နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် စနိုက်ပါထိမှန်သွားတဲ့ KDF တပ်သားတစ်ဦး စိုးရိမ်ရတဲ့ အခြေအနေရှိနေ

0
180

၂၀ ဇန်နဝါရီ ၂၀၂၂

လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက် အနောက်ဘက်ခြမ်း မှုန်ပြာကနေလာတဲ့ ဘီးလူးချောင်းနား လယ်ကွင်းထဲမှာ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် KDFတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ပါထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ KDF ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။

“ဆေးရုံမှာ ကျနော်တို့ ထားထားတယ်ပေါ့နော။ ဒါပေမယ့် အခြေအနေသိပ်မကောင်းဘူး။ ပြောရမှာပေါ့နော။ သူ့ရဲ့ အသက်ရှင်ဖို့ ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းလောက်ဘဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အဆုတ်ထဲကို ကျည်ဆံသွားစိုက်နေတယ်ပေါ့နော။ သွေးလည်း မထွက်တော့ သွေးခဲနေတယ်။ အဲ့လိုမျိုးပေါ့နော။“ လို့ ကိုလင်းလင်းက ပြောပါတယ်။

ဒေါဥခူအနောက်ဘက်ခြမ်းကနေ တင့်ကားတွေ လက်နက်ကြီးပါဝင်တဲ့ အင်အား၂၀၀ လောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်နေ့) နေ့လည် ၂ နာရီလောက်မှာ KDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ၅ မိနစ်ကြာ ပစ်ခတ်ရှိခဲ့တယ်လို့ ကိုလင်းလင်းက ဆက်ပြောပါတယ်။

“တိုက်ပွဲကတော့ မဖြစ်ခဲ့ဘူး။ ကျနော်တို့ နယ်မြေရှင်းလင်းရေး ပြန်လုပ်တယ်ဆိုတာက ကျနော်တို့ ဒီဘက် ဘီလူးချောင်းလယ်ကွင်း ရေစက်ရှိတဲ့ နေရာဘက်ကို သူတို့ စစ်ကြောင်းထိုးလာတယ်ပေါ့နော။ စစ်ကြောင်းထိုးလာတော့ ကျနော်တို့ ဘက်ကနေပြီးတော့ ကင်းပြန်ယူတဲ့ သဘောမျိုးနဲ့ ကင်းပြန်ယူနေတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့က တစ်ယောက်ကနေပြီးတော့ တစ်ယောက်ကို သူတို့ လှမ်းမြင်သွားတဲ့ ပုံနဲ့တူတယ်။ အဲ့တာ လှမ်းမြင်သွားတော့ အဲ့တာသူတို့ စနိုက်ဘာနဲ့ ပစ်တဲ့ပုံနဲ့ တူတယ်။ စနိုက်ဘာထိသွားတာ ကျနော်တို့ဘက်က KDF ရဲဘော်တစ်ယောက်။“

လွိုင်ကော်မြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတွေပါအသုံးပြုပြီး တိုက်ခိုက်နေပါတယ်။ လွိုင်ကော်မြို့ပေါ်က ဒေသခံ ၈ သောင်းကျော် ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ ထိခိုက်ဒဏ်ရာရပြီး ကျဆုံးသွားသူ ၁၃ ဦးရှိသွားပြီဖြစ်သလို ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here