Western News မှ အယ်ချုပ်နှင့် သတင်းထောက်တို့အား တရားစွဲဆိုရန် စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးတစ်ဦး တရားရုံးတွင် ဦးတိုက်လျှောက်

0
196

၂၄ ဇန်နဝါရီ ၂၀၂၂

ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းမှ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးတို့ကို တရားစွဲဆိုရန် စစ်တပ်မှဗိုလ်မှူးတစ်ဦးက စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားကြောင်း ၎င်းသတင်းဌာန၏ လူမှုကွန်ယက်စာမျက်နှာမှ ယနေ့ (ဇန်နဝါရီလ ၂၂ ရက်) တွင် ဖော်ပြသည်။

ထိုသို့ သတင်းဌာနတာဝန်ရှိသူနှင့် သတင်းထောက်တစ်ဦးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄(က) ဖြင့် တရားစွဲဆိုနိုင်ရန် စစ်တပ်မှ ဗိုလ်မှူးဘုန်းမြတ်ကျော်က စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရကြောင်း Western News သတင်းဌာနက ဆိုသည်။

“ကျနော်တို့နဲ့နီးစပ်တဲ့ ရှေ့နေဆီကနေတဆင့်သိရတာပါ။ ဗိုလ်မှူးဘုန်းမြတ်ကျော်က တရားလိုပြုလုပ်ပြီးတော့ တရားစွဲဖို့အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။ သိရတာကတော့ မနေ့ကတည်းကသိရတာပါ။ တရားစွဲခံထားရတာမှာတော့ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနဲ့အတူ သတင်းထောက်တစ်ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်“ ဟု Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာကပြောသည်။

Western News သတင်းဌာနမှဖော်ပြခဲ့သော ပလက်ဝသတင်းနှင့်ပတ်သက်ပြီး တရားရုံးတွင် ဦးတိုက်လျှောက်ထားကြောင်းကို ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်တပ်တပ်ရင်းတစ်ခု၏တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ဆိုသော သတင်းကို Western News သတင်းဌာနမှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

သတင်းဖော်ပြမှုကြောင့် သတင်းဌာနတာဝန်ရှိသူများကို တရားစွဲရန်ပြင်ဆင်နေမှုအပေါ် “ကျနော်တို့အနေနဲ့တော့ အခုစွဲတဲ့တရားကို တရားတယ်လို့လည်းမယူဆဘူး။ ရင်ဆိုင်ပြီးတော့ ဖြေရှင်းသွားဖို့ အစီအစဉ်မရှိပါ။ အာဏာသိမ်းထားတဲ့ကာလမှာ စစ်ကောင်စီက လုပ်ချင်သလိုလုပ်နေကြတယ်။ သူတို့မကြိုက်ဘူးဆိုရင် သူတို့ရေးဆွဲထားတဲ့ဥပဒေနဲ့ တရားစွဲဆိုကြတယ်။ ဒီလိုကာလမျိုးမှာ ကျနော်တို့လုပ်ရပ်က မှန်တယ်။ သူတို့လုပ်ရပ်က မှားတယ်ဆိုပြီးတော့လည်း ရင်ဆိုင်ဖို့အစီအစဉ်မရှိပါ” ဟု Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာများကို လိုင်စင်ပိတ်သိမ်းခြင်း၊ သတင်းဌာနများအား ဝင်ရောက်ရှာဖွေခြင်း၊ သတင်းထောက်များကိုတရားစွဲဆိုခြင်း စသည့်လုပ်ရပ်များမှာ သတင်းစီးဆင်းမှု၊သတင်းကဏ္ဍအပိုင်းကို သုတ်သင်တားဆီးခြင်း၊ ဆင်ဆာဖြတ်သည့်သဘောကဲ့သို့ ရှုမြင်မိကြောင်း သတင်းစာဆရာတစ်ဦးဖြစ်သည့် ဦးမြင့်ကျော်က ပြောသည်။

“အခုလိုမျိုး သတင်းမီဒီယာတွေကို ဖမ်းဆီး၊တရားစွဲဆိုတာတွေ လုပ်ဆောင်လာတာဟာ သတင်းတစ်ပုဒ်မှာ အချက်အလက်တွေမပြည့်စုံတော့ဘူး။ ဘက်မျှမှုမရှိဘူးဖြစ်လာတယ်။ အရည်အသွေးတွေကျဆင်းလာတယ်။ ဒီလိုအဖြစ်အပျက်တွေပဲများလာတော့ အခုနောက်ပိုင်းမှာ ပြည်သူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဝါဒဖြန့်တဲ့သတင်းတွေပဲများလာတယ်“ ဟု ၎င်းကဆိုသည်။

စစ်တပ်နှင့်ပတ်သက်သည့် သတင်းရေးသားဖော်ပြခြင်းကြောင့် တရားစွဲဆိုခြင်းမှာ နောက်နောင်တွင် စစ်တပ်နှင့်ပတ်သက်သည့် သတင်းများကို ရေးသားခွင့်မပြုခြင်းသာဖြစ်သည်ဟု ဦးမြင့်ကျော်က ဆက်ပြောသည်။

Western News မှဖော်ပြခဲ့သော ပလက်ဝသတင်းတွင် အင်တာဗျုးဖြေဆိုခဲ့သည့် ပလက်ဝဒေသခံဦးတင်ထွန်းအောင်မှာလည်း လက်ရှိတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည်။

လက်ရှိ Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုစွဲဆိုထားသော ဥပဒေပုဒ်မ-၁၂၄ (က) သည် ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်သော ပုဒ်မဖြစ်သည်။

ရခိုင်အခြေစိုက် DEVELOPMENT MEDIA GROUP (DMG) သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇/၂ ဖြင့် တရားစွဲဆိုထားသည်။

ထို့အပြင် DMG သတင်းဌာနမှ ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က) တို့နှင့် အမှုဖွင့်ထားသည်။

လက်ရှိမှာ အမှုဖွင့်တရားစွဲဆိုခံထားရသည့် သတင်းသမားများမှာ တိမ်းရှောင်လျက် သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြရသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here