရ ခေတ္တရပ်နားနေရတယ်ဆိုတာပဲ။ ဒီဟာကို ရပ်လိုက်တော့မယ်။ ထားလိုက်တော့မယ်ဆိုတာ တော့ မရှိဘူး။ ဒီနေရာမှာတာဝန်ရှိသူနဲ့ နောက်ပိုင်း တာဝန်ယူတဲ့သူတွေပြောင်းလဲသွားရင်တော့ မသိနိုင်ဘူးပေါ့။ ကျနော်တို့က အမှုမှန်ဖော်ထုတ်ရေးကော်မတီ ရှိနေပြီဖြစ်တဲ့အတွက် ဒီကော်မတီအနေနဲ့ လုပ်ငန်းကို လုပ်ကိုင်သွားဖို့ ဆက်တိုက်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီနိုင်ငံရေးပြောင်းလဲမှု အခက်အခဲပြသနာကြောင့် အရေးကြီးဆုံးက လက်ရှိ တရားခံက ဘယ်သူဆိုတာ ထောက်ပြ သက်သေခံလုပ်ပေးဖို့ လူမရှိတာက ပြသနာဖြစ်နေတယ်။ ဒါကြောင့် ငြိမ်နေရတယ်။ ဒါပေမဲ့ စစ်တပ်တွေနဲ့ ဆွေးနွေးဆရာရှိတာဆွေးနွေးတယ်။ နောက်ဆုံး လားရှိုးမှာ တွေ့ဆုံတာကလွဲပြီး ဒီနေ့အချိန်ထိ မတွေ့ဆုံဆွေးနွေးနိုင်သေးတာဖြစ်တယ်။

မွန်းနေလီ
(ကချင်အမျိုးသမီးအဖွဲ့အစည်း ထိုင်းနိုင်ငံ – KWAT)

“အဲ့ဒီအချိန်တုန်းက စစ်တပ်စခန်းချတဲ့နေရာနဲ့ ဆရာမ ၂ ဦးနေတဲ့ အိမ်က မလှမ်းမကမ်းပဲ။ နောက်ပြီး အဲ့ဒီဖြစ်စဉ်ရဲ့ သက်သေတွေကို ကြည့်လိုက်ရင် ဆရာမ ၂ ဦးကို နှိပ်စက်ထားတဲ့ လုပ်ရပ်ပုံစံက ၂၀၁၁ ခုနှစ် တိုက်ပွဲပြန်လည်ဖြစ်ပွားဖို့ KIA က ဗိုလ်မှူးတစ်ယောက်ကို နှိပ်စက်သတ်ဖြတ်ထားတဲ့ လုပ်ရပ်နဲ့ တစ်ပုံစံတည်းပဲ။ နှိပ်စက်ထားချင်းက တူနေတယ်။ ဒါက လုံး၀ကို အဖွဲ့တစ်ခုကပဲဆိုတာ သက်သေအဖြစ် တွေ့နိုင်တာဖြစ်တယ် ကျမတို့အနေနဲ့ တစ်နေ့နေ့တော့ တရားမျှတမှုရကို ရလိမ့်မယ်ဆိုတာ ယုံကြည်တယ်။ ဘာကြောင့်ဆိုရင် ဒီစစ်တပ်ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို ကျမတို့တွေ ရယူပြောင်းလဲလို့ ရနိုင်သွားပြီဆိုတဲ့ အချိန်တစ်ခုကို ရောက်အောင် ကြိုးစားရမှာပဲ။ ဒါကြောင့် အဲ့ဒီအချိန်ကိုရောက်ဖို့ ပြည်သူတွေရဲ့ ခံစားချက်ကနေဖြစ်ပေါ်လာတဲ့ စုပေါင်းခြင်းအင်အားက ခိုင်မာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့လည်း စိတ်ဓာတ်မကျပဲ တရားမျှတမှုအတွက် ဆက်တိုက်ကြိုးစားနေတာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here