29 March 2024 /

See today's Peace Related News

“စစ်ကောင်စီက သူ့ဖက်က ဘာတာဝန်ယူမှု တာဝန်ခံမှုမှလည်း မရှိဘူး။ ပြီးရင် ပြည်သူတွေကို ကိုယ်လုပ်ချင်သလို လုပ်ချင်တိုင်းလုပ်မယ်ဆိုတာက လူသားမျိုးနွယ်တစ်ခုအပေါ်မှာ တန်ဖိုးမထားတဲ့ ပုံစံမျိုး၊ လူသားမျိုးနွယ်တစ်ခုအပေါ်မှာ ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ပုံစံမျိုး ဖြစ်သွားတာ” စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦး (ဖရူဆိုမြို့နယ်)

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးနှင့် အမေးအဖြေ

၂၁ ဇန်နဝါရီ ၂၀၂၂

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တကြောမှာ စစ်ရှောင်နေကြတဲ့ ယာယီစစ်ရှောင်တဲ့ နေရာတစ်ခုကို စစ်ကောင်စီက ဇန္နဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ် နှစ် ယောက်အပါအဝင် စစ်ရှောင်အမျိုးသားတစ်ယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။

သူတို့တွေဟာ ခရစ္စမတ် အကြို နေ့က ဖြစ်ပွားခဲ့တဲ့ လူဦးရေ ၄၀ ကျော်မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ မိုဆိုကျေးရွာက ရွာသားတွေပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ယောက်ကို ဆက်သွယ်မေးထားပါတယ်။

မေး- စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခံခဲ့ရတဲ့ အခြေအနေလေး အရင်ပြောပြပေးပါရှင့်။

ဖြေ- ဟုတ်ကဲ့ ဒီမနက် ၁ နာရီလောက်က တစ်နာရီနဲ့ တစ်နာရီ ၁၀ မိနစ်ကြားထဲမှာ စစ်ရှောင်စခန်းတစ်နေရာမှာ လေ ယာဉ်နဲ့ သူတို့ ဗုံးလာကြဲတယ်။ လာကြဲတာက နှစ်နေရာတော့ ကြဲတယ်။ တစ်နေရာကို နှစ်လုံးစီကြဲ သွားတယ်။ နှစ်လုံးစီကြဲထဲအထဲမှာမှ စစ်ရှောင်စခန်းတစ်ခုက လူကမနေတဲ့ လာနေဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတဲ့ Camp တစ်ခုရှိတယ်။ အဲ့မှာက လူမရှိလို့ လူထိခိုက်တာတော့ မရှိဘူး။ ဒီဘက်ကတော့ လူဦးရေ ၈၀ လောက်ရှိ မယ်။ အဲ့ဒီ Camp မှာက ဗုံးနှစ်လုံးကြဲသွားတော့ ဗုံးမှန်ပြီး လူသုံးယောက်ပွဲချင်းပြီး သေသွားတယ်။

မေး- ဟုတ်ကဲ့ သေသွားတဲ့လူတွေက ဘယ်သူတွေလဲ၊ ဘယ်ကလူတွေလဲ၊ အသက်အရွယ် ဘယ်လောက်ရှိ တဲ့ လူတွေလဲရှင့်။

ဖြေ- သေသွားတဲ့လူတွေက အသက် ၁၂ နှစ်အရွယ်တစ်ယောက်ရယ်၊ ၁၅ နှစ်အရွယ်တစ်ယောက်ရယ်၊ ၅၂ နှစ် အရွယ်တစ်ယောက်ရယ်၊ သေသွားတဲ့ ၁၂ နှစ်နဲ့ ၁၅ နှစ်က မိန်းကလေးတွေ၊ အသက် ၅၂ နှစ်က ယောက်ကျား လေးပေါ့။ သူတို့အသုဘကတော့ မိသားစုဝင်တွေ တောင်းဆိုတဲ့မြုပ်ပေးစေချင်တဲ့နေရာမှာ စီစဉ်ပေးပြီးတော့ လုပ်ပေးနေပါတယ်ခင်ဗျ။

မေး – တခြားထိခိုက်ဒဏ်ရာရတာ၊ ပျက်စီးတာရော ဘယ်လိုရှိလဲ။

ဖြေ- တခြားထိခိုက်တာတော့ စစ်ရှောင်စခန်းက တော်တော်လေး မိုးကာနဲ့ပဲ ကာထားတော့ ကျည်စတွေ၊ မိုင်းစတွေက ထိတော့ ထိတာနဲ့ပွဲချင်းပြီးသွားတယ်။ ပျက်စီးသွားတယ်။ အုတ်နဲ့ဆိုရင်တော့ ဘာမှမဖြစ်ဘူးထင်တယ်။

မေး – သူတို့တွေက ဘယ်ကလူတွေလဲ၊ အဲ့ဒီက စစ်ရှောင်အယောက် ၈၀ အတွက် လုံခြုံရေးကိုရော ဘယ်လို မျိုးစီစဉ်ထားလဲ။ ဘာတွေများလုပ်ပေးနေလဲရှင့်။

ဖြေ – သူတို့က မိုဆိုကျေးရွာကပေါ့၊ ဟိုတလောက အစုလိုက်မီးရှို့ခံရတဲ့ရွာက လူတွေပါ။ အဲ့ရွာကနေတဆင့် မီးရှို့ခံရတဲ့နောက်ပိုင်းမှာ ကြောက်ပြီးတော့ ဒီဘက်ကို စစ်ရှောင်လာကြတာ။ စစ်ရှောင်လာပြီး Camp မှာနေ တာမှ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ အဲ့ဒီမှာ နှစ်ပတ်မှာမှ မထင်ထားတဲ့အခြေအနေကနေ အခုလိုဖြစ်သွား တော့ သူတို့ ဘယ်သွားရမှန်းမသိ၊ ဘာလုပ်ရမှန်းမသိတွေ ဖြစ်ကုန်တာပေါ့။ အခုကလည်း မနက်ကတည်းက ဗုံးကြဲပြီးတဲ့နောက် သူတို့လည်း ကြောက်လန့်တကြားနဲ့ ထွက်ပြေးကုန်ပြီ၊ တောင်အောက်ပြေးဆင်းတဲ့လူဆင်း၊ တောင်ပေါ်ပြေးတက်တဲ့လူတက်နဲ့၊ တချို့လည်း ကြောက်လန့်ပြီး Camp နား ပြန်မလာရဲတော့တဲ့လူတွေလည်း ရှိတယ်။

မေး- လက်ရှိရော အဲ့ဒီနေရာက ဘယ်လိုရှိနေလဲ။ တိုက်ပွဲတွေထက်ဖြစ်လာမယ့် အနေအထားမျိုးလား။

ဖြေ- ဟုတ်ကဲ့ ဖရူဆိုအနေအထားနဲ့ကျတော့ တိုက်ပွဲတော့ မဖြစ်တာတော့ နှစ်ပတ်ကျော်ပြီပေါ့နော်။ နှစ်ပတ် ကျော်ထဲမှာမှ အခုလည်း ဘာမှတိုက်ပွဲလည်းမဖြစ်ပဲနဲ့ တိုက်ပွဲမရှိပဲနဲ့ ဗုံးလာကြဲသွားတယ်ဆိုတော့ ဘာကြောင့် မှန်းလည်း ကျနော်တို့မသိဘူး။ ဒီလိုကိစ္စမျိုးလည်း မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

မေး- ဒီလိုမျိုးလူထုက လုံခြုံမယ်ထင်တဲ့နေရာကို ထွက်ပြေးနေကြရင်းက အခုလို လေယာဉ်နဲ့ လာပြီးဗုံးကြဲတာ ခံရတယ်ဆိုတော့ စစ်ရှောင်တွေရဲ့ လုံခြုံရေး၊ ကရင်နီလူထုရဲ့ လုံခြုံရေးက ဘယ်လောက်အထိ စိန်ခေါ်မှုဖြစ်နေလဲ။

ဖြေ- အခုကလည်း စားနပ်ရိက္ခာပိုင်း ဆေးဝါးတွေ မလုံလောက်တဲ့အပြင် အခုလေယာဉ်ဘေးကလည်း ထပ် ကြောက်ရပြန်တော့ ကျနော်တို့ ရှေ့ဆက် စစ်ရှောင်တွေရဲ့ အရေး ပိုပြီးတော့ ခက်ခဲလာဖို့ ရှိလိမ့်မယ်လို့ ကျနော် ထင်တယ်။ ဒါက အခုလို လေယာဉ်က စစ်ရှောင်စခန်းကို ဗုံးကြဲသွားတယ်ဆိုတော့ အနီးအနားမှာ ရှိတဲ့ တခြား စစ်ရှောင်တွေလည်း ကြောက်လန့်တခြားတွေဖြစ်ကုန်ပြီ။ ဘယ်နေရာမှာလုံခြုံမလဲဆိုပြီး သူတို့လုံခြုံမယ်ထင် တဲ့ နေရာတွေကို ရွှေ့ကုန်ပြီ။ အခုက အသက်ရှင်နိုင်ဖို့ပေါ့နော်၊ သူတို့အသက်ရှင်နိုင်ဖို့က စားရေးသောက်ရေး ထက်ပိုပြီး အရေးကြီးသွားပြီ။ အသက်ရှင်နေထိုင်ဖို့အတွက် လုံခြုံဖို့အတွက်က အဓိက စိန်ခေါ်မှု တစ်ခုဖြစ် နေ တာပါ။

မေး- ပြည်သူတွေနေတဲ့ စစ်ရှောင်နေတဲ့ နေရာကို ဒီလိုမျိုးဗုံးကြဲတယ်ဆိုတာ့ ဘယ်လိုလူ့အခွင့်အရေးချိုးဖောက် မှုမျိုးကို စစ်ကောင်စီက ချိုးဖောက်တယ်လို့ ပြောလို့ရလဲ။

ဖြေ – လူ့အခွင့်အရေးကိစ္စကျတော့ ဒါက စစ်ရှောင်တွေနေတဲ့နေရာဆိုပြီးတော့မှ ကျနော်တို့ကတော့ လုံခြုံမယ်ထင်ပြီး ကျနော်တို့ သတ်မှတ်ပြီး ထားတဲ့နေရာပေါ့။ အခုလိုဖြစ်သွားတဲ့ကိစ္စ စစ်ကောင်စီက သူ့ဖက်က ဘာတာ ဝန်ယူမှု တာဝန်ခံမှုမှလည်း မရှိဘူး။ ပြီးရင် ပြည်သူတွေကို ကိုယ်လုပ်ချင်သလို လုပ်ချင်တိုင်းလုပ်မယ်ဆိုတာက လူသားမျိုးနွယ်တစ်ခုအပေါ်မှာ တန်ဖိုးမထားတဲ့ပုံစံမျိုး၊ လူသားမျိုးနွယ်တစ်ခုအပေါ်မှာ ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုပုံစံမျိုး ဖြစ်သွားတာပေါ့။ မိုဆိုကိစ္စနဲ့ ဆက်စပ်ကြည့်လိုက်ရင်လည်း အဲ့လိုသဘောမျိုး သက်ရောက်ပါတယ်ခင်ဗျ။

NMG – ပေးပို့သည်။