လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအတွင်း လူသေအလောင်း ၁၁ လောင်းအထိ တွေ့ရှိနေ

0
264

၂၁ ဇန်နဝါရီ ၂၀၂၂

လွိုင်ကော်မြို့နယ်မှာ ဇန်နဝါရီလ (၁၄ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ) လက်နက်ကျည်ထိမှန်ပြီး သေဆုံးသူတွေရဲ့ အလောင်း ၁၁ လောင်းအထိ တွေ့ရှိရတယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

“လောလောဆယ်အနေအထားကတော့ မြေမြုပ်တာ ၁၀ ယောက်လောက်ရှိပြီ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော။ အဲ့ဒီမျိုးလေးတွေ သေဆုံးတာလေးတွေ ရှိတော့ ရှိနေတာပေါ့။ ကျနော်တို့ မြေမြုပ်ပေးတယ်“ လို့ လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေမှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာတွေ သေနတ်ဒဏ်ရာနဲ့ သေဆုံးတာတွေဖြစ်ပြီး မည်သည့်အချိန်က သေဆုံးသွားတာကိုတော့ တိတိကျကျ မသိရပါဘူး။

လွိုင်ကော်မြို့အတွင်း ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာရပ်ကွက်က တစ်ဦး ၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မိုင်းလုံးရပ်ကွက်မှ နှစ်ဦး၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဒေါတမရပ်ကွက်မှ တစ်ဦး၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နမ့်ဘော်ဝမ်ရပ်ကွက်မှ တစ်ဦးနဲ့ ဒေါဥခူရပ်ကွက်မှ တစ်ဦးနဲ့ မိုင်းလုံးရပ်ကွက်မှ သုံးဦး၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဒေါဥခူရပ်ကွက်မှ နှစ်ဦး တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ အလောင်းတွေကို လူမှုကူညီရေး အသင်းအဖွဲ့ကနေပြီး မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကန္တာရဝတီတိုင်းမ်က လက်လှမ်းမှီသလောက် ပြုစုထားတဲ့စာရင်းအရ အရပ်သားသေဆုံးသူ ၂၄ ဦး ရှိနေပြီဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီက ရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်တာတွေကြောင့် လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှုရှိတဲ့အပြင် လေကြောင်းအသုံးပြုပြီးတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here